ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကိုင်းချောင်က စတယ်ဆိုတဲ့ မြန်မာသီလရှင်
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာနိုင်ငံမှာ သီလရှင်လို့ ခေါ်တဲ့ အမျိုးသမီး သာသနာ့ ဝန်ထမ်း တွေကို ပန်းရောင်ကိုယ်ရုံတွေနဲ့ တွဲပြီး လူသိများပါတယ်။ သီလရှင်တွေဟာ သံဃာဦးရေရဲ့ ၁ဝ ပုံ တပုံခန့်ရှိပြီး ခြောက်သောင်းခန့် ရှိတယ်လို့လည်း စာရင်းဇယားတွေအရ သိရပါတယ်။
၁၉၆၁ က သီလရှင် တသောင်းမပြည့်ခဲ့ရာက အနှစ် ၅ဝ ကျော်မှာ သောင်းချီတိုးတက်လာတာ ဖြစ်ပါတယ်။
ဒီသီလရှင်တွေ သာသနာသမိုင်းတလျှောက်လုံး မြန်မာပြည်မှာ ပေါ်ထွန်းခဲ့သလား ဆိုတာကတော့ သေချာ မသိရပါဘူး။
ဆရာတော် ရဝေထွန်းရဲ့ ဘိက္ခုသာသနာနှင့် သီလရှင်သမိုင်း စာအုပ်အရ မင်းတုန်းမင်းခေတ်မှာ နန်းတွင်းက သမီးတော်တွေကို စာချပေးတဲ့ သီလရှင် ဆရာကြီး မယ်ကင်းနဲ့ မယ်နတ်ပေးတို့ အထင်အရှား ရှိနေပြီ ဖြစ်ပါတယ်။
မယ်ကင်းဟာ ဝိနည်းမှာ ထင်ရှားတဲ့ ရှမ်းကလေးကျွန်း ဆရာတော်ရဲ့ နှမဖြစ်ပြီး ဗန်းမော်ဆရာတော်ကြီးနဲ့ စာချိုးဘက် ဆိုပြီး စာပေမှာ လူသိများပါတယ်။
ထွဋ်ခေါင်မှာ သီလချော
မယ်ကင်းကို ထွဋ်ခေါင်ဆရာတော်က သီလရှင်တွေကို သီလရှင်ပြုပေးပြီး သီလရှင်အစ ထွဋ်ခေါင်က လို့ ဆိုရိုးရှိခဲ့ပေမယ့် အဲဒီမတိုင်ခင်ကတည်းက သီလရှင်အကြောင်း အထောက်အထားတွေ တွေ့ရတယ်လို့လည်း သမိုင်းသုတေသီ ဆရာတော် ရွှေကိုင်းသားက ရေးသားပါတယ်။
သီတင်းသုံးယောက်ျားမိန်းမတွေကို အင်းဝဘုရင်တွေက လှူလေ့ရှိတယ်လို့လည်း လောကဗျူဟာအင်ရုံစာတမ်းမှာ ဖော်ပြပါတယ်။ ဒီစာတမ်းဟာ အင်းဝနန်းတွင်းဆောင်တာတွေကို ကုန်းဘောင်မင်းတွေကို ရှင်းပြတဲ့ ကျမ်းပါ။
၁၇၈၆ ခုရေး မောင်းထောင်သာသနာပိုင်ဆရာတော်ရဲ့ အမေးတော်ပုံအဖြေကျမ်း မှာတော့ တောင်လေးလုံး ဆရာတော်ရဲ့နှမနဲ့ သီတင်းသုံးတစုဟာ အဝတ်နီသစ်ခေါက်ကို ဆိုးပြီး ဝတ်တယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယားနဲ့ ထိုင်းမှာလိုပဲ ကိုယ်ရုံဖြူနဲ့ သီလရှင်တွေလည်း မြန်မာပြည်မှာ ရှိခဲ့ပါတယ်။
သီလရှင်ကို သီတင်းသုံး၊ သီတင်းသည် စသဖြင့် အမျိုးမျိုး ခေါ်ခဲ့ပြီး မြိတ်ထားဝယ်ဘက်မှာတော့ မိရှင်လို့ ခေါ်ကြောင်း အညာသူများပင်လယ်သွား စာအုပ်မှာ လူထုဒေါ်အမာက ရေးသားပါတယ်။
ရခိုင်မှာတော့ သူတော်မ ခေါ်တယ် ဆိုပါတယ်။ သီတင်းသည် ယောက်ျားတွေကို ဖိုးသူတော်နဲ့ အမျိုးသမီးတွေကို ဖွားသီလရှင်ခေါ်တဲ့အလေ့လည်း ရှိပါတယ်။
အဲဒီခေတ်က သီလရှင်တွေဟာ ဘုန်းကြီးတွေလိုပဲ ဆွမ်းခံတတ်ကြပြီး ကိုရင်တွေနောက်ကနေ ဆွမ်းအုပ်နဲ့ ဆွမ်းခံတာလို့လည်း သိရပါတယ်။
နန်းတွင်းက သီလရှင်များ
မယ်ကင်းတပည့်တွေထဲက မင်းတုန်းမင်းရဲ့ သမီးတော်တွေထဲက ပင်တိုင်စံ စလင်းစုဘုရားဟာ သီပေါမင်း နန်းတက်ပြီးနောက် သီလရှင်ဘဝ ကူးပြောင်းသွားပါတယ်။
နောက် သီပေါမင်းရဲ့ မိဘုရားခေါင်ကြီးတပါး ဖြစ်တဲ့ စုဘုရားကြီးဟာလည်း အိန္ဒိယက ပြန်လာပြီးနောက် မင်းကွန်းမှာ သီလရှင်ဝတ်နဲ့ အရိုးထုတ်သွားပါတယ်။
သီပေါမင်းမယ်တော် လောင်းရှည်မိဘုရားက သီလရှင် ဝတ်ခွင့်တောင်းပေမယ့် မင်းတုန်းမင်းက ခွင့်မပေးဘူးလို့လည်း ဆိုပါတယ်။
မင်းတုန်းမင်း နတ်ရွာစံပြီးနောက် ကျန်ရစ်တဲ့ စိန်တုံးမိဘုရားကိုတော့ အသက်ဘေးကလွတ်အောင် သင်္ဂဇာဆရာတော်က မော်လမြိုင်ခေါ်သွားခဲ့ပါတယ်။
အဲဒီမှာ ကျောင်းကြီးဆောက်လှူပြီး သီလရှင်ဘဝနဲ့ နေသွားခဲ့တာပါ။
နောက် မင်းတုန်းမင်း သမီးတော်တပါးဖြစ်တဲ့ မြောင်လှမင်းသမီးလည်း မင်းကွန်းမှာ သီလရှင်ဘဝနဲ့ ကွယ်လွန်သွားပြီး မင်းသမီးချောင်လို့ ခုတိုင် ကျန်ရစ်ပါတယ်။
စစ်ကိုင်း မင်းကွန်းတောင်ရိုးတွေမှာ အစောဆုံး ပေါ်တဲ့ သီလရှင်ချောင်တွေက ဂူတလုံး၊ ဂူကလေး၊ သစ်ဆိမ့်၊ ဂူနီ စတဲ့ချောင်တွေပါ။
သီလရှင်နေတဲ့ အဆောက်အအုံတွေကို ဇရပ်လို့ ခေါ်လေ့ရှိပါတယ်။
ပါတော်မူခါစက သီလရှင်ဝတ်တဲ့ အမျိုးသမီးတွေအတွက် မိဘဆီက ခွင့်ပြုချက် ရဖို့ ခက်လို့ အိမ်ကထွက်ပြေးပြီး ဝတ်ရတဲ့အကြောင်းကို သီလရှင်ဆရာကြီးတွေရဲ့ ဘဝမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။
သားယောက်ျားတွေ သာသနာ့ဘောင်ဝင်တာကို အားပေးတတ်ပေမယ့် သီလရှင် ရာသက်ပန်ဝတ်တာကို မကြည်ဖြူတဲ့အကြောင်း ဝတ္ထုတွေကိုလည်း ဂျာနယ်ကျော်မမလေး၊ မိုးမိုးအင်းလျားစတဲ့ မြန်မာစာရေးဆရာမတွေက လွတ်လပ်ရေးရပြီးနောက် ရေးသားခဲ့ကြပါတယ်။
ဒီလို သီလရှင်အဖြစ်နဲ့ ရဟန်းတော်တွေကို စာပေပို့ချခဲ့တဲ့ ဆရာကြီးတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။
သာသနာ့မိခင်ကြီး
ဒီထဲမှာ တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးက သာသနာ့မိခင်ကြီးလို့ သတ်မှတ်ခေါ်ဆိုခဲ့တဲ့ အိမ်ကြီးချောင်ဆရာကြီး ဒေါ်ဓမ္မစာရီဟာ ထင်ရှားပါတယ်။
သစ္စဝါဒီဋီကာ ကျမ်းပြု ဒေါ်ဓမ္မစာရီဟာ ဆရာတော်လောင်းလျာကို ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်လာပြီး သွန်သင်ဆုံးမလာခဲ့တာပါ။
ဒါကြောင့် နာမည်ကြီး ဆရာတော်တွေသာ ဟောပြောခွင့်ရတဲ့ မလွန်ဆန်လှူအသင်း တရားပွဲမျိုးမှာ ဓမ္မကထိက အဖြစ် ဒေါ်ဓမ္မစာရီ ဟောခွင့်ရခဲ့ပါတယ်။
အဲဒီခေတ်က ဆရာတော်ကြီးတွေ အချင်းချင်းတောင် မယ်ဓမ္မစာရီဆီ စာဝါလိုက်ဖူးပြီလားလို့ မေးတတ်ကြကြောင်း သိရပါတယ်။
ရန်ကုန် ဒေါ်ဉာဏစာရီစာသင်တိုက်က ဆရာကြီး ဒေါ်ဉာဏစာရီလည်း အမျိုးသမီးငယ်လေးတွေကို တရားပြဆုံးမရာမှာ ထင်ရှားခဲ့ပါတယ်။
ဒါကြောင့် အရင်က အိမ်က မကြည်ဖြူဘဲ သီလရှင်ဝတ်တဲ့ခေတ်ကနေ သားရှင်ပြု အလှူတွေမှာ သမီးသီလရှင်ဝတ်တာတွေလည်း ၂ဝ ရာစု နောက်ပိုင်းမှာ တွေ့လာရပါတယ်။
ဒါပေမဲ့ သီလရှင်တွေကို လှူဒါန်းရာမှာတော့ ရဟန်းတော်များနဲ့မတူဘဲ လျှော့ပေါ့လှူတာတွေက ရှိနေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် ဆွမ်းကွမ်းရှားပါးတဲ့ အညာက သီလရှင်တွေကို ဒို့ဆီ လိုက်ခဲ့ဆိုပြီး မြိတ်က သီလရှင်ဆရာကြီးတပါးက ခေါ်ကြောင်း လူထုဒေါ်အမာက ရေးသားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ မိဘမဲ့ မိန်းကလေးတွေကို ကြည့်ရှုစောင့်ရှောက်ရတဲ့ အလုပ်ကိုလည်း ဆရာကြီးတွေ တာဝန်ယူလာရပါတယ်။
မန္တလေး အေးရိပ်မွန် စာသင်တိုက်က မိဘမဲ့မိန်းကလေးတွေအကြောင်း ရိုက်ကူးတဲ့ ကြည်ပြာ ဇာတ်ကားဟာ ထင်ရှားပါတယ်။
စစ်ဘေးစစ်ရှောင်နဲ့ အကြောင်းအမျိုးမျိုးကြောင့် မိဘမဲ့ဖြစ်ရတဲ့ ကလေးတွေအတွက် အစိုးရက အပြည့်တာဝန်မယူနိုင်တဲ့အတွက် သာသနာဘက်က တာဝန်ယူတဲ့ ကျောင်းတွေ ပေါ်လာတာ ဖြစ်ပါတယ်။
အစဉ်အလာအရ မြန်မာသီလရှင်တွေကို လောကီကိစ္စတွေနဲ့ မပတ်သက်ဘဲ အေးဆေးတည်ငြိမ်တယ်လို့ ပြည်ပ ပညာရှင်တွေက ယူဆခဲ့ကြပေမယ့် နိုင်ငံရေး လှုပ်ရှားမှုတွေမှာ သီလရှင်တွေ ပတ်သက်မှုတွေ ရှိခဲ့ပါတယ်။
၂ဝဝ၇ ရွှေဝါရောင် လှုပ်ရှားမှုမှာ သံဃာတော်တွေနဲ့အတူ သီလရှင်တွေလည်း ပါဝင်ဆန္ဒပြလို့ ထိန်းသိမ်းခံရတာတွေ ရှိခဲ့ပါတယ်။
နောက် မဘသ လှုပ်ရှားမှုမှာလည်း မျိုးစောင့်ဥပဒေတွေ ပြဋ္ဌာန်းဖို့ တောင်းဆိုတဲ့အထဲမှာ သီလရှင်တွေ ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးမှာ စောင့်ကြိုနှုတ်ဆက်တဲ့ သီလရှင်တွေ ရှိသလို သူ အကျဉ်းကလွတ်ပြီးနောက် ဆွမ်းလောင်းပွဲမှာလည်း သီလရှင်တွေ ကြွရောက် အလှူခံခဲ့ကြပါတယ်။
ဘိက္ခုနီ သာသနာ ဘယ်လောက်ကြာသလဲ
အိန္ဒိယမှာ အာသောကမင်းလက်ထက် တတိယသင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာနသာသနာပြုလွှတ်ရာမှာ မြန်မာနိုင်ငံဖြစ်လာမယ့် သုနာပန္တရတိုင်းမှာ ရဟန်းမိန်းမ ခြောက်သောင်း ပေါ်ထွန်းတယ် ဆိုပေမယ့် ဘိက္ခုနီသာသနာ အနှစ်တထောင်လောက်ပဲ တည်မြဲတယ်လို့ ယူဆခဲ့ကြပါတယ်။
နောက် အနော်ရထာမင်းလက်ထက် သထုံက ပိဋကတ်နဲ့ သံဃာတော်တွေ ပင့်ဆောင်ရာမှာလည်း ရဟန်းမ ပါမလာဘူးလို့ ဆိုကြပေမယ့် ပုဂံမှာ ဘိက္ခုနီတွေ ပေါ်ထွန်းခဲ့တယ်လို့ ကျောက်စာအထောက်အထားတွေက ပြခဲ့တယ်လို့ သမိုင်းပညာရှင်တချို့က ရေးပါတယ်။
ဖုန်းမြတ်သော ဘွဲ့မည်နဲ့ ဒီအမျိုးသမီးသာသနာ့ဝန်ထမ်းတွေဟာ သီလရှင်လိုမျိုးသာ ဖြစ်နိုင်တယ်လို့ ဆရာတော် ရဝေထွန်းက ထောက်ပြပါတယ်။
လွတ်လပ်ရေး မရခင်က အရှင်အာဒိစ္စဝံသကို ဘိက္ခုနီ သာသနာပြန်ထူထောင်ဖို့ ကြိုးစားသူအဖြစ် လူသိများခဲ့ပေမယ့် စစ်ပြီးခေတ်မှာ ဇေတဝန်ဆရာတော်က ဘိက္ခုနီ ပြန်ပေါ်သင့်ကြောင်း ကျမ်းပြုခဲ့တာကို လူသိနည်းပါတယ်။
၁၉၇ဝ ကျော်မှာတော့ တရားပြ မြန်မာ အမျိုးသမီးတယောက်က ဘိက္ခုနီ ပြုခွင့် တောင်းတဲ့စာကို အစိုးရနဲ့ ဆရာတော် အပါး ၂ဝ ဆီကို ပို့ခဲ့တယ်လို့ ဂျာမန်ပညာရှင် ဒေါက်တာလိုတာမိုဆာက ရေးပါတယ်။
ခုချိန်မှာ ရဟန်းမ ပြုတဲ့ မြန်မာအမျိုးသမီးတွေ ပြည်ပမှာ အနည်းအပါးရှိနေပြီ ဖြစ်ပေမယ့် ပြည်တွင်းမှာတော့ ခွင့်မပြုသေးပါဘူး။
ဒါပေမဲ့လည်း မြန်မာပြည်ရဲ့ သာသနာပုံရိပ်အဖြစ် သီလရှင်တွေကို ရဟန်းတော်တွေ၊ စေတီပုထိုးနဲ့ ကျောင်းကန်ဇရပ်တွေနဲ့ ဆက်ပြီး တွဲသိနေကြမှာ ဖြစ်ပါတယ်။