ရွှေဥဒေါင်းနဲ့ နှစ်ပေါင်း ၁၃ဝ

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

စာရေးဆရာကြီး ရွှေဥဒေါင်းကို စုံထောက် ဦးစံရှားကို ဖန်တီးသူအဖြစ် လူသိများပါတယ်။ ကနေ့အထိ ပြန်ရိုက်နေရတဲ့ စာအုပ်တွေထဲမှာ သူ့စာပေတွေ အများအပြားပါပြီး သူ့ကလောင်သက်ကလည်း အနှစ် ၁ဝဝ ကျော်ပြီ ဖြစ်လို့ ထူးခြားတဲ့ စာရေးဆရာကြီး တယောက် ဖြစ်ပါတယ်။

သူ့ထက် ကလောင်သက် စောတဲ့ မြန်မာ စာရေးဆရာတွေထဲမှာ သခင်ကိုယ်တော်မှိုင်းဟာ ထင်ရှားပေမယ့် သူ့စာလက်ရာတွေထက် နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ခုခေတ်မှာ ပိုလူသိများပါတယ်။

ဂျိမ်းစ်လှကျော်နဲ့ ရွှေပြည်စိုး ဦးလတ်စတဲ့ အစောပိုင်း ဝတ္ထုရေးဆရာကြီးတွေကိုလည်း သူတို့လက်ရာ အနည်းငယ်နဲ့ပဲ တွဲသိကြပါတော့တယ်။

ဒီထဲမှာ ခုထိ လူသိများ လူဖတ်များတဲ့ စာရေးဆရာတွေက ပီမိုးနင်းနဲ့ ရွှေဥဒေါင်းတို့ ဖြစ်ကြပြီး ရွှေဥဒေါင်း ဝတ္ထုတွေကို ခုထိ အကြိမ်များစွာ ရိုက်နှိပ်ခဲ့ပါတယ်။

ရွှေဥဒေါင်းခေါ် ဦးဖေသိန်းဟာ မန္တလေးသား ဖြစ်ပြီး မြန်မာဘုရင်ခေတ်က မင်းမှုထမ်း အဆက်အနွယ် ဖြစ်ပါတယ်။

သူ့မိခင်အရင်း ကိုယ်တိုင်က ဘုရင်ရဲ့ စာတော်ဖတ် ရွာစားဘွဲ့ရ အပျိုတော် ဖြစ်လို့ နန်းတွင်းယဉ်ကျေးမှုနဲ့ စာပေမှာ နှံ့စပ်ပါတယ်။

ဖခင်ကတော့ ဘာသာရေး တွေးခေါ်မှုမှာ ဝါသနာထုံသူ ဖြစ်လို့ သားရဲ့ ပညာရေးကို အားပေးပါတယ်။

ဒါကြောင့် ကယ်လီကျောင်းခေါ် အမေရိကန် သာသာနာပြုကျောင်းမှာ အထက်တန်းအောင်သည်အထိ ပညာသင်ခဲ့ပါတယ်။

ကောလိပ်ကျောင်း ဆက်မနေနိုင်ပေမယ့် စာဖတ်နာသူ ဖြစ်လို့ အင်္ဂလိပ် ဝတ္ထုကြီး အများအပြားကို ပြန်ပြောနိုင်တယ်လို့ သူ့ရဲ့ တသက်တာမှတ်တမ်းမှာ ရေးခဲ့ပါတယ်။

အစိုးရ စာရေးလုပ်ရင်း ရတဲ့ တောလိုက်အတွေ့အကြုံတွေကို စုဆောင်းပြီး ဝတ္ထုတွေ စရေးပါတယ်။

ရန်ကြီးအောင် နဲ့ ရတနာပုံ စတဲ့ ဝတ္ထုတွေဟာ သူ့ရဲ့ အစောဆုံး လက်ရာတွေပါ။

ပင်ကိုရေးလည်း ပါသလို မှီငြမ်းရေးသားတဲ့ ဝတ္ထုတွေလည်း ပါပါတယ်။

အဲဒီနောက် စုံထောက် မောင်စံရှားကို ၁၉၁၇ မှာ စရေးပါတယ်။

သူ့ရဲ့ အအောင်မြင်ဆုံး လက်ရာဖြစ်လို့ နောက် အနှစ် လေးဆယ်ကျော်ထိ ဒီဝတ္ထုတွေ ဆက်ရေးခဲ့ပါတယ်။

ဝတ္ထုရဲ့ အောင်မြင်မှုကြောင့် ဦးစံရှားကို တကယ်ရှိတယ်လို့တောင် ထင်ကြပါတယ်။

မူလ ရှားလော့ဟုမ်း ဝတ္ထုတွေကို မြန်မာပြန်တာမှာတောင် သူ့လောက် မအောင်မြင်ခဲ့ပါဘူး။

သူ့ရဲ့ တခြား ထင်ရှားတဲ့ လက်ရာတွေကတော့ ရူပနန္ဒီဂျမဒါ ကိုကိုကြီးဇော်ဟိတ်သူတော်စိန်နဲ့ ဒဂုံတင့် စတဲ့ စွန့်စားခန်း ဝတ္ထုတွေ၊ စုံထောက်နဲ့ လူဆိုးဂိုဏ်း ဝတ္ထုတွေ ဖြစ်ပါတယ်။

ဒီအမှီးဝတ္ထုတွေမှာလည်း ရွှေဥဒေါင်းဟာ ခေတ်ပြိုင် စာရေးဆရာအများစုထက် ပိုပြီး အရေးအသားကောင်းတယ်လို့ အများက ယူဆသလို စာပေပညာရှင်တွေကလည်း မှတ်ချက်ပြုပါတယ်။

သူ့ရဲ့ ပင်ကိုဟန်ဖြစ်တဲ့ ပြောစကားလေးတွေ ညှပ်ထည့်တဲ့ ရေးဟန်နဲ့ ရှင်းလင်းပြတ်သားတဲ့ ဝါကျဖွဲ့ထုံး၊ သေသပ်တဲ့ မှီငြမ်းပြုပုံတွေကြောင့် ဖြစ်ပါတယ်။

နောက်ပြီး နောက်ခံ ကိုလိုနီခေတ် ယဉ်ကျေးမှုကို နောက်ပိုင်းလူတွေရဲ့ စိတ်ဝင်စားမှုကြောင့်လည်း ပါပါတယ်။

အာဖရိကနောက်ခံ အလန်ကွာတာမိန်း ဝတ္ထုတွေကို ဗုဒ္ဓပွင့်တော်မမူခင်က အိန္ဒိယနိုင်ငံ အဖြစ် ပြောင်းလဲရေးဖွဲ့ခဲ့တဲ့ ရူပနန္ဒီ၊ ရူပကလျာဏီ စန္ဒာဒေဝီ စတဲ့ ဝတ္ထုတွေကို ပရိသတ်က နှစ်ခြိုက်ခဲ့ကြပါတယ်။

တဘက်ကလည်း ရွှေဥဒေါင်းကို သတင်းစာဆရာ အဖြစ် လူသိများပါတယ်။ သူရိယ သတင်းစာနဲ့ လူထု သတင်းစာတွေမှာ သူရေးခဲ့တဲ့ ခေါင်းကြီးတွေကြောင့် လူကြိုက်များပါတယ်။

သတင်းစာ ကြောင့်ပဲ ရွှေဥဒေါင်းကို ပုဒ်မ ၅ နဲ့ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။ အသက် ၆ဝ ကျော်မှာ ဖမ်းဆီးခံရတဲ့အတွက် ရွှေဥဒေါင်းက ဦးနု အစိုးရကို အမျက်ထားပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရခေတ်မှာ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ အတွက် သူ့ကို ခေါ်တော့ အယ်ဒီတာချုပ် ရာထူးကို လက်ခံခဲ့ပါတယ်။

နောက်ပိုင်း သူလွတ်လွတ်လပ်လပ် ရေးခွင့်မရလို့ ဆိုပြီး နုတ်ထွက်မယ် ကြံတော့ ဗိုလ်ချုပ်ကြီးက သူ့ကို သမ္မတအိမ်တော်မှာ ဥပုသ်စောင့်ဖို့ ဖိတ်တယ်လို့တောင် ဆိုပါတယ်။

ဗိုလ်ချုပ်ကြီးရဲ့ ရေပူရေချမ်းကမ်းလှမ်းတာ ယူရင်း ရှင်မဟာဗုဒ္ဓဃောသ ၂ နာမည်နဲ့ ဆောင်းပါးတခုမှာ တခုသောဘဝက သူဟာ ဒိသာပါမောက္ခဆရာကြီး ဖြစ်ခဲ့ပြီး ဗိုလ်ချုပ်က သူ့တပည့် တော်စပ်ခဲ့တယ် ဆိုတဲ့ အသုံးအနှုန်း မျိုးတွေထိ ရေးခဲ့ပါတယ်။

နောက်ပိုင်းမှာ မန္တလေး ပြန်နေပြီး ကွယ်လွန်သွားခဲ့ပါတယ်။

သူ့စာပေ တပည့်တွေထဲမှာ အထင်ရှားဆုံးက သော်တာဆွေ ဖြစ်ပြီး ငွေဥဒေါင်းက သူနဲ့ ဆင်တူ နာမည်ယူပါတယ်။ လူထုဒေါ်အမာကတော့ သူ့ကို သမီးလို စောင့်ရှောက်ရတဲ့ တပည့် ဖြစ်ပါတယ်။

သော်တာဆွေကြောင့်ပဲ ရွှေဥဒေါင်းနဲ့ သူ့ဇနီး ဒေါ်ကြီးစိုးတို့ဟာ ဝတ္ထုဇာတ်ကောင်များ အဖြစ် အေးဆွေပေါ်အူး ဝတ္ထုတွေမှာ ပါဝင်လာခဲ့ပါတယ်။

သူ့ရဲ့ စာပေလက်ရာတွေထဲမှာ အကောင်းဆုံးလို့ ဆိုနိုင်တာက သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ် ဖြစ်ပါတယ်။

ဒီစာအုပ်ဟာ စာပေဗိမာန်ဆုလည်း ရသလို စာဖတ်ပရိသတ် အမျိုးမျိုးရဲ့ နှစ်ခြိုက်မှုကိုလည်း ခံရပါတယ်။

အချစ် အလွမ်းနဲ့ စွန့်စားခန်း ဝါသနာပါတဲ့ စာဖတ်နုသူတွေကအစ သမိုင်းနဲ့ နိုင်ငံရေး၊ ယဉ်ကျေးမှု သမားအလယ် အတွေးအခေါ်နဲ့ ဘာသာရေး သမားတွေအဆုံး လူမျိုးစုံက ဒီစာအုပ်ကို သဘောကျကြပါတယ်။

ဒီစာအုပ်ရဲ့ ထူးခြားချက်ကတော့ သူ့ဘဝရဲ့ ကောင်းကွက်ဆိုးကွက်တွေကို ပွင့်ပွင့်လင်းလင်းရေးသားတာပါ။

မဖော်ပြဘဲ ချန်ခဲ့တာကတော့ သူ့ရဲ့ ငယ်ချစ်နာမည်နဲ့ ကွဲသွားတဲ့ ဒုတိယဇနီးနာမည်တွေပါ။ ဒါကလည်း ခေတ်ပြိုင် စာရေးဆရာတချို့မှာ သူ့လိုပဲ အိမ်ထောင်ကွဲတွေ အမည် မဖော်ပြဘဲ အတ္ထုပ္ပတ္တိရေးတဲ့ အကျင့် ရှိတာ တွေ့ရပါတယ်။

ရွှေဥဒေါင်း အမည်မဖော်ဘဲ ရေးခဲ့တဲ့ စာအုပ်တအုပ်ကတော့ ကာလီဒါသ ၂ ရဲ့ ကြာခြည်သဘာဝ အစစ် ပါ။ မန္တလေးကြီးပွားရေးတိုက်ကနေ သူ့ဆန္ဒနဲ့ ရိုက်ပေးခဲ့ရတဲ့ ကာမပညာပေး စာအုပ်ကြီး ဖြစ်ပါတယ်။

ကျန်းမာရေး ပညာပေး အဖြစ် သူဘာသာပြန်တဲ့ အာဟာရနဲ့ ကျန်းမာရေး စာအုပ် ကျော်ကြားသလို ဒိဋ္ဌေဒိဋ္ဌမတ္တံလက်တွေ့ကျင့်စဉ်အကြံဉာဏ်ဖြင့်ကြီးပွားရေး စတဲ့ဘာသာရေးနဲ့ တက်ကျမ်းစာအုပ်တွေကလည်း ထင်ရှားပါတယ်။

ရွှေဥဒေါင်း ရေးသားခဲ့တဲ့ သောတာပန် ပုဂ္ဂိုလ် အရက်သောက်လို့ရသလား ဆောင်းပါးကြောင့်လည်း စာပေနယ်မှာ ဂယက်ရိုက်ခဲ့ပါတယ်။

ဘာသာရေး လိုက်စားမှုမှာ မိရိုးဖလာထက် ကျော်လွန် စမ်းသပ်ချင်တဲ့ မိဘတွေနဲ့ ကြီးခဲ့ရတဲ့ ရွှေဥဒေါင်းဟာ ပြည်ပ အတွေးအခေါ် စာပေတွေကို ဖတ်ရှုရင်း ထင်ရာကို ရဲရဲရေးခဲ့တာ ဖြစ်ပါတယ်။

မဟာစည် ဆရာတော်ကို စစ်ကိုင်းမှာ စတင်ကိုးကွယ်သူတွေထဲမှာလည်း ရွှေဥဒေါင်း အပါအဝင် ဖြစ်ပြီး မန္တလေးမှာ အင်္ဂလိပ်စာတတ်ပုဂ္ဂိုလ်တွေ တည်ထောင်တဲ့ ဗုဒ္ဓအလင်း စာစောင်မှာလည်း အယ်ဒီတာ အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့ပါတယ်။

မန်ကျည်းတုံ နွယ်ဖွား အဖြစ် ဂုဏ်ယူတဲ့ ရွှေဥဒေါင်းဟာ ရွှေဘိုနဲ့ ကသာနောက်ခံ ဝတ္ထုတွေလည်း အများအပြား ရေးခဲ့ပါတယ်။

သူ့ပထမဆုံး ဝတ္ထု ရန်ကြီးအောင် ကလည်း ရွှေဘိုနယ်နောက်ခံ ဖြစ်ပါတယ်။

သူ့ဆွေမျိုးထဲက သူ့စာပေအမွေ ဆက်ခံသူကတော့ ကွယ်လွန်သူ လူထုစိန်ဝင်း ဖြစ်ပြီး တူတော်ပါတယ်။

သူ့စာမူခ ရန်ပုံငွေတွေကို စုစည်းပြီး ဆွေမျိုးများက မန်ကျည်းတုံမှာ အထက်တန်းကျောင်း ဆောက်လှူခဲ့ပါတယ်။

သူ့စာအုပ်တွေ အများကြီး ပြန်ထွက်နေပေမယ့် ရွှေဥဒေါင်းရဲ့ အစောပိုင်း လက်ရာတွေထဲက ရတနာပူရ ဖော်ကွာဝေး ပြည်ပေါက္ကံ စတဲ့ ဝတ္ထုတချို့ဟာ ခုထိ စာအုပ်အဖြစ် မထုတ်ဝေရဘဲ သတင်းစာတွေထဲမှာ တိမ်မြုပ် နေတာနဲ့ ပျောက်ဆုံးသွားတာတွေ ရှိခဲ့ပါတယ်။

သတင်းစာ ခေါင်းကြီး အများအပြားကိုလည်း ခုထိ စာအုပ်အဖြစ် စုစည်းမရိုက်ရသေးပါဘူး။

ရွှေဥဒေါင်းရဲ့ ဟုတ်တိုင်းမှန်ရာကို မထောက်မညှာ ရေးလိုတဲ့ ဆန္ဒကတော့ ဘက်မလိုက်တဲ့ သတင်းသမား စာသမားတွေအတွက် ဆက်ပြီး အားကိုးတခု ဖြစ်နေပါတယ်။

ဒါကြောင့် လူထု ဒေါ်အမာက တချိန်က ဦးလေးသိန်းစကားတွေဟာ ပညာတတ်ဉာဉ်ပါတယ် ထင်ခဲ့ပေမယ့် ခုတော့ ဆိုရှယ်လစ်ဆိုတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီ ဒီမိုကရေစီ ဆိုတဲ့ အသံတွေ မြည်ဟည်းနေတာ ဦးလေးသိန်း မြင်စမ်းစေချင်တယ် ဆိုပြီး စာရေးဆရာကြီး ရွှေဥဒေါင်း ရာပြည့် အမှတ်တရစကား ပြောကြားခဲ့ပါတယ်။

အဲဒီအချိန်က အရှေ့ဥရောပမှာ ဆိုရှယ်လစ် စနစ်ပြိုကွဲပြီး ပါတီစုံစနစ်နဲ့ စျေးကွက်စီးပွားရေး စနေချိန် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း စစ်တပ်ကြီးစိုးတဲ့ လမ်းစဉ်ပါတီ အစိုးရပြုတ်ကျပြီး ရွေးကောက်ပွဲလုပ်ဖို့ တာစူနေချိန် ဖြစ်ပါတယ်။