နိုင်ငံကာကွယ်တဲ့ သံတမန်များနဲ့ ဆန္ဒပြခံရတဲ့သံရုံးများ

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

သမိုင်းတစ်လျှောက် ပင်လယ်နဲ့ တောင်တန်းတွေ ကာဆီးထားတဲ့အတွက် တိုင်းခြားကျူးကျော်မှုကနေ အတော်လုံခြုံတဲ့ အနေအထားရှိခဲ့တယ် ဆိုတဲ့ မြန်မာ၊ မွန်၊ ရခိုင်နဲ့ ရှမ်းပဒေသရာဇ် နိုင်ငံတွေဟာ တရုတ်၊ ခမာ၊ သီဟိုဠ်၊ ထိုင်း၊ ဘင်္ဂလား၊ ပေါ်တူဂီ၊ မဏိပူရ၊ ဗြိတိသျှ စတဲ့ ကျူးကျော်မှုတွေကို ကြုံတဲ့အခါတွေ ရှိခဲ့သလို ကိုယ်က သွားပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ခေတ်တွေလည်း မနည်းခဲ့ပါဘူး။ လူမျိုးစု နိုင်ငံတွေအချင်းချင်း စစ်ခင်းလို့ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်၊ တပင်ရွှေထီး၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားတို့ရဲ့ ဟံသာဝတီသိမ်းစစ်ပွဲများ၊ မြောက်နဲ့ အရှေ့တလွှားက ရှမ်းပြည်သိမ်းစစ်ဆင်ရေးများနဲ့ ရခိုင်သိမ်းစစ်ပွဲ စတဲ့ စစ်မီးကြီး တွေလည်း လွန်ခဲ့တဲ့ အနှစ် တစ်ထောင်အတွင်းမှာ တောက်လောင်ခဲ့ပါတယ်။

ဒီလိုစစ်မီးနဲ့ ကြုံရတဲ့အခါတွေမှာ နှစ်ဖက်စစ်ပြေငြိမ်းရေးအတွက် သံတမန်တွေကို စေလွှတ်ရပါတယ်။ တစ်ခါ တရုတ်လို အင်အားကြီး နိုင်ငံတွေနဲ့ အိန္ဒိယက မဟာရာဇာတွေ၊ စူလတန်မင်းတွေနဲ့လည်း မြန်မာက သံအဆက်အသွယ် ရှိပါတယ်။ မင်းတုန်းမင်းခေတ်မှာတော့ အနောက်နိုင်ငံတွေထိ သံတမန်တွေ စေလွှတ်ပြီး မြန်မာ့ လွတ်လပ်ရေးကို ထိန်းဖို့ ကြိုးစားခဲ့ပါတယ်။ မြန်မာပြည် နိုင်ငံရေးမှာ သံတမန် တွေရဲ့ ကဏ္ဍဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း ဆက်ရှိခဲ့ပါတယ်။ ဒီထဲက အထင်ရှားဆုံးကတော့ ကူမင်တန် ကျူးကျော်မှု၊ ဘက်မလိုက်လှုပ်ရှားမှုနဲ့ စစ်အစိုးရခေတ် သံတမန်စစ်ပွဲတွေပဲ ဖြစ်ပါ တယ်။

ဂီတ စေတမန်နဲ့ ငြိမ်းချမ်းရေး မစ်ရှင်များ

မြန်မာဘက်က ပြည်ပကို ပထမဆုံး စေလွှတ်တယ်လို့ အထောက်အထားတွေ့ရတဲ့သံအဖွဲ့ကတော့ တန်မင်းဆက်ခေတ် တရုတ်ပြည်ကို စေလွှတ်တဲ့ ပျူမင်းသား သုနန္ဒရဲ့ လူ ၆ဝ ပါ သံအဖွဲ့ ဖြစ်ပါတယ်။ အေဒီ ကိုးရာစုက တရုတ်ပြည်သွား သံအဖွဲ့ပါ ပျူဂီတပညာရှင်တွေရဲ့ ဗုဒ္ဓ၏တံဆိပ်တော်၊ ကြိုးကြာငှက် လှည့်လည်ခြင်း၊ ဒေါင်းမင်းစတဲ့ သီချင်းတွေနဲ့ ကကွက်တွေကို တရုတ် ဂန္ထဝင်စာဆိုကြီး ပိုးချူအီက စာဖွဲ့စပ်ဆိုခဲ့တဲ့အတွက် အထင်အရှား ကျန်ရစ်ခဲ့ပါတယ်။

မြန်မာသမိုင်းအတွက် အထင်ရှားဆုံး သံတမန်ရေးကြိုးပမ်းမှုတစ်ခုကတော့ ၁၃ ရာစုမှာ ဖြစ်ပွားခဲ့ပါတယ်။ ပုဂံနိုင်ငံကို စေလွှတ်တဲ့ သံတွေကို သတ်ပစ်တဲ့အတွက် မွန်ဂိုကျူးကျော်မှု ကြုံရပြီး နရသီဟပတေ့မင်း ပြည်အနောက်ဘက် လှည်းကျအထိ စုန်ဆင်းထွက်ပြေးခဲ့ရပါတယ်။ ဒီစစ်မီးငြိမ်းဖို့အတွက် ရှင်ဒိသာပါမောက်ခေါ် ဦးကျည်ပွေ့က တယ်တူခေါ် ဘေကျင်းမြို့တော်အထိ သွားပြီး ခန်မင်းကြီးခေါ် ကူဘလိုင်ခန်ဆီမှာ မေတ္တာရပ်ခံပါတယ်။ မင်းကြီးနိုင်သော ပြည်ကား များလည်းများစွ ကြီးလည်းကြီးစွ။ တံပြတိတ်ပြည်ကား အငယ်တည်း ဆိုတဲ့ ရှင်ဒိသာပါမောက်ကျောက်စာပါ တောင်းပန်စကားတွေကြောင့် ပုဂံပြည်က မွန်ဂိုတပ်တွေ ပြန်ဆုတ် ပေးတယ်ဆိုပေမဲ့ ပင်းယခေတ်အထိ မွန်ဂိုကျူးကျော်မှုရန်က ရှိနေခဲ့ပါတယ်။

အင်းဝခေတ်မှာတော့ ဟံသာဝတီနဲ့ အနှစ် ၄ဝ ကြာ စစ်ခင်းခဲ့ပါတယ်။ တစ်ခါ အင်းဝကို စစ်ထိုးဖို့ တက်လာတဲ့ ရာဇာဓိရာဇ်ရဲ့ မွန်တပ်တွေကို စကြိုသူမြတ် ရဟန်းတော်ရဲ့ ဖျန်ဖြေမှုကြောင့် စစ်မထိုးဘဲ ပြန်ဆုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ တကယ်က မွန် မြန်မာ လူမျိုးစုနှစ်စုရဲ့ တိုက်ပွဲဟာ ပုဂံအလွန် ၁၃ ရာစုကနေ ကုန်းဘောင်ခေတ် ၁၈ ရာစုထိ ကြာမြင့်ခဲ့တဲ့ နယ်မြေလု ပင်လယ်ထွက်ပေါက်လုတဲ့ စစ်ပွဲကြီး ဖြစ်ပါတယ်။

ကုန်းဘောင်ခေတ် ဆင်ဖြူရှင်ခေါ် မြေဒူးမင်းလက်ထက် တရုတ်စစ်လေးကြိမ်နဲ့ ရင်ဆိုင်ရပြီး နောက်ဆုံးအချီမှာ စစ်ပြေငြိမ်းရေးအတွက် ဝန်ကြီး မဟာသီဟသူရက တာဝန်ယူပြီး ကောင်းတုံစာချုပ်နဲ့ စေ့စပ်ခဲ့ပါတယ်။ ဒါကို မကျေနပ်တဲ့ ဆင်ဖြူရှင်က မဟာသီဟသူရနဲ့ စစ်ဗိုလ်တွေရဲ့ သားမယားတွေကို ရလာတဲ့ လက်ဆောင်ပဏ္ဍာတွေ ရွက်ခိုင်းပြီး သုံးရက်နေလှန်းခိုင်းတယ်လို့ ရာဇဝင်တွေက ဖော်ပြပါတယ်။ အနှစ်တစ်ထောင်သမိုင်းတစ်လျှောက် မြန်မာအတွက် အကြီးဆုံးရန်ဟာ တရုတ်ကျူးကျော်မှု ဖြစ်လို့ တရုတ်နဲ့ သံဖလှယ်နိုင်ဖို့က အရေးကြီးတဲ့အခန်းက ရှိပြီး တရုတ်ပြည် မင်မင်းဆက် မြို့တော် နန်ကျင်းမှာလည်း မြန်မာအမတ် ခြောက်ဦးနဲ့ မြန်မာစာသင်တဲ့ ကျောင်းတွေကို ၁၅ ရာစု ကတည်းက ဖွင့်ခဲ့တယ်လို့ ဝမ်ကျဲ့နန်နဲ့ ဝမ်ခွန်ကျန်းတို့ရဲ့ တရုတ်မြန်မာ ချစ်ကြည်ရေး နှစ်ပေါင်းနှစ်ထောင် စာအုပ်က ဆိုပါတယ်။

မြန်မာအစဉ်အလာအရ တမန်၊ သံ၊ တံဆေး၊ သုံ့သေးနဲ့ မင်းစေ ဆိုတဲ့ သံငါးမျိုးမှာ တမန်က အမြင့်ဆုံးလို့လည်း သိရပါတယ်။ အဋ္ဌရသပညာ ၁၈ ပါးမှာ ကေတု သံအတမန်အတတ် ဆိုပြီး ဟိန္ဒူနဲ့ ဗုဒ္ဓစာပေတွေမှာ ဖော်ပြခဲ့တဲ့ ပညာတစ်ပါးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရှင်မဟာရဋ္ဌသာရရဲ့ သံဝရပျို့မှာ တမန်တို့လည်း၊ နှစ်ကိုယ် တကိုယ် ချစ်လိုတည့်တည့်၊ နှစ်ပြည့်တပြည် ဖြစ်စိမ့်သည်ဟု ၊ လည်လည်လျားလျား မင်းတပါးကို ၊ အကြားစပ်တတ် ကိုယ်သို့ညွှတ်မှ ဆိုပြီး စပ်ဆိုခဲ့ပါတယ်။

အနောက်တိုင်း ဉာဏ်လင်းသစ် သံတော်ကြီးများ

၁၉ ရာစုထဲ ရောက်တဲ့အခါမှာ ဗြိတိသျှ၊ ပြင်သစ်စတဲ့ အနောက်နိုင်ငံတွေနဲ့ မြန်မာဘုရင်တွေ အဆက်အဆံပိုများလာပါတယ်။ ကျော်ပုဂံ ခေါ် ဗီယက်နမ်၊ ပါးရှားခေါ် အီရန်နိုင်ငံတွေနဲ့လည်း မြန်မာသံတမန် အဆက်အသွယ် ရှိသလို တရုတ်ပြည်နဲ့လည်း ရာဇဝင် အစဉ်အလာ အတိုင်း ဆယ်နှစ်တကြိမ် လက်ဆောင်ပဏ္ဍာလဲကြတဲ့ထုံးစံက မင်းတုန်းမင်းခေတ်ထိ တည်မြဲခဲ့ပါတယ်။

ပထမနဲ့ ဒုတိယ အင်္ဂလိပ် မြန်မာစစ်ပွဲတွေ ဖြစ်အပြီး မြန်မာမင်းနိုင်ငံနယ်နိမိတ်ပိုမိုကျုံ့ဝင်လာပြီးနောက် အင်းဝနဲ့ အမရပူရ မြို့တော် တွေမှာ ဗြိတိသျှ သံကိုယ်စားလှယ် တွေ ရှိလာသလို မြန်မာဘက်ကလည်း လိုအပ်လာရင် အိန္ဒိယနဲ့ ဗြိတိန်ထိ သွားပြီး စေ့စပ်ဆွေးနွေး ရတာတွေ ရှိလာပါတယ်။ ၁၈၅၂ ခုနှစ် ဒုတိယစစ်အပြီး အသိမ်းပိုက်ခံ ရတဲ့ ပဲခူးခေါ် အောက်မြန်မာပြည် မြစ်ဝကျွန်းပေါ်နဲ့ ပဲခူးဒေသတွေ ပြန်ရဖို့အတွက် မင်းတုန်းမင်းက မကွေးမင်းကြီးကို ကာလကတ္တားလွှတ်ပြီး စေ့စပ်ခိုင်းပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၁၈၇၂ မှာတော့ ကင်းဝန်မင်းကြီးအဖွဲ့ရဲ့ ပြင်သစ်နဲ့ ဗြိတိန်ခရီးစဉ် ပေါ်ထွက်လာသလို အဲဒီခရီးစဉ်အဆက် ဦးခြိမ့်ရဲ့ အီတလီ၊ စပိန်နဲ့ ပေါ်တူဂီ ခရီးစဉ်တွေလည်း ရှိခဲ့ပါတယ်။ ဒီခရီးစဉ်တွေအတွင်း မြင်တွေ့ခဲ့တဲ့ နေရာဌာန လုပ်ငန်းဆောင်တာ လူမှုဘဝတွေကို ပြန်လည်ရေးဖွဲ့တဲ့ မှတ်တမ်းတွေဟာလည်း ပြည်ပ တိုင်းခြားမပြောနဲ့ ဗြိတိသျှအောက်က ရန်ကုန်ကိုတောင် မရောက်ဖူးကြတဲ့ မြန်မာအများစုအတွက် မျက်စိဖွင့်ပေးသလို ရှိခဲ့ ပါတယ်။

၁၈၈၅ ခုနှစ် သီပေါမင်းလက်ထက်မှာတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်အတွက် ၄၂ နှစ်အရွယ် သံချက်ဝန်ထောက် ဦးမြူကို အမြဲတမ်းသံအမတ်အဖြစ် စေလွှတ် ခန့်ထား ခဲ့ပါတယ်။ ပြင်သစ် မှာ အင်ဂျင်နီယာ ပညာသင်ခဲ့တဲ့ ဦးမြူဟာ ပါတော်မူချိန်မှာ မြန်မာထီးနန်း မဆုံးရှုံးစေရေးအတွက် ဥရောပနိုင်ငံအစိုးရတွေရဲ့ သံအမတ်တွေနဲ့ ချိတ်ဆက် ကြိုးစားခဲ့ ပေမဲ့လည်း မအောင်မြင်ဘဲ ပြင်သစ်မှာ သောင်တင်နေတဲ့ မြန်မာစစ်ပညာသင်တွေကို စုစည်းပြီး မြန်မာပြည်ပြန်ခေါ် သွားခဲ့ရတယ်လို့ ဦးသန့်က သံချက်ဝန်ထောက်နဲ့ ပါတော်မူ ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။ မြန်မာ မင်းဆက်မပြတ်ခင်မှာ ပြင်သစ်၊ ဂျာမနီနိုင်ငံတွေနဲ့ မဟာမိတ်စာချုပ်တွေလည်း ချုပ်ဆိုခဲ့ပြီး ဂျာမန် -မြန်မာစာချုပ် ကတော့ လွတ်လပ်ရေးရပြီးတဲ့အထိ ဆက်လက် တည်မြဲခဲ့ပါတယ်။

ဂျပန်ခေတ် နိုင်ငံခြားရေး အလုပ်သင်

အဲဒီနောက် အနှစ် ၅ဝ ကျော် ဗြိတိသျှလက်အောက်မှာ မြန်မာသံတမန်တွေ ဆိတ်သုဉ်းခဲ့ပါတယ်။ ၁၉၄၃ ဂျပန်ခေတ် လွတ်လပ်ရေး ရပြီး နောက်မှာတော့ ထိုင်း၊ ဂျပန်၊ မန်ချူးကိုးခေါ် မန်ချူးရီးယားနဲ့ ဂျပန် လက်အောက်ခံ ဝမ်ချိန်ဝေးရဲ့ တရုတ်ရုပ်သေးအစိုးရတွေနဲ့ မြန်မာပြည်က သံတမန်ဆက်သွယ် စေလွှတ်ဖို့ ကြိုးစားပါတယ်။ သခင်နုကို နိုင်ငံခြားရေးဝန်ကြီး၊ သခင်ဗဟိန်းကို ဒုတိယအတွင်းဝန်ခန့်ပြီး ပါတော်မူ ပြီးနောက် ပထမဆုံး မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီဝန်ကြီးရဲ့ အလုပ်ဟာ ဂျပန်နဲ့ နီးစပ်တဲ့ နိုင်ငံခြားအစိုးရတွေဆီ စာပို့တာနဲ့ အခမ်းအနားတက်တာပဲ ရှိတယ်လို့လည်း သခင်နုက ငါးနှစ်ရာသီဗမာပြည် စာအုပ်မှာ ရင်ဖွင့်ခဲ့ပါတယ်။

တခြားဘက်မှာတော့ ပထမဆုံး မြန်မာသံအမတ်အဖြစ် ဂျပန်ကို ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာသိန်းမောင်သွားပြီး လက်ရှိ မြန်မာသံရုံး နေရာကို ဝယ်ယူ ဖွင့်လှစ် ခဲ့ပါတယ်။ စစ်ပြီးခေတ် ဂျပန် လက်နက်ချ ပြီးနောက် ဒေါက်တာသိန်းမောင် အဖမ်းခံရပြီး မြန်မာပြည်ပြန်ပို့ချိန် မှာ သင်္ဘောပေါ်မှာ ကွယ်လွန်ခဲ့ပါတယ်။ စစ်သံမှူး ဗိုလ်မှူးကြီးစကြာနဲ့ မြန်မာစစ်ပညာသင်တွေကတော့ ဂျပန်ကို တော်လှန်တဲ့ ဗမာ့ မျိုးချစ် တပ်မတော်သားတွေ ဖြစ်လို့ မဟာမိတ်အဖမ်း မခံရဘဲ မြန်မာပြည် ပြန်ပို့ ပေးခံရပါတယ်။

ဂျပန်ခေတ်အဓိပတိ ဒေါက်တာဘမော်နဲ့ မသင့်မြတ်လို့ မန်ချူးကိုးနဲ့ တရုတ်ကို သံအမတ်အဖြစ် စေလွှတ်ခံရတဲ့ သခင်ဗစိန်နဲ့ သခင် ထွန်းအုပ် ဝန်ကြီးနှစ်ယောက်ကတော့ စင်္ကာပူနဲ့ ဂျားဗားကျွန်းမှာ သောင်တင်နေခဲပြီး စစ်ပြီးမှ မြန်မာပြည် ပြန်လာခွင့်ရခဲ့ပါတယ်။ ဒါကြောင့် မတည့်တဲ့သူကို သံအမတ်ရာထူးပေးပြီး ပ,ထုတ်တဲ့ ယဉ်ကျေးမှု ဟာ ဂျပန်ခေတ်ကတည်းက စတယ်လို့ ပြောနိုင်ပါတယ်။

လွတ်လပ်ရေးခေတ်သံအမတ်များ

၁၉၄၇ မြန်မာပြည် လွတ်လပ်ရေး မရခင်မှာဘဲ နိုင်ငံခြားရေး ဌာနကို ဖွဲ့စည်းပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ပေမဲ့ တကယ်တမ်း နိုင်ငံခြားရေးရုံးကို ဖိုင်တွဲနည်း ကအစ မြေတောင်မြှောက် သင်ကြားခဲ့သူက အိုင်စီအက် ဦးတင်ထွဋ် ဖြစ်တယ်လို့ သံအမတ်ကြီး ဦးသက်ထွန်းက နှစ် ၅ဝ မြန်မာနိုင်ငံခြားရေးဝန်ထမ်း စာတမ်းမှာ ဖော်ပြပါတယ်။ ဦးတင်ထွဋ်ကို လန်ဒန် ကို မဟာမင်းကြီးအဖြစ် ပို့ဖို့ ရှိပေမယ့် ဗိုလ်ချုပ်တို့ လုပ်ကြံမှု ဖြစ်ပြီးနောက် သူ ဝန်ကြီးအဖြစ် အစိုးရမှာ တာဝန်ယူခဲ့ရပါတယ်။

တကယ်က နယူးဒေလီ၊ ကရာချိ ၊ လန်ဒန်၊ နန်ကျင်း နဲ့ ဝါရှင်တန် ဒီစီဆိုတဲ့ ငါးနေရာကို လွတ်လပ်ရေး မရခင်ကတည်းက မဟာမင်းကြီးတွေ စေလွှတ်ပြီး ခန့်အပ် ခဲ့ပါတယ်။ ဦးဝင်း၊ ဦးဖေခင်၊ ဆာမောင်ကြီး၊ ဦးမြင့်သိန်းနဲ့ ဦးစိုးညွန့်တို့ဟာ လွတ်လပ်ရေးခေတ်ရဲ့ ပထမဆုံး သံအမတ်ကြီးတွေ ဖြစ်လာပြီး ဘန်ကောက်၊ ပဲရစ် စတဲ့ မြို့တော်တွေမှာလည်း မြန်မာသံရုံးတွေ ပေါ်ပေါက်လာပါတယ်။ ဒီသံအမတ်ကြီး အများစုဟာ ပညာတတ်နဲ့ အရာရှိဟောင်းတွေ ဖြစ်ကြပြီး ဆာမောင်ကြီးကတော့ နိုင်ငံရေး ဝါရင့်တဲ့ ဝန်ကြီးဟောင်း ဖြစ်ပါတယ်။

၁၉၅ဝ ပြည့်လွန်နှစ်တွေအတွင်း အိုင်စီအက်ခေါ် ဗြိတိသျှခေတ်လက်ကျန် အရာရှိကြီးတွေကို သံအမတ်အဖြစ် စေလွှတ်တာတွေ ရှိလာပါတယ်။ မြန်မာအိုင်စီအက်တွေဟာ အုပ်ချုပ်ရေးကျွမ်းပေမဲ့ နိုင်ငံရေးမှာတော့ အိန္ဒိယက အိုင်စီအက်တွေလောက် မထူးချွန်ဘူးလို့ ခေတ်ပြိုင်တွေက ဝေဖန်ခဲ့ကြပါတယ်။ ဒါကြောင့် နိုင်ငံခြားရေး ဌာနမှာ ဦးကြင်၊ ဦးကာစီ၊ ဦးလှမောင် စတဲ့ အိုင်စီအက် သံအမတ်ကြီးတွေ ရှိပေမဲ့ အီးကဖေး ဦးညွန့်ခေါ် ကုလသမဂ္ဂ အာရှနဲ့ အရှေ့ဖျား စီးပွားရေးကော်မရှင်ရဲ့ အမှုဆောင် အတွင်းဝန် အဖြစ် ၁၄ နှစ်လုပ်ခဲ့တဲ့ ဦးညွန့်တစ်ယောက်ပဲ နိုင်ငံတကာသိ မြန်မာအရာရှိအဖြစ် ဦးသန့်ရှေ့မှာ ထင်ထင်ရှားရှား ရှိခဲ့ပါတယ်။

ဦးဝင်း ၊ ဦးဖေခင်၊ ဦးအုန်းစတဲ့ လွတ်လပ်ရေးခေတ် နိုင်ငံရေးသမားတွေ ဝန်ကြီးနဲ့ သံအမတ်၊ အစိုးရ အကြံပေး စတဲ့ရာထူးတွေမှာ ကျင်လည်ခဲ့ကြပုံကတော့ အမေရိကန် လွတ်လပ်ရေးရစက သောမတ် ဂျက်ဖာဆန်လို နိုင်ငံရေးခေါင်းဆောင်ကို ပြင်သစ်ကို သံအမတ်အဖြစ် စေလွှတ်တဲ့ပုံစံ ဖြစ်ပါတယ်။ မြန်မာပြည် အတွက် အရေးကြီးတဲ့ အိန္ဒိယ၊ တရုတ်၊ ဗြိတိန်၊ ဆိုဗီယက်ရုရှားနိုင်ငံတွေမှာ နိုင်ငံရေးခေါင်းဆောင်တွေကို သံအဖြစ် စေလွှတ်ပြီး ရင်းနှီးမှု ယူစေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးအဖြစ် လွတ်လပ်စမှာ အကြာဆုံး တာဝန်ယူခဲ့သူက ကိန်းဘရစ်တက္ကသိုလ်ထွက် မိုးမိတ်စော်ဘွား စဝ်ခွန်ချို ဖြစ်ပြီး ရှမ်းပြည်နယ်ဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ်တာဝန်တွေကိုပါ ပူးတွဲယူခဲ့ပါတယ်။ ဌာနကို မောင်းနှင်သူတွေကတော့ ဂျိမ်းဘာရင်တန်၊ ဦးထွန်းရှိန်၊ ဦးအုန်းခင်နဲ့ ဦးစိုးတင် စတဲ့ အရာရှိကြီးတွေ ဖြစ်ကြ ပါတယ်။ သီလသမာဓိနဲ့ ပြည့်စုံသူတွေဖြစ်ကြတဲ့အတွက် ၁၉၈၈ ဦးနုစင်ပြိုင်အစိုးရမှာ ပါဝင်ဖို့ ဦးအုန်းခင်နဲ့ ဦးစိုးတင်ကို လူထုက အဆိုပြုကြတယ်လို့ သံအမတ်ကြီး ဦးသက်ထွန်းက ရေးခဲ့ပါတယ်။

နောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ နေရူးတို့ ဒေလီမှာ တွေ့ဆုံ သဘောတူခဲ့တဲ့ နိုင်ငံပြန်လည်ထူထောင်ရေးအတွက် စစ်အုပ်စုတွေထဲ မပါဘဲ ငြိမ်းချမ်းစွာ နေထိုင်ရေးမူဟာ လွတ်လပ်ရေးရပြီးနောက် အာရှ အာဖရိကနိုင်ငံတွေအတွက် စစ်အေးတိုက်ပွဲ ဂယက်က လွတ်အောင် နေဖို့ လမ်းတစ်သွယ် ဖြစ်လာခဲ့ပါတယ်။ ဦးနု၊ နေရူး၊ ချူအင်လိုင်း၊ ဆိုကာနို၊ တီးတိုးနဲ့ နာဆာ စတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကြား သဘောတူထူထောင်ခဲ့တဲ့ ဘက်မလိုက်လှုပ်ရှားမှုဟာလည်း မြန်မာအပါအဝင် တတိယကြားနေအုပ်စု နိုင်ငံအတွက် စင်မြင့် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် လွတ်လပ်စမှာ တရုတ်ဖြူကျူးကျော်မှုရန်နဲ့ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ လွတ်လပ်တက်ကြွတဲ့ နိုင်ငံခြားရေးဝါဒကို ကျင့်သုံးပြီး အပြင်က စစ်မီးမဟပ်မိအောင် ကြိုးစားတိမ်းရှောင်ခဲ့ပါတယ်။

တံခါးပိတ်ခေတ်က စစ်ဗိုလ်သံအမတ်များ

၁၉၆၁ မှာ ကုလသမဂ္ဂ အတွင်းဝန်ချုပ်ရာထူးကို မြန်မာပြည်က သံအမတ်ဦးသန့် အရွေးခံရပြီး ကိုလိုနီစနစ် တိုက်ဖျက်ရေးကောင်စီဥက္ကဋ္ဌကလည်း မြန်မာပြည်က နယူး ဘားမားသတင်းစာ အယ်ဒီတာဟောင်း ဦးတင်မောင် ဖြစ်ပါတယ်။ ပထစပါတီ ခေါင်းဆောင်တွေထဲက ဒေါ်ခင်ကြည်ကိုလည်း ပထမဆုံး အမျိုးသမီးသံအမတ်အဖြစ် အိန္ဒိယကို စေလွှတ်ခဲ့ပါတယ်။ နောက်တနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာပြည်ရဲ့ လွတ်လပ်တက်ကြွတဲ့ နိုင်ငံခြားရေးမူဟာ မတက်ကြွတော့ဘဲ ငြိမ်ကျသွားသလို တရုတ်ဗမာအဓိကရုဏ်းအပြီး အိမ်နီးချင်း တရုတ်ပြည်က တပ်တွေ ဝင်အကျူးကျော်ခံရတဲ့အထိ သံတမန်ရေးမှာ အထိနာခဲ့ပါတယ်။

ဒေသတွင်းက ဗီယက်နမ်၊ လော၊ ကမ္ဘောဒီးယား သုံးနိုင်ငံမှာ အမေရိကန်၊ ဆိုဗီယက်နဲ့ တရုတ်တို့ ဝင်စွက်ဖက်တဲ့ စစ်ပွဲကြီး အနှစ် ၂ဝ နီးပါး ဖြစ်ခဲ့တဲ့အတွက် တံခါးပိတ် နိုင်ငံခြားရေးမူက ပိုကြီးစိုးလာပါတယ်။ ဘက်မလိုက်အဖွဲ့က ထွက်ခဲ့သလို ကွန်မြူနစ် ဆန့်ကျင်ရေးအတွက် ဖွဲ့ခဲ့တဲ့ အာဆီယံအုပ်စုမှာလည်း မပါဘဲ နေခဲ့ပါတယ်။ ဆိုဗီယက်ပုံစံ ဆိုရှယ်လစ်နိုင်ငံရေးစနစ်မှာ တပ်ရဲ့ လွှမ်းမိုးမှုကြောင့်လည်း ကမ္ဘာ့အမြင်က ပိုပြီး ကျဉ်းမြောင်းလာပါတယ်။ ဒါကြောင့် ၁၉၆ဝ ကျော်က နိုင်ငံတကာမှာ ရိုက်ခတ်ခဲ့တဲ့ အသားအရောင်နဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး၊ ကျားမတန်းတူရေး၊ မသန်စွမ်းနဲ့ ကလေး လူငယ် အခွင့်အရေး လှုပ်ရှားမှုတွေ မြန်မာပြည်ကို အနှစ် ၅ဝ လောက် နောက်ကျမှ ရောက်လာခဲ့ပါတယ်။

နောက် ၁၉၆၁ က စပြီး အလုပ်ဖြုတ်ခံရတဲ့ စစ်ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေကို သံအမတ်ခန့် အဝေးနှင်တဲ့ထုံးစံဟာ မြန်မာပြည်မှာ တွင်ကျယ်လာပါတယ်။ နောက် နိုင်ငံရေး ခေတ် လက်ကျန် ဝန်ကြီးဟောင်းတွေကို သံအမတ်ရာထူးပေးပြီး ချွေးသိပ်တဲ့စနစ်ကလည်း ရှိလာပါတယ်။ တကယ်တမ်းမှာတော့ မြန်မာပြည် အုပ်ချုပ်ရေး စနစ်မှာ စစ်ဗိုလ်တွေ ဝင်စွက်ဖက်လာတဲ့ခေတ်ဖြစ်လို့ နိုင်ငံခြားရေးရုံးက ရာထူးအဆင့်ဆင့်မှာလည်း တပ်မျိုးနွယ်တွေ နေရာယူလာတာဟာ ၁၉၆၂ နောက်ပိုင်းက စတယ် လို့ အဝေးရောက်သံတမန်တဦးက ရေးပါတယ်။

၁၉၈၈ အာဏာသိမ်းပြီးနောက်မှာတော့ နိုင်ငံတကာ မျက်နှာစာမှာ စစ်အစိုးရအတွက် သံတမန်ရေး ခံစစ်အနေအထား ဖြစ်ခဲ့ပါတယ်။ ကွန်မြူနစ်သူပုန်ကို ထောက်ပံ့ခဲ့တဲ့ တရုတ်အစိုးရနဲ့ ပြန်ပေါင်းထုပ်ဖို့ ကြိုးစားရသလို အနားက အာဆီယံရဲ့ ထောက်ခံမှုရဖို့လည်း လုံးပန်းခဲ့ရပါတယ်။ ဦးနေဝင်းခေတ်က မဟာမိတ် ရုရှားကို မြန်မာ စစ်အရာရှိငယ်တွေ စေလွှတ်ပြီး နည်းပညာ သင်ယူမှုတွေလည်း များလာသလို အာဇာနည်ကုန်းမှာ ဗုံးလာခွဲသွားတဲ့ မြောက်ကိုရီးယားနဲ့တောင် စစ်ရေးအကူအညီ အတွက် သံတမန်ပြန်ဆက်တာတွေ လုပ်ခဲ့ပါတယ်။ ဒီလို ပြည်ပ ကူညီထောက်ခံမှုရဖို့အတွက် နိုင်ငံသယံဇာတတွေနဲ့ အလဲအထပ်လုပ်တယ် ဆိုပြီး အတိုက်အခံတွေက စစ်အစိုးရကို ရှုတ်ချခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံစုံက မြန်မာသံရုံးတွေဟာလည်း အတိုက်အခံတွေရဲ့ ဆန္ဒပြရာ ဆုံမှတ်တွေ ဖြစ်လာပြီး မြန်မာ့ လေကြောင်း လေယာဉ်တွေ ပြန်ပေးဆွဲ ခံရတာနဲ့ ၁၉၉၉ မှာ စွမ်းအားမြှင့် ကျောင်းသားစစ်သည်များ အဖွဲ့က ဘန်ကောက်က မြန်မာသံရုံးကို ဝင်စီးတဲ့အထိ ဖြစ်ခဲ့ ပါတယ်။

တခြားဘက်မှာလည်း ဦးနေဝင်းခေတ် ၁၉၇၈ က လုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ထွက်ပြေးတဲ့ ကိစ္စကလည်း ၁၉၉ဝ ကျော်မှာ တစ်ကျော့ပြန် ဖြစ်လာပါတယ်။ ဒီပြဿနာက ၂ဝ၁၂ တံခါးဖွင့်ပြီးနောက်မှာ ပိုဆိုးလာပြီး ၂ဝ၁၇ မှာတော့ သိန်းနဲ့ချီ ထွက်ပြေးရတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ ဒီအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံးအထိ ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီပြောင်းလဲရေးလည်း နာမည်ပျက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သံတမန်အုပ်စု

၂ဝ၁၆ ကနေ ၂ဝ၂၁ ထိ နိုင်ငံကို စစ်တပ်နဲ့ တွဲဖက်အုပ်ချုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အနှစ် ၅ဝ ကျော်အတွင်း ပထမဆုံး ရွေးကောက်ခံရတဲ့ အရပ်သား ခေါင်းဆောင် ဖြစ်ပြီး သူ့ကို ဝိုင်းဝန်းသူတွေထဲမှာ တစ်ချိန်က သံတမန်စင်မြင့်ကနေ ထိုးနှက်ခဲ့တဲ့ သံအမတ်အုပ်စု ပါလာပါတယ်။ ဦးကျော်တင့်ဆွေ၊ ဦးသောင်းထွန်း စတဲ့ ဒေါ်စုခေတ်မှာ ဓားထက်ခဲ့တဲ့ သံအမတ်ဟောင်းတွေဟာ စစ်အစိုးရအာဘော်အဖြစ် ကုလသမဂ္ဂမှာ အသုံးတော်ခံခဲ့ကြပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြုပြင် ပြောင်းလဲရေး ရထားကြီးပေါ်မှာလည်း ပါလာခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ အနှစ် ၅ဝ ကျော် တံခါးပိတ်ထားချိန်အတွင်း နိုင်ငံတကာဆက်ဆံရေးနဲ့ အုပ်ချုပ်ရေး ပညာတွေကို အနောက်နိုင်ငံတွေမှာ သင်ယူပြီး လက်တွေ့အသုံးချခွင့်ရသူ လူနည်းစုထဲမှာ ဒီသံအမတ်တွေ ပါနေတဲ့အတွက် အရပ်သားခေါင်းဆောင်က ထုတ်သုံးတာ လို့လည်း ယူဆသလို အရင် စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ မကင်းသူတွေအဖြစ် သံသယမျက်လုံးနဲ့ စောင့်ကြည့်သူတွေလည်း ရှိခဲ့ပါတယ်။

၂ဝ၁၉ အိုင်စီဂျေ ခုံရုံးမှာ တရားရင်ဆိုင်ရချိန်ကစပြီး ဒီသံအမတ်အုပ်စုရဲ့ သြဇာက ပိုကြီးလာကာ NLD အစိုးရထဲက အစိုးရခွဲတစ်ခုလိုမျိုး ဖြစ်လာပါတယ်။ အင်ဒိုနီးရှားမှာ ဆူဟာတိုခေတ်က ဘာကလေမားဖီးယားခေါ် အမေရိကန် ဘာကလေတက္ကသိုလ်က ပညာတတ်တွေ တွင်ကျယ်သလို မိုဖာလို့ ခေါ်တဲ့ မြန်မာ နိုင်ငံခြားရေးရုံးက အရာရှိ ဟောင်းတွေက နိုင်ငံတကာနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံနည်းတဲ့ အရပ်သား ခေါင်းဆောင်တွေကြားမှာ ကြီးစိုးခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှုတွေကြောင့် တရားရင်ဆိုင်ရချိန်မှာ သူတို့က သံတမန်ရေး ခံစစ်မှာ ခေါင်းဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အိုင်စီဂျေတိုက်ပွဲကြောင့် အနောက်အုပ်စုနဲ့ NLD ကြားက အားကောင်းတဲ့ ဆက်ဆံရေးတွေ မှိန်ဖျော့ခဲ့ရပြီး နအဖခေတ်လို တရုတ်ဘက် ပြန်ယိမ်းတယ်လို့ ပြောဆိုခံခဲ့ရပါတယ်။

၂ဝ၂၁ အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာနိုင်ငံခြားရေးရုံး တခေတ်ပြောင်းပြီး ဘယ်ဘက် သစ္စာခံရမလဲ ဒွိဟနဲ့ ကြုံရပါတယ်။ အစဉ်အလာအရ တက်သမျှအစိုးရကို သစ္စာခံရတဲ့ ဝန်ထမ်းလောကတစ်ခုလုံးမှာလည်း စီဒီအမ်လှုပ်ရှားမှုကြောင့် တော်လှန်ရေးစိတ်ဓာတ်တွေ ဟုန်းဟုန်းထနေပါတယ်။ ဒီအခြေအနေမှာ ကုလသမဂ္ဂသံအမတ် ဦးကျော်မိုးထွန်းက NLD ဘက် ထောက်ခံခဲ့တဲ့အတွက် အနှစ် ၅ဝ ကျော် စစ်တပ်အတွက် အကာကွယ် ဖြစ်ခဲ့ကာ လူမုန်းများခဲ့တဲ့ သံတမန်လောကမှာ သူရဲကောင်းအဖြစ် ပထမဆုံး အများပြည်သူ လေးစားခံရသူ ဖြစ်လာပါတယ်။ အဲဒီနောက် လန်ဒန်က မြန်မာသံအမတ်ရဲ့ နိုင်ငံရေးအကွဲအပြဲမှာ ကြားဝင်မယ်ဆိုတဲ့ ရပ်တည်မှု ပေါ်လာပြီး နေပြည်တော် စစ်ကောင်စီကနေ သူ့ကို ရာထူးက ထုတ်ပယ်တာလည်း ဖြစ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လက်ထက် သံတမန်အဖြစ် နိုင်ငံရေးသမားနဲ့ မျက်နှာသစ်တွေကို ထုတ်မသုံးဘဲ စစ်ဗိုလ်ဟောင်းတွေနဲ့ သံ၀န်ထမ်းတွေကို ဆက်သုံးလို့ ခုလို အကျပ်အတည်းမှာ သံအမတ်တွေက NLD ဘက် မလိုက်ရဲဘဲ ကြားထိုင်တာတွေ ဖြစ်ကုန်တယ် လို့လည်း ဝေဖန်ခံရပါတယ်။ လတ်တလော မြန်မာပြည် နိုင်ငံရေးဟာ လှိုင်းလှေကြားက လှေငယ်လို အလူးအလွန့်များသလို နိုင်ငံတကာက မြန်မာသံရုံးတွေကလည်း လှိုင်းပုတ်ခံရတဲ့ ဗေဒါပင်တွေ ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးမုန်တိုင်း ငြိမ်သွားချိန်မှာ မြန်မာပြည်ရဲ့ နိုင်ငံခြားရေးမူ ဘယ်လို ဖြစ်မလဲ မသိနိုင်သလို နောက်သုံးလအတွင်း ဘယ်လိုအစိုးရတွေ ပေါ်လာမလဲ၊ ဘယ်နိုင်ငံက ဘယ်အစိုးရကို အသိအမှတ်ပြုမလဲ ဆိုတာတွေကလည်း တိမ်တောင်သဖွယ် မင်းရေးကျယ် ဖြစ်နေပါတယ်။ သေချာတာကတော့ မြန်မာသံတမန်တွေနဲ့ မြန်မာပြည်သူတွေဟာ နိုင်ငံရေးရဲ့ သားကောင်ဘဝမှာ အိပ်မက်ဆိုးနဲ့ မတည်ငြိမ်မှုတွေကို လချီပြီး ရင်ဆိုင်နေရမှာပဲ ဖြစ်ပါတယ်။