လွတ်လပ်ရေးခေတ်က လွတ်လပ်ရေးနေ့မှာ ပေးတဲ့ ဘွဲ့တံဆိပ် သင်္ဂဟ

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံပြန်တမ်း
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနေ့ကျရင် အစိုးရက ဘွဲ့တံဆိပ်တွေ ထုတ်ပြန် ချီးမြှင့်လေ့ရှိပါတယ်။ ပါဠိနာမည်ပါတဲ့ ဘွဲ့တွေကို ၂ဝ၁ဝ နောက်ပိုင်းမှာ ပြန်လည် ချီးမြှင့်လာတာ တွေ့ရပြီး အရင်စစ်အစိုးရက စစ်ဗိုလ်ချုပ်ဟောင်းတွေကိုလည်း ချီးမြှင့်တယ်လို့ သိရပါတယ်။
တကယ်က ဒီလို ပါဠိနဲ့ မြန်မာစပ်တဲ့ဘွဲ့မျိုးတွေကို ပေးဖို့ ဒုတိယကမ္ဘာစစ်အတွင်းကတည်းက မြန်မာစစ်တပ်ခေါင်းဆောင်တွေက ဂျာနယ်ကျော် ဦးချစ်မောင် စတဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ခဲ့ကြပါတယ်။ အစက ဒီဘွဲ့တွေကို စစ်ဘက်ထူးချွန်သူတွေကို ပေးဖို့ဖြစ်ပေမယ့် လွတ်လပ်ပြီးနောက်ပိုင်းမှာတော့ စစ်ဘက်အရပ်ဘက် နှစ်ဘက်လုံးအတွက် ချီးမြှင့်ခဲ့ပါတယ်။
မြန်မာဘုရင်တွေလက်ထက်က ဘွဲ့နာမည်တွေနဲ့ ဆင်တူတဲ့အတွက် ဒီလိုဘွဲ့တံဆိပ်ပေးတာတွေက ဗမာလူမျိုးကြီးစိတ်ကို ဖော်တယ်လို့ နောက်ပိုင်းမှာ အဝေဖန်ခံရပါတယ်။
၁၉၄၈ မှာ လွတ်လပ်ခဲ့ပေမယ့် အစိုးရက ဘွဲ့ထူးဂုဏ်ထူးတွေ စချီးမြှင့်တာကတော့ ၁၉၄၉ ကမှ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံပြန်တမ်း
ဘွဲ့တံဆိပ် သင်္ဂဟ
ဘွဲ့၊ တံဆိပ်နဲ့ သင်္ဂဟ ဆိုပြီး သုံးမျိုးခွဲထားတဲ့ ဒီဘွဲ့တွေထဲမှာ သင်္ဂဟက အမြင့်ဆုံး ဖြစ်ပြီး သုဓမ္မနဲ့ စည်သူသင်္ဂဟတွေက သူ့အောက်မှာ ရှိပါတယ်။ ဒီသင်္ဂဟကြီးတခုလုံးရဲ့ အကြီးအကဲကတော့ နိုင်ငံတော် သမ္မတ ဖြစ်ပါတယ်။
ဒါကြောင့် သမ္မတတိုင်းမှာ ဒီသင်္ဂဟနှစ်ခုလုံးက အမြင့်ဆုံးဘွဲ့တွေကို အလိုအလျောက် ပိုင်ဆိုင်တာပါ။ ဒီအစဉ်အလာကတော့ ဗြိတိန်နဲ့ တခြားဥရောပနိုင်ငံတွေက ဘုရင်နဲ့ အကြီးအကဲတွေက အမြင့်ဆုံး ဘွဲ့တံဆိပ် သင်္ဂဟတွေကို အကြီးအကဲလုပ်တဲ့ ထုံးစံက ယူတာ ဖြစ်နိုင်ပါတယ်။
ဘွဲ့တွေထဲမှာ သီရိပျံချံ၊ ဝဏ္ဏကျော်ထင်၊ ဇေယျကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပကျော်စွာ စတဲ့ဘွဲ့တွေပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ခြေလျင်စစ်သည်
တံဆိပ်တွေထဲမှာတော့ အောင်ဆန်းသူရိယ၊ သီဟသူရ၊ သူရ၊ သီဟဗလစတဲ့ စစ်ဘက်ဆိုင်ရာ တံဆိပ်တွေပါပါတယ်။ နောက် ၁၉၅၃ ကစပြီး လွတ်လပ်ရေး မော်ကွန်းဝင်တံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။
အရပ်သားထဲက သီဟဗလတံဆိပ်ကို အစောဆုံး ရသူတွေကတော့ သီဟဗလဦးသော်ဇင်နဲ့ သစ်တောမင်းကြီး ဦးစောလင်းတို့ ဖြစ်ပါတယ်။ ဂရင်းအာမီခေါ် သစ်တောတပ်ဖွဲ့ အကြီးအကဲအဖြစ် သူပုန်နှိမ်နင်းရေးမှာ ပါဝင်လို့ ဦးစောလင်းကို သီဟဗလပေးတာ ဖြစ်ပါတယ်။ သူ့သားတယောက်ကတော့ နဝတ အဖွဲ့ဝင် ဗိုလ်မှူးချုပ်ဉာဏ်လင်းပါ။
သုဓမ္မသင်္ဂဟမှာတော့ သမ္မတ၊ တရားသူကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ၊ စစ်ဗိုလ်ချုပ်တွေ၊ ဝန်ကြီးတွေကို ပေးတာ တွေ့ရပြီး စည်သူကိုတော့ အရပ်ဘက် စစ်ဘက် အစိုးရ အရာရှိတွေ၊ တရားလွှတ်တော် တရားသူကြီးတွေနဲ့ သံအမတ်တွေ အများအပြား ရကြပါတယ်။
ဝဏ္ဏကျော်ထင်ဘွဲ့ကို အရပ်သား အရာရှိတွေ၊ စာရေးဆရာနဲ့ အနုပညာရှင်တွေ၊ ထင်ရှားတဲ့ လုပ်ငန်းရှင်တွေ စသူတွေ ရကြတာ တွေ့ရပြီး ပြည်သူ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်နိုင်သူတွေကို ပေးတယ်လို့ ဆိုပါတယ်။
ဇေယျကျော်ထင်ကတော့ စစ်အရာရှိတွေအတွက် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, သီရိပျံချီ အလ်ဟာဂ်ျ မုဖတ်စီရုလ် ကုရ်အာန် အလ္လာမဟ်
သီရိပျံချီဘွဲ့ကို တက္ကသိုလ်ပါမောက္ခတွေနဲ့ ပညာရှင်တွေ၊ အရာရှိတွေကို ပေးလေ့ရှိပြီး နိုင်ငံ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်နိုင်သူတွေကို ပေးတယ်လို့ ဆိုပါတယ်။
အလင်္ကာကျော်စွာကို အနုပညာစာပေ ထူးချွန်သူတွေကို ပေးတာ တွေ့ရပါတယ်။ သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလက်မှု ပညာသည်တွေကို ပေးတဲ့ သိပ္ပကျော်စွာ ဘွဲ့ကိုတော့ ရသူရှိခဲ့သလား သေချာ မသိရပါ။

ဓာတ်ပုံ ရင်းမြစ်, Philippe ROY
ဒီဘွဲ့တွေအပြင် ဗြိတိသျှခေတ်ကတည်းက ပေးလာခဲ့တဲ့ အဂ္ဂမဟာပဏ္ဍိတဘွဲ့ကိုလည်း ရဟန်းတော်တွေကို ဆက်လက် ဆက်ကပ်သလို အဘိဓဇမဟာရဋ္ဌဂုရုနဲ့ တိပိဋကဓရဘွဲ့တွေကိုလည်း ဖဆပလခေတ်မှာ စတင်ချီးမြှင့်ခဲ့ပါတယ်။
အဘိဓဇမဟာရဋ္ဌဂုရုက သက်တော် ၈ဝ ကျော် ဂုဏ်သတင်းကြီးတဲ့ ဆရာတော်ကြီးတွေကို ပေးတဲ့ဘွဲ့ ဖြစ်ပြီး တိပိဋကဓရက ပိဋကတ်သုံးပုံကို အာဂုံပြန်ဆိုနိုင်သူတွေကို ပေးတဲ့ ဘွဲ့ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chinese Embassy in Myanmar
ထူးခြားတဲ့ ဘွဲ့တခုကတော့ တရုတ် မြန်မာ နယ်နိမိတ် စာချုပ်ချုပ်ဆိုအပြီး ၁၉၆၁ မှာ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းကိုပေးတဲ့ အဂ္ဂမဟာမေတ္တာသီရိဓရဘွဲ့ ဖြစ်ပါတယ်။
သူ့အပြင် နောက်ထပ် ဘယ်သူ့ကိုမှ ထပ်ပေးတာ မတွေ့ရပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Wikicommon
ရွှေစလွယ်ငွေစလွယ်
ဒီဘွဲ့တွေဟာ တကယ်က မြန်မာဘုရင်လက်ထက်က ချီးမြှင့်တဲ့ ဘွဲ့စလွယ်ပုံတွေကို နည်းယူပြီး ဗြိတိသျှ အစိုးရပေးတဲ့ ဘွဲ့သတ်မှတ်ပုံတွေကိုလည်း မှီငြမ်းပါတယ်။
မြန်မာဘုရင်တွေခေတ်က ဘုရင်မှာ ၂၄ ကြိုးစလွယ်နဲ့ အိမ်ရှေ့မင်းသား၊ မင်းသား၊ ဝန်ကြီးနဲ့ အောက်အဆင့်အရာရှိတွေထိ ၂၁ ကြိုးကနေ သုံးကြိုးထိ အဆင့်လိုက် စလွယ်သတ်မှတ်ချက်တွေ ရှိခဲ့ပါတယ်။
စလွယ်အဆင့် သတ်မှတ်တာတွေကလည်း အိန္ဒိယကလာတဲ့ ဟိန္ဒူယဉ်ကျေးမှု အရိပ်အငွေ့တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wikicommon
ဖဆပလ ခေတ်က ပေးတဲ့ ဘွဲ့တွေရဲ့အစကတော့ ၁၉၄ဝ က တီထွင်သတ်မှတ်ခဲ့တဲ့ မြန်မာစစ်ဘက်၊ နယ်ခြားစောင့်နဲ့ စစ်ရဲအရာရှိတွေကိုပေးတဲ့ အော်ဒါအော့ဖ်ဘားမား ဘွဲ့တွေကို ဖျက်သိမ်းပြီး ပြည်ထောင်စု သင်္ဂဟတွေနဲ့ အစားထိုးခဲ့တာပါ။
ဒါကြောင့်
အဂ္ဂမဟာသီရိသုဓမ္မ က ဂရန်းကော်မန်ဒါ
သတိုးသီရိသုဓမ္မ က ဂရန်းအော်ဖစ်ဆာ
မဟာသီရိသုဓမ္မက ကော်ပန်နီယန်
အဂ္ဂမဟာသရေစည်သူ က ဂရန်းကော်မန်ဒါ
သတိုးမဟာသရေစည်သူက ဂရန်းအော်ဖစ်ဆာ
မဟာသရေစည်သူက ကော်မန်ဒါ
သရေစည်သူက အော်ဖစ်ဆာ
စည်သူက မင်းဘားနဲ့ညီတယ်ဆိုပြီး သတ်မှတ်ထားပါတယ်။
ဒါကြောင့် ဗြိတိသျှခေတ်မှာ ပေးခဲ့တဲ့ ဂျီစီဘီအီး၊ စီဘီအီး၊ အိုဘီအီး၊ အမ်ဘီအီးဘွဲ့တွေဟာ စည်သူ သင်္ဂဟနဲ့ ညီပါတယ်။
ဗြိတိသျှခေတ်က ပေးခဲ့တဲ့ ကေအက်စ်အမ်၊ အေတီအမ်၊ တီဒီအမ်၊ တီပီအက်စ် စတဲ့ မြန်မာနာမည်ကို အင်္ဂလိပ်လို အတိုကောက်မှည့်တဲ့ ဘွဲ့တံဆိပ်တွေကိုတော့ သီရိပျံချံစတဲ့ဘွဲ့တွေနဲ့ အစားထိုးခဲ့ပုံရပါတယ်။

ပထမဆုံး ဘွဲ့ရသူများ
၁၉၄၉ မှာ နိုင်ငံအခြေအနေ အတော်ယိုယွင်းပြီး ပြည်တွင်းစစ် ပြင်းထန်နေပါတယ်။ ဒီအတွက် ဆုရသူတွေကလည်း စစ်မက်နှိမ်နင်းရေးမှာ အစိုးရက အားကိုးရသူတွေ ဖြစ်ပါတယ်။
ဒီထဲက မဟာသီရိသုဓမ္မဘွဲ့ကို ဒုတိယသေနာပတိချုပ် ဗိုလ်ချုပ်နေဝင်း၊ တပ်မင်းကြီး ဗိုလ်လက်ျာနဲ့ ဗိုလ်မှူးချုပ် စောကြာဒိုးတို့ ရတာ တွေ့ရပါတယ်။
ဗိုလ်ချုပ်နေဝင်းကို နောက်ပိုင်းမှာ အမြင့်ဆုံး အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ထိ ပေးခဲ့တာကိုလည်း ထူးထူးခြားခြား တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bettmann
တရားသူကြီးချုပ် ဆာဘဦးကိုတော့ အဂ္ဂမဟာသရေစည်သူဘွဲ့ပေးခဲ့ပြီး ရှေ့နေချုပ် ဦးချန်ထွန်း၊ အတွင်းဝန်ချုပ် ဦးကာစီ၊ စစ်သေနာပတိချုပ် စမစ်ဒွန်း၊ သိန္နီစော်ဘွားနဲ့ ကချင်ဒူးဝါးတယောက်တို့ကို သတိုးမဟာသရေစည်သူဘွဲ့တွေ ပေးပါတယ်။
နောက် ဆာဘဦး သမ္မတ ဖြစ်လာချိန်မှာ ဆာဘွဲ့ကို စွန့်ပြီး အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ကို ခံယူပါတယ်။ ဒေါက်တာဘဦး ရာထူးက နားပြီးနောက် စလွယ်နဲ့ တံဆိပ်တွေ အနုကြမ်းစီးခံရတဲ့ အကြောင်းကို မြသန်းတင့်က ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း ဝတ္ထုမှာ ဖော်ပြခဲ့ပါတယ်။
ဒီဘွဲ့တွေကို အဓိကပေးတဲ့ အာဏာအရှိဆုံးဖြစ်တဲ့ ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းစတဲ့ ဖဆပလ ဝန်ကြီးချုပ်နဲ့ ဒုတိယဝန်ကြီးချုပ်တွေကတော့ ဒီဘွဲ့တွေကို အထူးတလည် ခံယူသုံးစွဲတာ မရှိခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Universal History Archive
ကုလသမဂ္ဂမှာ အထွေထွေအတွင်းရေးမှူးချုပ်ထိ ဖြစ်တဲ့ ဦးသန့်ကတော့ ဝဏ္ဏကျော်ထင်၊ သီရိပျံချီ၊ စည်သူနဲ့ မဟာသရေစည်သူဘွဲ့တွေ ရခဲ့ပါတယ်။
ဘွဲ့ရပြီးမှ မှုခင်းဖြစ်ပြီး ပြန်ရုပ်သိမ်းခံရတာတွေလည်း ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ullstein bild Dtl.
စစ်တပ်အရာရှိကြီးတော်တော်များများမှာ ဒီဘွဲ့တွေ ရခဲ့ပေမယ့် ၁၉၆၂ နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲကြောင့် ဘွဲ့တွေ ထုတ်မသုံးတာလည်း ရှိတတ်ပါတယ်။
လမ်းစဉ်ပါတီခေတ် သမ္မတ ဦးစန်းယုဟာ ဗိုလ်မှူးချုပ်ဘဝနဲ့ သီရိပျံချီ သရေစည်သူဘွဲ့ရခဲ့သလို ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးချုပ် မောင်မောင်ကျော်ဝင်းတို့ကိုလည်း မဟာသရေစည်သူဘွဲ့တွေ ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ullstein bild Dtl.
နိုင်ငံခြားက ဘွဲ့ခံများ
ပြည်ပက လာတဲ့ ခေါင်းဆောင်တွေကို သင်္ဂဟဘွဲ့တွေပေးခဲ့ပြီး ဒီထဲမှာ ထင်ရှားသူတွေကတော့ ယူဂိုစလားဗီးယားသမ္မတ မာရှယ်တီးတိုး၊ ထိုင်းဘုရင် ဘူမိဘော ၊ ထိုင်းဝန်ကြီးချုပ် မာရှယ်ဆွန်ဂရမ်၊ ဗြိတိသျှ ရေတပ်ဗိုလ်ချုပ်ကြီး လော့ဒ်မောင့်ဘက်တန်တို့ကို အဂ္ဂမဟာသီရိသုဓမ္မဘွဲ့နှင်းခဲ့ပါတယ်။
မြန်မာအစိုးရရဲ့ စီးပွားရေး အကြံပေး ဖာနီဗယ်ကတော့ သတိုးသီရိသုဓမ္မ ဂျေအက်စ်ဖာနီဗယ် အဖြစ် ထင်ရှားပါတယ်။
မြန်မာပြည်မှာ နောက်ဆုံး ဗြိတိသျှ ဘုရင်ခံ လုပ်သွားတဲ့ ဆာဟူးဘတ်ရန့်စ်နဲ့ ဗြိတိသျှသံအမတ်ကြီး လော့ဒ်အော့ဂ်မိုးတို့ကို အဂ္ဂမဟာသရေစည်သူဘွဲ့ပေးခဲ့သလို ထိုင်းဝန်ကြီးချုပ်တွေ ဖြစ်ခဲ့တဲ့ ဖီးမာရှယ်ဆရစ်နဲ့ ချတ်တီချိုင်း ချွန်ဟာဗန်တို့လည်း စစ်အရာရှိဘဝမှာ အဂ္ဂမဟာသရေစည်သူနဲ့ မဟာသရေစည်သူဘွဲ့တွေ ရခဲ့ပါတယ်။
တရုတ်ဒုတိယဝန်ကြီးချုပ် မာရှယ်ချင်ယီကိုလည်း ၁၉၆၁ နယ်နိမိတ်စာချုပ်ချုပ်အပြီးမှာ သတိုးမဟာသရေစည်သူဘွဲ့ပေးပါတယ်။

ဘွဲ့ခံအမျိုးသမီးများ
၁၉၄၉ မှာ အမျိုးသမီးထဲက ပထမဆုံး မြန်မာအစိုးရ ချီးမြှင့်တဲ့ဘွဲ့ကို ရသူက ဒပ်ဖရင်ဆေးရုံက မီးယပ်သားဖွားပါမောက္ခ ဒေါ်ရင်မေဖြစ်ပါတယ်။ သီရိပျံချီဘွဲ့ရတဲ့ ဒေါ်ရင်မေဟာ ပထမဆုံးမြန်မာ အမျိုးသမီး ပါမောက္ခလည်း ဖြစ်ပြီး ခင်ပွန်း ဆေးပညာပါမောက္ခဦးမင်းစိန်နဲ့အတူ တချိန်တည်း ရခဲ့တာပါ။
အမျိုးသမီးထဲက သုဓမ္မသင်္ဂဟကို ရှားရှားပါးပါးရသူကတော့ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ဖြစ်ပြီး ၁၉၅၁ က ရခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Kyaw Khaing Tun
စည်သူဘွဲ့ကို ရခဲ့တဲ့ တယောက်တည်းသောအမျိုးသမီးကတော့ ကရင်ပြည်နယ်ဝန်ကြီး မစ္စစ်ဘမောင်ချိန် ဖြစ်ပါတယ်။ ပထမဆုံး မြန်မာပြည်က အမျိုးသမီး ဝန်ကြီး ဖြစ်ပါတယ်။
အဆိုတော်၊ ရုပ်ရှင်မင်းသမီး ဒေါ်မေရှင်ကတော့ သူရတဲ့ ဝဏ္ဏကျော်ထင်ကို မန္တလေး မဟာမုနိဘုရားမှာ လှူခဲ့ပါတယ်။
ပန်တျာနည်းပြ ဒေါ်သြဘာသောင်း၊ မင်းသမီး ကြည်ကြည်ဌေးတို့လည်း ဝဏ္ဏကျော်ထင်ရခဲ့ပြီး မဟာဂီတမိခင်ကြီး ဒေါ်စောမြအေးကြည်ကိုတော့ အလင်္ကာကျော်စွာဘွဲ့ ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar President Office
၁၉၆၂ နောက်မှာ ဖဆပလအစိုးရပေးတဲ့ ဘွဲ့တွေ ဆက်မပေးဘဲ ရပ်ထားခဲ့ပြီး ၁၉၇၈ နောက်ပိုင်းမှာတော့ ဆိုရှယ်လစ် သမ္မတနိုင်ငံခေတ်နဲ့ လျော်ညီတဲ့ စီမံထူးချွန်၊ အောင်ဆန်းတံခွန် စတဲ့ ဘွဲ့တွေနဲ့ အစားထိုး ပေးခဲ့ပါတယ်။ ၁၉၈ဝ နောက်ပိုင်းမှာ နိုင်ငံ့ဂုဏ်ရည်ဘွဲ့တွေ စပေးပါတယ်။
၁၉၈၈ စစ်အစိုးရခေတ် နောက်ပိုင်းမှာလည်း ဝိဇ္ဇာ သိပ္ပံထူးချွန်ဆုတွေ တီထွင်ချီးမြှင့်ခဲ့ပါတယ်။ ဘာသာရေးဘွဲ့တံဆိပ်တွေမှာလည်း အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ၊ အဂ္ဂမဟာမဏိဇောတဓရ စသဖြင့် ၁၉၉၁ က စပြီး တီထွင်ပေးအပ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, THET AUNG
၂ဝ၁ဝ နိုင်ငံရေး အပြောင်းအလဲနောက်ပိုင်းမှာတော့ ဖဆပလခေတ်က ဘွဲ့တွေကို ပြန်လည် အသက်သွင်း ချီးမြှင့်နေပါတယ်။
ဒီဘွဲ့တွေကို အပြောင်သဘောနဲ့ ဝမ်းနာကျောတင်း၊ အလကားကျော်စွာ၊ မဟာသရေယိုသူ စသဖြင့် ရေးသားခေါ်ဆိုကြတတ်ပါတယ်။








