ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆက်သွယ်ရေးဂြိုဟ်တု Myanmar Sat-2 ကို သြဂုတ် ၃ ရက်မှာ လွှတ်တင်မယ်
မြန်မာအစိုးရပိုင် ဆက်သွယ်ရေးဂြိုဟ်တု Myanmar Sat -2 ကို တောင်အမေရိကတိုက်ထဲက အီကွေတာနဲ့ တည့်တည့်ကျတဲ့ ဂိုင်ယားနားနိုင်ငံ (Guyana)၊ ကော်ရိုး (Kourou) ဆိုတဲ့ ကမ်းခြေမြို့လေးက Arianespace ဂြိုဟ်တု လွှတ်တင်ရေးစခန်းကနေ သြဂုတ်လ ၃ ရက်မှာ လွှတ်တင်တော့မှာ ဖြစ်ပါတယ်။
Myanmar Sat -2 ကို အမြင့် ကီလိုမီတာ ၃ သောင်း ၆ ထောင်ကို လွှတ်တင်မှာဖြစ်ပြီး ဆက်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေ ပိုမိုဖမ်းယူနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
"ဒီဆက်သွယ်ရေးဂြိုဟ်တုက အာကာသ တည်ငြိမ်ပတ်လမ်းပေါ်မှာ စူးရှတဲ့ပုံမျိုး အောက်ကိုထိုးချထားမှာဆိုတော့ ဖမ်းယူရရှိမှုအား ပိုကောင်းမှာ သေချာပါတယ်" လို့ သတင်းအချက်အလက်နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောပါတယ်။
"အထူးသဖြင့် ဆက်သွယ်ရေးပေါ့၊ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အဆက်အသွယ် အရင်တစ်ခုထက်ပိုကောင်းမယ်၊ ရရှိမယ့် ကွာလတီက ပိုကောင်းမယ်၊ speed တွေ ပိုကောင်းလာမယ်၊ နည်းပညာပိုင်းလည်း အဆင့်မြှင့်ထားတယ်" လို့ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ဆက်ပြောပါတယ်။
Myanmar Sat -2 ကို အမေရိကန်ဒေါ်လာ ၁၅၅.၇ သန်းနဲ့ ဝယ်ယူမှာဖြစ်ပြီး ဂြိုဟ်တုသက်တမ်းအပြည့် ၁၅ နှစ်အထိ ပိုင်ဆိုင်အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။
အခု လွှတ်တင်မယ့် ဆက်သွယ်ရေးဂြိုဟ်တု Myanmar Sat-2 အတွက် International Telecommunications Satellite Organization က လွှတ်တင်မယ့် Intelsat 39 ဂြိုဟ်တုကို မြန်မာနိုင်ငံက တစိတ်တပိုင်း ဝယ်ယူတာမို့ မြန်မာဘက်က အချိုးကျ ပိုင်ဆိုင်မှုပဲ ရမှာဖြစ်ပါတယ်။
ဒီဂြိုဟ်တုကို အစက ဇူလိုင်လ ၂၅ ရက်နေ့ လွှတ်တင်ဖို့ စီစဉ်ထားပေမယ့် စစ်ဆေးမှုတချို့ကြောင့် ရက်အနည်းငယ် ရွှေ့ဆိုင်းခဲ့ရပါတယ်။
"ဇူလိုင် ၁၀ ရက်နေ့က ဂိုင်ယားနားမှာ လွှတ်တင်မယ့် အာရပ်စော်ဘွားများနိုင်ငံရဲ့ ဂြိုဟ်တုက ပျက်ကျခဲ့တယ်၊ ဒါကြောင့်မို့ လွှတ်တင်ဖို့ရှိနေတဲ့ ဂြိုဟ်တုတွေကို ထပ်မံစစ်ဆေးဖို့ ယာယီ ရွှေ့ဆိုင်းခဲ့ရတာပါ" လို့ သတင်းအချက်အလက်နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက ပြောပါတယ်။
"အခုတော့ စစ်ဆေးမှုတွေပြီးသွားပြီ ဖြစ်လို့ Myanmar Sat -2 ကို ဂိုင်ယားနားစံတော်ချိန် သြဂုတ် ၂ ရက်နေ့ ညနေ ၄ နာရီခွဲ၊ မြန်မာစံတော်ချိန် သြဂုတ်လ ၃ ရက်နေ့ မနက် ၃ နာရီလောက်မှာ လွှတ်တင်ဖို့ ယာယီအကြောင်းကြားထားတယ်" လို့ သတင်းအချက်အလက်နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ဘီဘီစီကို ပြောပါတယ်။
ဆက်သွယ်ရေးဂြိုဟ်တုနဲ့ မြန်မာအစိုးရခြေလှမ်း
မြန်မာအစိုးရဟာ ၂၀၁၆ မေလထဲမှာ ဆက်သွယ်ရေးဂြိုဟ်တု Myanmar Sat-1 ကို လွှတ်တင်ခဲ့ပါတယ်။
အခု ထပ်လွှတ်တင်မယ့် Myanmar Sat-2 ကတော့ နည်းပညာပိုင်းဆိုင်ရာ ပိုမိုအဆင့်မြှင့်ထားပါတယ်။
"Myanmar Sat-1 က အပေါ်ရောက်ပြီးသား ဂြိုဟ်တုကို သူတို့ဂြိုဟ်တုထဲကမှ နှစ်ရှည်ငှားရမ်းပြီးတော့ လုပ်ဆောင်နေတာဖြစ်တယ်၊ Myanmar Sat-2 ကတော့ ကိုယ်တိုင်ပိုင်ဆိုင်တယ်၊ တစ်ခုလုံးကို ကိုယ်တိုင်အသုံးပြုခွင့်ရှိတယ်" လို့ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောပါတယ်။
NLD အစိုးရဟာ အနာဂတ်ဂြိုဟ်တုပိုင်ဆိုင်ရေး မျှော်လင့်ချက်တွေ ရှိနေပြီး ဒုသမ္မတ (၁) ဦးမြင့်ဆွေ ကိုယ်တိုင် ဦးဆောင်ထားတဲ့ မြန်မာနိုင်ငံ ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီကို ၂၀၁၇ ခုနှစ်ထဲမှာ ဖွဲ့စည်းခဲ့ပါတယ်။
"ကိုယ်ပိုင်ဂြိုဟ်တု ပိုင်ဆိုင်ရေး အဆင့် ၃ ဆင့်နဲ့ လုပ်ဆောင်နေတာပါ၊ ပထမအဆင့်က Myanmar Sat-1၊ ဒုတိယအဆင့်က Myanmar Sat-2၊ တတိယအဆင့်က အလုံးစုံပိုင်ဆိုင်တဲ့ ကိုယ်ပိုင် ဂြိုဟ်တုပါ" လို့ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောပါတယ်။
အလုံးစုံပိုင်ဆိုင်တဲ့ ဂြိုဟ်တုဆိုတာကတော့ ပုံရိပ်ဖမ်း အနိမ့်ပျံမြေပြင် စူးစမ်းလေ့လာရေး ဂြိုဟ်တု (Earth Observation Satellite) ဖြစ်ပြီး မြေပြင်က အချက်အလက်တွေကို အာကာသထဲကနေ ပုံရိပ်ဖမ်းယူမှာပါ။
"နိုင်ငံတွင်းက ဓာတ်သတ္တုတွင်းထွက်ရှိနိုင်တဲ့ နေရာတွေအပါအဝင် သစ်တော၊ ဆည်မြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်တွေနဲ့ နယ်စပ်လုံခြုံရေး အခြေအနေတွေကို ပုံရိပ်ဖမ်းယူနိုင်ဖို့ ရည်ရွယ်တယ်" လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဂြိုဟ်တု ဆက်သွယ်ရေးဌာနက ဘီဘီစီကို ပြောထားပါတယ်။
ပုံရိပ်ဖမ်းကိုယ်ပိုင်ဂြိုဟ်တု
လတ်တလောမှာ မြန်မာအစိုးရဟာ ရုပ်မြင်သံကြားလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ အတွက် ရည်ရွယ်ထားတဲ့ ဆက်သွယ်ရေး ဂြိုဟ်တုတွေပဲ လွှတ်တင်ထားနိုင်တဲ့ အဆင့်ပဲ ရှိပြီး ပုံရိပ်အချက်အလက်တွေကိုတော့ ဂျပန်အပါအဝင် ပြည်ပနိုင်ငံတွေကနေ ဝယ်ယူနေရတာပါ။
ဒါ့ကြောင့် ပုံရိပ်ဖမ်းကိုယ်ပိုင်ဂြိုဟ်တုကို လာမယ့်၂၀၂၀ ဒီဇင်ဘာမှာ လွှတ်တင်ဖို့ စီစဉ်နေတယ်လို့ ဂြိုဟ်တု ဆက်သွယ်ရေးဌာနက ပြောပါတယ်။
ပုံရိပ်ဖမ်းဂြိုဟ်တုကိုတော့ ၂ လုံးလွှတ်တင်မှာ ဖြစ်ပြီး ပထမဆုံးဂြိုဟ်တုကိုတော့ နိုင်ငံတကာ အာကာသစခန်း International Space Centre ကနေ မြေပြင်ကနေ ကီလိုမီတာအမြင့် ၄,၈၀၀ ကျော်မှာ လွှတ်တင်မှာပါ။
ဒုတိယအလုံးကိုတော့ ဂျပန်အစိုးရရဲ့ နည်းပညာ အကူအညီနဲ့ မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖို့ရှိနေပါတယ်။
ဂြိုဟ်တု ထိန်းချုပ်ရေးစခန်းကိုတော့ မိတ္ထီလာက မြန်မာ့လေကြောင်းနဲ့ အာကာသပညာ တက္ကသိုလ်မှာ ထားရှိမှာလည်း ဖြစ်ပါတယ်။
ကိုယ်ပိုင်ဂြိုဟ်တုတွေ ပိုင်ဆိုင်ဖို့အထိ လုပ်ဆောင်နေတဲ့ မြန်မာ အစိုးရအဖို့ကတော့ ကိုယ်ပိုင် ဂြိုဟ်တု ထိန်းချုပ်ရေးစခန်းတည်ဆောက်ပြီး နိုင်ငံတွင်း နည်းပညာအချက်အလက်တွေအပါအဝင် သဘာဝဓာတ်သတ္တုကြောတွေ၊ ကျောက်တွေ၊ ရွှေကြောတွေ စတဲ့ သတ္တုတူးဖော်မှုလို အရေးကြီးတဲ့ အချက်အလက်တွေကို စမ်းသပ်နိုင်ဖို့ ရည်မှန်းချက်ကြီးကြီးထား လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။