မနက်ခင်းအိပ်ရာခင်းပေါ်က အဖြေဟာ သတို့သမီးအတွက် စီရင်ချက်

- ရေးသားသူ, မက်ဂါလန်ဇယ်နာရော့
- ရာထူးတာဝန်, ဘီဘီစီ
"မင်္ဂလာပွဲလည်း ပြီးရော သူက ကျွန်မရှေ့မှာပဲ အဝတ်အစားတွေစချွတ်တော့ ကျွန်မကြောက်နေမိတယ်"လို့ အယ်လ်မီရာ က ပြန်ပြောပါတယ်။ အယ်လ်မီရာဆိုတာ သူ့နာမည်ရင်း မဟုတ်ပါဘူး။ ဒီမှာတော့ သူ့ကို အဲဒီလိုပဲ ခေါ်ကြပါစို့။
"လက်ထပ်ပြီးရင် ဒါကို ကြုံရမှာပဲဆိုတာ ကျွန်မကိုယ်ကျွန်မ ဘယ်လောက်ပဲ ဖျောင်းဖျဖျ မရပါဘူး။ ကျွန်မဘယ်လိုမှ စိတ်မသက်သာဘူး။ အဲဒီအချိန် ကျွန်မတွေးနေမိတာက ငါလည်း ဒါဆို အဝတ်အစားတွေ ချွတ်ရတော့ မှာပေါ့ ဆိုတာပါပဲ။"
အယ်လ်မီရာဟာ အသက် ၂၇နှစ်၊ တက္ကသိုလ်က ကျောင်းပြီးစ၊ ဘာသာပြန်အလုပ်ကို လုပ်နေသူပါ။ သူ့ခင်ပွန်းကို မိဘတွေက ရွေးချယ်ပေးတာပါ။ သူကတော့ "အမေစိတ်ချမ်းသာပါစေ"ဆိုပြီး သဘောတူလိုက်တယ်လို့ ဆိုပါတယ်။
"သူက ကျွန်မတို့နဲ့ အိမ်နီးချင်းပါ။ ကျွန်မတို့ချင်း အရမ်းကွာပါတယ်။ သူက ပညာလည်းမတတ်ဘူး။ ကျွန်မတို့ကြားမှာ တူတာ ဘာမှမရှိပါဘူး" လို့ အယ်လ်မီရာက ပြန်အမှတ်တရပြောပြပါတယ်။
"ကျွန်မအစ်ကိုတွေက ကျွန်မကို သူနဲ့ မိတ်ဆက်ပေးတယ်။ သူက လူကောင်းပါလို့ ကျွန်မကို ပြောကြတယ်။ ကျွန်မ အိမ်နီးချင်းနဲ့ ယူမယ်ဆိုတော့ ကျွန်မ အမေကလည်း စိတ်ချမ်းသာတယ်။ သူ့ မျက်စိအောက်မှာရှိနေတော့ ကျွန်မဘာဖြစ်နေတယ်ဆိုတာ သူကြည့်လို့ရတာပေါ့။"
အယ်လ်မီရာကတော့ အဲဒီတုန်းက သူ အိမ်ထောင်မပြုချင်သေးဘူးလို့ သူ့အမေကို အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ သူ့အမေက အဲဒီအကြောင်း တခြားအမျိုးတွေကို ပြန်ပြောပြတော့ သူတို့တွေက အယ်လ်မီရာကို ချက်ချင်း ဝိုင်းဖိအားပေးကြတယ်လို့ ဆိုပါတယ်။ အယ်လ်မီရာ အပျိုမဟုတ်တော့ဘူးလို့ သူတို့က သံသယရှိနေကြတာပါ။ ဒါပေမယ့် တကယ်တမ်းကတော့ အယ်လ်မီရာဟာ မင်္ဂလာဦးညမှပဲ ယောက်ျားနဲ့အတူ အိပ်ဖူးတာဖြစ်ပါတယ်။
ဒါကို သိပေမယ့်လည်း သူ့ယောက်ျားက သူ့ ခံစားချက်တွေနဲ့ သူ့သိက္ခာကိုလုံးဝ ဂရုမစိုက်ခဲ့ဘူးလို့ အယ်လမီရာက ပြန်ပြောပြပါတယ်။ သူ့ကိုယ်ပေါ်အတင်းတက်ပြီး သူလိုတာကို အရယူပါတယ်။ အယ်လ်မီရာရဲ့ ခေါင်းက ခေါင်းရင်းနံရံနဲ့ သွားသွားရိုက်မိတဲ့အချိန်မှာတော့ ဘေးခန်းက နံရံကိုခေါက်သံပေါ်လာပြီး မိန်းမသံတစ်သံ ထွက်လာပါတယ်။ "ဟေး အခန်းထဲက တိတ်တိတ်နေကြစမ်း၊ ကြမ်းလှချည်လား။"
တံခါးနောက်မှာတော့ အယ်လ်မီရာရဲ့ အမေ၊ အဒေါ်နှစ်ယောက်၊ သူ့ယောက္ခမနဲ့ တခြားဆွေနီးမျိုးစပ်တော်သူ အမျိုးသမီးတစ်ယောက်တို့ ရှိနေကြပါတယ်။ အဲဒီအမျိုးသမီးက ခုနက တံခါးခေါက်ပြီး အော်လိုက်သူပါ။ ဒီလိုသူတို့ စုရုံးစောင့်ဆိုင်းနေကြတာဟာ ရှေးထုံးအရ လုပ်ရတဲ့ အစဉ်အလာပါ။ လင်မယားနှစ်ယောက် "ခန္ဓာကိုယ်ချင်း ပေါင်းစည်းကြတဲ့ အောင်မြင်မှု" ကို သူတို့က သက်သေခံကြရတာပါ။ နောက်ပြီး သတို့သမီးက အပျိုစင်စစ်မစစ်ကိုလည်း အဲဒီညမှာပဲ စမ်းသပ်စစ်ဆေးခံရတာဖြစ်ပါတယ်။
"အသံဟူသမျှ တိုးတိုးလေးကအစ ကြားနေရတယ်။ ကျွန်မ နာတာရော ရှက်တာကြောင့်ပါ တုန်ရီနေတယ်။ မင်္ဂလာဆောင်တယ်ဆိုတာ ယောက်ျားယူတယ်ဆိုတာ ဒါမျိုးကြီးလားလို့လည်း တွေးနေမိတယ်"လို့ အယ်လ်မီရာက ပြန်ပြောပြပါတယ်။
ခုနက ဆွေနီးမျိုးစပ်အမျိုးသမီးဟာ သူတို့ ဓလေ့ထုံးစံအရတော့ "အင်ဂီ" လို့ခေါ်တဲ့ လူရဲ့ တာဝန်ကို လုပ်ပေးရတာဖြစ်ပါတယ်။ အင်ဂီဆိုတာကတော့ အိမ်ထောင်ရှိ၊ အတွေ့အကြုံရှိတဲ့အမျိုးသမီး တစ်ယောက်ဖြစ်ပြီး မင်္ဂလာပွဲပြီးတာနဲ့ သတို့သား၊ သတို့သမီးတို့နဲ့အတူ သူတို့အိမ်ကို လိုက်သွားပြီး မင်္ဂလာအိပ်ခန်းဘေးမှာ တစ်ညလုံးထိုင်စောင့်ရသူပါ။
အဲဒီ အင်ဂီရဲ့ တာဝန်တစ်ခုကတော့ အတွေ့အကြုံမရှိတဲ့ သတို့သမီး အသစ်စက်စက်ကို သင်ပြညွှန်ကြားပေးဖို့ပါ။ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံမရှိသေးတဲ့ သတို့သမီးဟာ ညမှာ အိပ်ခန်းထဲကထွက်ပြေးလာရင် အင်ဂီက သူ့ကို ဆွေးနွေးသင်ပြညွှန်ကြားပေးရပါတယ်။
အင်ဂီရဲ့နောက်ထပ် တာဝန်တစ်ခုကတော့ မင်္ဂလာဦးညလွန်မြောက်ချိန် နောက်တစ်နေ့မနက်ခင်းမှာ မင်္ဂလာမောင်မယ်တို့ အိပ်ခဲ့တဲ့ အိပ်ရာရဲ့ အိပ်ရာခင်းကို ယူကြည့်တာ ဖြစ်ပါတယ်။
လျှို့ဝှက်မှုတွေနဲ့ မင်္ဂလာဦးည
မင်္ဂလာဦးညလွန် မနက်မှာ အိပ်ရာခင်းတွေယူကြည့်တာဟာ ကော့ကေးဆပ်ဒေသတွေမှာတော့ လုပ်လေ့ရှိတဲ့ ဓလေ့ထုံးစံတစ်ခုဖြစ်ပါတယ်။ အိပ်ရာခင်းမှာ သွေးစွန်းပေနေတာတွေ့ရရင် မင်္ဂလာအရာမြောက်ခဲ့တဲ သက်သေ အဖြစ် ဆွေမျိုးတွေက စိတ်ချဝမ်းမြောက်ကြပါတယ်။ သွေးစွန်းပေနေတာ တွေ့ရတဲ့အခါ နှစ်ဘက်မိသားစုတွေက မင်္ဂလာမောင်မယ်ကို ဝိုင်းပြီးချီးကျူးဂုဏ်ပြုကြပါတယ်။ အဲဒီလို တွေ့ရမှသာ မင်္ဂလာအထမြောက်ပြီး ပွဲက ပြီးပြည့်စုံသွားတယ်လို့ ယူဆကြပါတယ်။
"ဒါကြောင့်ပဲ မင်္ဂလာဦးညတွေဟာ အသိရခက်၊ လျှို့ဝှက် ထူးဆန်း နေတတ်တာပါ။ မနက်ခင်းကျရင် အိပ်ရာခင်းက ဘာတွေပြမှာလဲ" လို့ အဇာဘိုင်ဂျန်မှာ အမျိုးသမီးအခွင့်အရေးအကြောင်းလေ့လာနေတဲ့ ရှာခါလာ အစ္စမေးလ်က ပြောပါတယ်။
သွေးမတွေ့ရရင် မိန်းကလေးကို ဝိုင်းကျဉ်ပြီး "ချွတ်ယွင်းချက်ရှိတဲ့သူ" ဆိုပြီး သူ့မိဘတွေဆီပြန်ပို့ခံရနိုင်ပါတယ်။ အဲဒီလိုပြန်ပို့ခံရရင်တော့ သူ့ကို အိမ်ထောင်ပျက်လို့ မှတ်ယူကြပြီး နောက်တစ်ကြိမ် အိမ်ထာင်ပြုဖို့ အခက် တွေ့သွား နိုင်ပါတယ်။ သူ့မိဘအိမ် ပြန်ရောက်တဲ့အခါမှာလည်း မိဘကို အရှက်ရစေသူဆိုပြီး ဝိုင်းအနိုင်ကျင့်ခံရနိုင်ပါတယ်။

မင်္ဂလာဦးညကို စောင့်ကြည့်သက်သေခံကြတာ၊ မနက်ကျရင် အိပ်ရာခင်းကို စစ်ဆေး ထုတ်ပြကြတာမျိုးဟာ အဇာဘိုင်ဂျန်က ကျေးလက်ဒေသတွေမှာတော့ အခုအထိ ကျယ်ကျယ်ပြန့်ပြန့်တွေ့နေရတုန်းပဲလို့ လူ့အခွင့် အရေးလှုပ်ရှားသူတွေက ဆိုပါတယ်။
တခါတလေလည်း မင်္ဂလာဆောင်မယ့် မိန်းကလေးကို မဆောင်ခင်မှာ သူ အပျိုစစ်မစစ်ကိုလည်း အထူးကျွမ်းကျင်သူ တစ်ယောက်က စစ်ဆေးတာမျိုးလည်း လုပ်တတ်ပါသေးတယ်။
အပျိုစစ်မစစ် စစ်ဆေးတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း သံသယကြီးကြီးမားမားရှိကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ကုလသမဂ္ဂနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဒီလို စစ်ဆေးတာတွေဟာ အမျိုးသမီး တွေကို သိမ်ငယ် နှိမ်ချသလိုဖြစ်စေပြီး စိတ်သောက ဒဏ်ရာရစေတဲ့အတွက် ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီလို စစ်ဆေးတဲ့ လုပ်ရပ်ကို အနည်းဆုံး နိုင်ငံ ၂၀ လောက်မှာ လုပ်နေကြတုန်းဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဆေးသိပ္ပံပညာအရလည်း အပျိုစင် စစ်မစစ်ကို သတ်မှတ်ခွဲခြားထားတာမျိုးမရှိပဲ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးအရ စဉ်းစားတွေးခေါ်ချက်တွေမှာပဲ ရှိတာဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။
"ကြောက်တာက ရှက်တာတွေအားလုံးကို ဖုံးသွားခဲ့တယ်"
အယ်လ်မီရာအတွက်တော့ သူ့ရဲ့ မင်္ဂလာဦးည ခံစားမှုတွေကို ထိတ်လန့်ကြောက်ရွံ့မှု၊ နာကျင်မှုဝေဒနာနဲ့ ရှက်ရွံ့ရမှုတွေအဖြစ် မှတ်မိနေပါတယ်။
"ကျွန်မကိုယ့်ကိုယ်ကို ဘာမှန်းကို မသိတော့ဘူး။ ဘာမှမပြောရဲအောင်လည်း အရမ်းကြောက်နေတယ်။ တစ်ညလုံးလည်း အိပ်မရခဲ့ဘူး။ သူကတော့ ဂရုမစိုက်ပါဘူး။ သူလိုတာရပြီးတဲ့အချိန် အေးအေးဆေးဆေး အိပ်သွား တာပါပဲ။"
မနက်ရောက်တော့ သက်သေခံဖို့ ထိုင်စောင့်နေကြသူတွေအိပ်ခန်းထဲ ဝင်လာပြီး အိပ်ရာခင်းကိုလာယူကြပါတယ်။
"အဲဒီအချိန်မှာတော့ ကျွန်မဘာကိုမှ ဂရုမစိုက်တော့ဘူး။ အဲဒီလိုလာလုပ်တာ သိပ်စက်ဆုပ်ရွံ့ရှာစရာဆိုတာ ကျွန်မသိတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ညက ကြုံလိုက်ရတဲ့ ကြောက်စရာအတွေ့အကြုံက ရှက်ရမယ်ဆိုတဲ့ အသိ အားလုံးကို လွှမ်းမိုးထားတယ်" လို့ အယ်လ်မီရာက ပြောပါတယ်။
"အိပ်ရာခင်းကို သူတို့လာယူမယ်၊ စစ်ကြည့်ကြမယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမယ့် ကျွန်မသိပ်ကို လန့်နေ တုန်လှုပ်နေတော့ သူတို့ ဘယ်လိုလာချွတ်ယူသွားကြသလဲဆိုတာတောင် မမှတ်မိတော့ဘူး။"
ဒီလို ဓလေ့ထုံးတမ်းတွေဟာ အမျိုးသမီးတွေအတွက် စိတ်သောက စိတ်ဒဏ်ရာကြီးတွေ ပိုတိုးပြီး ဖြစ်လာစေတယ်လို့ စိတ်ရောဂါပညာရှင် အယ်လာဒါဂိုရီနာက ဆိုပါတယ်။
ဒီနေ့ခေတ်မှာတော့ လူတွေအိမ်ထောင်ပြုတာ နောက်ကျလာပြီး အိမ်ထောင်မပြုခင်မှာလည်း လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံအနည်းအပါးရှိလာကြပြီမို့ လူငယ်တွေအဖို့ မင်္ဂလာဦးညမှာ အိပ်ခန်းဘေးထိုင်စောင့်နေမယ့် ဆွေမျိုးတော်သူဆီက အကြံထွက်တောင်းစရာ မလိုတော့ပါဘူး။ အဲဒီတော့ အဲဒီဆွေတော်မျိုးတော်ရဲ့ တစ်ခုတည်းသောတာဝန်က သူတို့သမီး အပျိုစင်စစ်မစစ် သက်သေခံပေးဖို့လောက်ပဲ ကျန်ပါတော့တယ်။
"ဒီကနေ့အထိလည်း အင်ဂီထားတာက ပုံမှန်လုပ်ရပ်ပဲလို့ လက်ခံထားတဲ့ မိန်းကလေးတွေ အများကြီးရှိပါတယ်" လို့ ဂိုရီနာက ပြောပါတယ်။ "ဒါပေမယ့် ဒီကနေ့ မျိုးဆက်တွေကတော့ သူတို့ မိဘတွေခေတ်နဲ့မတူတဲ့ ကြီးပြင်းမှု ပုံစံတွေရှိလာတော့ သူတို့အတွက်တော့ အဲဒီဖြစ်ရပ်ဟာ စိတ်သောက ဒုက္ခ၊ ပဋိပက္ခနဲ့ ဝေဒနာခံစားရတာတွေဖြစ်ကုန်ပါတယ်။"

အဇာဘိုင်ဂျန်မှာ အရင်က နေခဲ့တဲ့ နေဂါကတော့ သူ့မင်္ဂလာဦးညမှာ အပြင်က အကြံပေး တစ်ယောက်နှစ်ယောက်လောက်သာ စောင့်နေတာမဟုတ်ပဲ တစ်ရွာလုံး ဘေးကအခန်းထဲမှာ လာစောင့်နားထောင်နေကြတယ်လို့ ပြန်ပြောပြပါတယ်။
"ကျွန်မရှက်လိုက်တာ၊ တစ်ခါမှ အဲဒီလောက်မရှက်ခဲ့ဖူးဘူး။ ဒါပေမယ့် အဲဒီတုန်းကတော့ ဒါပုံမှန် လုပ်ရိုးလုပ်စဉ်ပဲ၊ လူကြီးတွေက ပိုသိကြ နားလည်ကြပါတယ်လေလို့ပဲ မှတ်ထားလိုက်တယ်။"
အဲဒီညက သူရော သူ့ယောက်ျားပါ အတူအိပ်ဖို့ ဆန္ဒမရှိခဲ့ကြဘူးလို့ နေဂါကပြောပြပါတယ်။ သူတို့ အိပ်ခန်းအပြင်ဘက်နားမှာ လူတွေက "ကုလားထိုင်တွေရွှေ့တာ" ကြားနေရတယ်၊ "အသက်ရှုသံတွေတောင်ကြားနေရလို့ စိတ်မပါပဲ ဖြစ်ခဲ့တာ" လို့ ဆိုပါတယ်။ဒါပေမယ့် မနက်ခင်းရောက်တဲ့အခါ သူတို့ရဲ့ အိပ်ရာခင်းကိုလည်း ပြရဦးမှာတော့ ဖြစ်ပါတယ်။
အဲဒီအချိန်က နေဂါက အသက် ၁၈ နှစ်ပဲရှိပါသေးတယ်။ အခုတော့ သူအသက် ၃၀ ထဲရောက်နေပါပြီ။ အိမ်ထောင်နဲ့လည်း ကွာရှင်းပြီး မြို့တော် ဘာကူမှာ နေနေပါတယ်။ သူက သူ့အမျိုးတွေကို "လိင်စိတ်ကြောင်နေသူတွေ " လို့ ရည်ညွှန်းပြီး ပြောပါတယ်။
အမျိုးသားတွေကြီးစိုးတဲ့၊ ဦးစီးတဲ့ အသိုင်းအဝန်းမှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ဆိုတာ နှေးပါတယ်။ အချိန်ကြာတတ်ပါတယ်။
"အနီရောင်ပန်းသီးလေး"
အဇာဘိုင်ဂျန်နဲ့ အိမ်နီးချင်းအာမေးနီးယားမှာလည်း အိပ်ရာခင်းတွေကြည့်တဲ့ ဓလေ့ထုံးစံရှိပါတယ်။ ဂျော်ဂျီယာနဲ့ မြောက်ပိုင်းကော့ကေးဆပ်က ရုရှားပြည်ထောင်စုနိုင်ငံလေးတွေမှာလည်း ဒါမျိုးတွေ့ရတတ်ပါတယ်။
အာမေးနီးယားမှာတော့ အိပ်ခန်းအပြင်မှာ ထိုင်စောင့်ကြည့်တာမျိုးတော့ မရှိပါဘူး။ သူတို့ထုံးစံကတော့ "ပန်းသီးအနီလေး"လို့ ခေါ်ပါတယ်။ အိပ်ရာခင်းပေါ်က သွေးစလေးတွေကို ရည်ညွှန်းတဲ့ အသုံးအနှုန်းပါ။
မြို့တော် ယရီဗန်အပြင်ဘက် ရောက်ပြီဆိုတာနဲ့ အဲဒီ အလေ့အထမျိုး ကျင့်သုံးကြတာကို ပိုပြီး တွေ့ရတတ်ပါတယ်။
"မြို့တော်နဲ့ဝေးလေ လူနာက အခြအနေပိုဆိုးလေ ဆိုတာမျိုးပဲ။ ဒီအလေ့အထကို ပြောင်းဖို့လည်း ပိုဆန့်ကျင်ခံရလေပဲ။ တချို့ဒေသတွေမှာဆို ဒီထုံးစံကို အစွဲအလမ်းကြီးကြီးနဲ့ကို လုပ်နေကြတာ" လို့ လူ့အခွင့်အရေး လှုပ်ရှားသူ နီနာကာရာပေတီယန်က ပြောပါတယ်။

တခါတလေမှာတော့ မိဘတွေက သူတို့ရဲ့ သမီးဟာ "သန့်ရှင်းတယ်၊ အပျိုစစ်တယ်"ဆိုတာကို သက်သေထူပြဖို့ ဆွေမျိုးတွေအားလုံး၊ အိမ်နီးချင်းတွေအားလုံးကို ခေါ်ပြတာမျိုးတွေတောင်ရှိတယ်လို့ သူက ဆိုပါတယ်။
"ဒီလို မိန်းကလေးကို အရှက်ခွဲတဲ့ ထုံးစံကို တစ်ရွာလုံးက ပါဝင်ဆင်နွှဲကြတာပေါ့" လို့ ကာရာပေတီယန်က ပြောပါတယ်။
ကျေးလက်ဒေသတွေမှာဆို မိန်းကလေးတွေအသက် ၁၈ နှစ်ပြည့်တာနဲ့ အိမ်ထောင်ချပေးလိုက်တာဆိုတော့ သူတို့မှာ အလုပ်အကိုင်လည်းမရှိ၊ သက်မွေးဝမ်းကျောင်းဖို့အတွက် အရည်အချင်းလည်း မရှိကြသေးပါဘူး။ အဲဒီလို မိန်းကလေးမျိုးက "ပန်းသီးနီစာမေးပွဲ" မအောင်ဘူးဆိုရင် သူ့ကို မိဘတွေက စွန့်ပယ်လိုက်တာမျိုးတောင် ခံရနိုင်ပါတယ်။
"အဲဒီညအကြောင်း ဘယ်တော့မှ ပြန်မပြောခဲ့ကြဘူး"
တချို့အမျိုးသမီးတွေက မင်္ဂလာဦးည ကြုံရတဲ့ ဝေဒနာနဲ့ ဓလေ့ထုံးတမ်းတွေ လိုက်နာရတာမျိုးကို သိပ်အခက်အခဲမရှိ ကျော်လွှားနိုင်ကြပေမယ့် တချို့အတွက်တော့ နှစ်ပေါင်းများစွာကြာအောင် အဲဒီ စိတ်ဝေနာကို ခံစားကြရတယ်လို့ အယ်လာဒါဂိုရီနာက ဆိုပါတယ်။
"တစ်ခါက လင်မယားနှစ်ယောက်ရဲ့ မင်္ဂလာဦးညမှာ အိပ်ရာခင်းမှာ သွေးမပေဘူးဖြစ်နေတယ်။ အဲဒီ ညလယ်ခေါင်မှာပဲ ယောက်ျားဘက်က ဆွေမျိုးတွေအားလုံးက မိန်းကလေးကို ဆရာဝန်ဆီခေါ်သွားပြီး သူ အပျိုစစ်မစစ် စမ်းသပ်စစ်ဆေးခိုင်းခဲ့တယ်" လို့ ဂိုရီနာက သူသိခဲ့တာကို ပြန်ပြောပြပါတယ်။
ဒီလို မိန်းကလေးရဲ့ ပုဂ္ဂလိကဘဝထဲကို ကျူးကျော်ဝင်ရောက်တာမျိုးဟာ မိန်းကလေးအတွက် အကြမ်းဖက်ခံရသလို ခံစားရစေပြီး ရေရှည် စိတ်ဝေဒနာတွေ ခံစားသွားရစေတယ်လို့လည်း ဂိုရီနာကပြောပါတယ်။
အယ်လ်မီရာကတော့ လက်ထပ်ပြီးလို့ ခြောက်လအကြာမှာပဲ သူ့ခင်ပွန်းကွယ်လွန်သွားခဲ့ပါတယ်။
"အဲဒီခြောက်လအတွင်းမှာ ကျွန်မတို့ရဲ့ ပထမဆုံးညအကြောင်း ကျွန်မတို့ တစ်ခါမှပြန်မပြောခဲ့ကြပါဘူး" လို့ အယ်လ်မီရာက ဆိုပါတယ်။
သူ့ယောက်ျား ကွယ်လွန်ပြီးချိန် ကတည်းက သူလည်း နောက်ယောက်ျားတစ်ယောက်နဲ့မှ မတွဲဖြစ်တော့ပါဘူး။ သူ့မှာ ယောက်ျားနဲ့ ထိတွေ့ဖို့ ခက်တဲ့ စိတ်ပိုင်းဆိုင်ရာ တံတိုင်းကြီးတစ်ခုရှိနေတယ်လို့ အယ်လ်မီရာက ပြောပြပါတယ်။
"ကျွန်မ နောက်အိမ်ထောင်ပြုဖို့လည်း အဆင်သင့်ပဲ၊ နောက်တစ်ယောက်နဲ့ တွဲချင်လည်းတွဲနိုင်တာပဲ။ ဒါပေမယ့် ပြီးခဲ့တဲ့ အတွေ့အကြုံက ကျွန်မကို တားထားတယ်။ အဲဒီတုန်းက အခြေအနေမျိုးအခုကြုံရမယ်ဆိုရင် ကျွန်မယောက်ျားကိုရော အဲဒီ အပြင်က စောင့်နေကြတဲ့ မိန်းမကြီးတွေကိုပါ ကျွန်မ ဆက်ဆံပုံက အများကြီးပြောင်းလဲသွားမှာပါ။"
ဒီလို မင်္ဂလာဦးညစောင့်ကြည့်တဲ့ ထုံးစံတွေ၊ အပျိုစစ်မစစ် စစ်ဆေးတဲ့ ဓလေ့တွေဟာ တဖြေးဖြေးချင်းတော့ အတိတ်မှာ ကျန်ခဲ့စ ပြုလာနေပါပြီလို့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်က ကျွမ်းကျင်သူတွေက ပြောကြပါတယ်။
"မျိုးဆက်သစ်တွေက သူတို့အခွင့်အရေးအတွက် တိုက်ပွဲဆင်ဖို့ အသင့်ဖြစ်နေကြပြီလို့" နီနာကာရာပေတီယန်က ပြောပါတယ်။
"တချို့ မိသားစုတွေက ဒီလို ထုံးစံတွေကို လက်မခံဘူး။ မလုပ်နိုင်ဘူးဆိုပြီး ပြောလာကြတာရှိနေပြီ။ အဲဒီလူတွေဟာ တော်ကြပါတယ်။ အပြောင်းအလဲဆိုတာ သူတို့က စရတာပါပဲ" လို့ ရှာကလာအစ္စမေးလ်ကလည်း ဆိုပါတယ်။
ဓလေ့ကို တော်လှန်တဲ့ ခေတ်လူငယ်တွေ
အာရစ်နဲ့ မာလေကာ (နာမည်ရင်းတွေမဟုတ်) ဟာ အဇာဘိုင်ဂျန်က လူငယ်လင်မယားပါ။ သူတို့ဟာ လူလတ်တန်းစား မိသားစုတွေက ဖြစ်ပြီး သူတို့ကို နှစ်ဘက်ဆွေမျိုးတွေက မိတ်ဆက်ပေးခဲ့ကြပါတယ်။
ဓလေ့ထုံးတမ်းအရဆိုရင် သူတို့မင်္ဂလာဆောင်မှာ သူတို့သားနဲ့ သူတို့သမီးဟာ စားပွဲအမြင့်တစ်လုံးပေါ်မှာ သီးခြားစီခွဲပြီးထိုင်ရပါတယ်။ သူတို့စားပွဲတစ်လုံးပေါ်မှာပဲ အရက်လည်း တင်မထားပါဘူး။
ဧည့်သည် ၄၀၀ လောက်က သူတို့ရှေ့မှာ သောက်စားပျော်ရွှင် ကခုန်နေတာကို သူတို့က ကြည့်နေရပါတယ်။ သူတို့သားကလည်း သူတို့သမီးကို မနမ်းရပါဘူး။ ထုံးစံက လူရှေ့မှာ လုပ်ခွင့်မရှိပါဘူး။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ မာလေကာဟာ မျက်နှာသေကြီးနဲ့ထိုင်မနေတော့ပဲ သူ့ အမျိုးတွေအံ့အားတသင့် ဝိုင်းကြည့်နေတဲ့ကြားမှာပဲ ထပြီး ကပါတော့တယ်။
ဧည့်သည်တွေကလည်း တီးတိုးတီးတိုးနဲ့ မာလေကာဟာ အရှက်မရှိဘူးလို့ စကားတင်းဆိုကြပါတော့တယ်။ အမျိုးသမီးတစ်ယောက်ကဆို ဒါ ဒစ္စကိုမဟုတ်ဘူးလို့ လှမ်းပြောပါတယ်။
နောက်တစ်ယောက်ကလည်း သူဘာလို့ ဒါလောက်အရှက်ကင်းရတာလဲ။ သူ ငါတို့ဓလေ့ထုံးစံတွေကို လေးစားမှုမရှိဘူးလို့ ပြောပါတယ်။
သတို့သမီးက သူတို့ကို ဂရုမစိုက် အလေးမပေးဘဲ ဆွေမျိုးတွေနဲ့လည်း စကားမပြော၊ သူ့ သူငယ်ချင်းတွေနဲ့ပဲ သွားစကားပြောနေတာ၊ သတို့သားကို တခါတလေသွားပြီ နိုင်စားနေတာကို ဧည့်သည်တွေက မကျေနပ်ကြ ပါဘူး။
ဒါပေမယ့် ဒီလိုလွတ်လပ်မှုကို ပြောင်ပြောင်ရှာခဲ့တဲ့ မာလေကာတောင် ဓလေ့ထုံးစံဆိုတာကို ရှောင်လို့ မရနိုင်ပါဘူး။ မင်္ဂလာမောင်မယ်ရဲ့ ကား မင်္ဂလာအခမ်းအနားကလည်း ထွက်ခွာရော သူတို့ကားနောက်မှာ ကားတစ်စီးက ထပ်ချပ်မကွာ လိုက်သွားပါတယ်။ အဲဒီကားထဲမှာတော့ သူရာရည်ရစ်လို့ ခပ်ထွေထွေဖြစ်နေကြတဲ့ အမျိုးသမီးကြီး လေးယောက် ပါသွားပါတယ်။
အာရစ်နဲ့ မာလေကာတို့လို ခေတ်လူငယ်စုံတွဲတောင် ဒီည သူတို့ရဲ့ မင်္ဂလာဦးည သူတို့အိမ်ထဲမှာ သူတို့ချည်း သီးသန့်ရှိနေမှာ မဟုတ်ဘူးဆိုတာ သိထားကြပါတယ်။
ရုပ်ပုံသရုပ်ဖော်ချက် - မာဂါရမ်ဇေနာလော့ဗ်








