ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မော်ဒယ်လုပ်တဲ့ မသန်စွမ်း ထိုင်း မိန်းကလေး - ခြေနှစ်ချောင်းမပါပေမယ့် စကိတ်စီး ကျွမ်းကျင်သူ
အသက် ၂၆ နှစ် အရွယ် ရောက်နေပြီဖြစ်တဲ့ ထိုင်းလူမျိုး အမေရိကန်သူ ကင်ညာ ဆက်ဆာ Kenya Sesser ဟာ မွေးရာပါ ခြေနှစ်ဘက်စလုံး မပါဘဲ မွေးဖွား လာခဲ့သူဖြစ်ပါတယ်။
မိဘ စွန့်ပစ်တာ ခံခဲ့ရတဲ့ မသန်စွမ်းသူလေး ဖြစ်ပေမဲ့ သူ့ရဲ့ အပြုသဘောဆောင်တဲ့ စိတ်ဓါတ်ခွန်အား တွေကို လျော့ပါး မသွားစေနိုင်ခဲ့ပါဘူး။
ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ အားပြုနေရတဲ့ အာရှတိုက်သူ ကင်ညာ ဆက်ဆာဟာ နက်မှောင်တဲ့ ဆံကေသာ၊ ညိုညက်တဲ့ အသားအရည်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ တောက်ပတဲ့ မျက်ဝန်းအစုံကို ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။
တခြားသူတွေ ခြေထောက်နဲ့ စီးကြတဲ့ ဘီးတပ်စကိတ်ပြား Skateboard ကို ခြေထောက်သုံးမယ့် အစား သူ့ရဲ့ သန်မာတဲ့ လက်နှစ်ဘက်နဲ့ စီးနေတာတွေ့ရတဲ့ ဗီဒီယိုတွေကို ကြည့်ရတာ မသန်စွမ်းသူ တစ်ယောက်မို့ မလုပ်နိုင်တာ မရှိနိုင်ပါဘူးဆိုတာ သရုပ်ဖော် ပြနေသလိုပါပဲ။
ကင်ညာ ဆက်ဆာ လုပ်နိုင်စွမ်းက ဒီတစ်ခုထဲသာ မဟုတ်ပါဘူး။ သူဖြစ်ချင်တဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်သူတွေအတွက်လည်း အားကျအတုယူစရာကောင်းတဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်ပါတယ်။
ကင်ညာ ဆက်ဆာရဲ့ ဘဝ ဇာတ်ကြောင်း
ကင်ညာ ဆက်ဆာကို Nakhon Ratchasima ခရိုင် Pak Chong မှာ မွေးဖွားခဲ့ပြီး သူ့မိခင်က Mitaparb လမ်းဟောင်းပေါ်မှာ စွန့်ပစ်ခဲ့ပါတယ်။
အမျိုးသား တစ်ယောက်က သူ့ကို တွေ့သွားခဲ့ပြီး Pak Chong Nana ဆေးရုံဆီ ခေါ်သွားခဲ့ပါတယ်။
သူ့ကို ဆေးရုံဝန်ထမ်းတွေက အသက် ၄ နှစ် အရွယ် အထိ ပြုစု စောင့်ရှောက်ခဲ့ကြတဲ့ အတွက် သူတို့တွေက ကင်ညာ ရဲ့ မိခင်တွေ လို့ ဆိုရပါလိမ့်မယ်။
အသက် ၄ နှစ်ရောက်တော့ သူတို့က ကင်ညာကို Sahathai Foundation ဆိုတဲ့ လူမှုဖူလုံရေး အဖွဲ့လက်ထဲ လွှဲပေးလိုက်ပါတယ်။
သူ့ရဲ့ ၆ နှစ်ပြည့် မွေးနေ့ မတိုင်ခင်ကလေးမှာ အမေရိကန် ဇနီးမောင်နှံ ဒေးဗစ်နဲ့ ဂျိန်း ဆက်ဆာတို့က အဲဒီအဖွဲ့ကတဆင့် မွေးစားခဲ့ပြီး အမေရိကန်ကို ခေါ်သွားခဲ့ ပါတယ်။
ဆယ်စုနှစ် နှစ်ခုအကြာမှာတော့ ကင်ညာ ဆက်ဆာ ဘယ်သူလဲ ဆိုတာ သူမော်ဒယ်လုပ်တဲ့ နာမည်ကျော် Nike နဲ့ Billabong အမှတ်တံဆိပ် ကြော်ငြာတွေကတဆင့် လူအများ စတင် သိလာကြပါပြီ။
အခု လက်ရှိပြနေတဲ့ အမေရိကန်က နာမည်ကျော် "The Walking Dead" ဆိုတဲ့ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲမှာ ၂၀၁၅ ခုနှစ်တုန်းက စပြီး ကင်ညာဆက်ဆာ ပါဝင်ခွင့် ရခဲ့ပါတယ်။
စိတ်ဓာတ်ခွန်အား လှုံ့ဆော်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
" မသန်ပေမဲ့ စွမ်းတယ်" ဆိုတဲ့ သူ့ဆောင်ပုဒ် အတိုင်း ကင်ညာ ဆက်ဆာ ဟာ လူငယ် အရွယ်မှာပဲ အောင်မြင်မှုတွေအများကြီး ဆွတ်ခူးထားနိုင်ပြီ ဖြစ်ပါတယ်။
အမေရိကန်မှာ ဘဝသစ် စတင်
ကင်ညာ ကို မွေးစား မိဘတွေက အမေရိကန် ပြည်ထောင်စု သြရီဂွန် ပြည်နယ် ပေါ့တ်လန် မြို့ကို ခေါ်သွားတယ်လို့ Sahathai Foundation လူမှု ဖူလုံရေးအဖွဲ့ရဲ့ ဒါရိုက်တာ မာလီ ချတ်ကန်ဘိုင် Malee Chatkanbhai က ဘီဘီစီ ထိုင်းဘာသာဌာနကို ပြောပါတယ်။
အဲဒီမှာ သူတို့ရဲ့ သား နှစ်ယောက်နဲ့ အတူ ဆက်ဆာ မိသားစုက သမီးအဖြစ် စောင့်ရှောက် လာခဲ့ပါတယ်။
သူတို့နေတဲ့ ရပ်ကွက် အသိုင်းအဝိုင်းကလည်း ကင်ညာကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပြီး သူနေရထိုင်ရ အဆင်ပြေအောင် အတော်ကို ကူညီ စောင့်ရှောက်ကြပါတယ်။
ရပ်ကွက်ထဲ ရောက်လာတဲ့ လူသစ် တစ်ယောက်ကို ကူညီတဲ့ အနေနဲ့ ကင်ညာ တစ်ယောက် ဘီးတပ် ကုလားထိုင်နဲ့ သွားလာနိုင်အောင် လမ်းတွေကို ဆင်ခြေလျှော လမ်းတွေ လုပ်ပေးကြတဲ့ အပြင် ဘေးကင်းကင်းနဲ့ လမ်းကူး နိုင်အောင် မီးပွိုင့်တွေ တပ်ပေး ခဲ့ကြပါတယ်။
ကစားကွင်းလည်း ဆောက်ပေးခဲ့ပြီး ကျောင်းစာကြည့်တိုက်က စာအုပ်စင်ကိုတောင် ပြန်လည် ပြင်ဆင်ပေးခဲ့ပါတယ်။
ကင်ညာရဲ့ မွေးစားမိခင် ဂျိန်းကလည်း လိုလေသေးမရှိ ပံ့ပိုးပေးပါတယ်။
ကင်ညာက အားကစားကို ကြိုက်တယ်၊ အားကစားက သူ့ကို ကြံ့ခိုင်စေရုံသာမက တခြားလူတွေကိုလည်း အားကျစရာဖြစ်စေတယ်လို့ ပြောပါတယ်။
ငယ်ငယ်ကဆို သိပ်ကို တက်ကြွတဲ့ ကလေး တစ်ယောက် ဖြစ်တယ်၊ ဘာပဲဖြစ်ဖြစ် လုပ်ချင်စိတ်ရှိတယ်လို့ ပြောပါတယ်။
ဘတ်စကက်ဘော၊ တင်းနစ်၊ ရေကူး၊ ရတ်ဘီ စတဲ့ အားကစားတွေ အားလုံးမှာ သူပါခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က လန်ဒန်မြို့တော်မှာ ကျင်းပခဲ့တဲ့ မသန်းစွမ်း အားကစား ပြိုင်ပွဲမှာ Monoski လို့ခေါ်တဲ့ ရေခဲပြင်ပေါ်မှာ စကီးပြား စီးတဲ့ အားကစားနည်း အတွက် အမေရိကန် ကိုယ်စားပြု ပြီး ပါဝင် ယှဉ်ပြိုင်ခွင့် ရခါနီး အထိ ဖြစ်ခဲ့ ပါတယ်။
အလှအပ စံသတ်မှတ်ချက်ရဲ့ စိန်ခေါ်မှုများ
ဆယ်ကျော်သက် အရွယ် အသက် ၁၅ နှစ်မှာ သြရီဂွန်က အဖွဲ့ တစ်ဖွဲ့က ကင်ညာကို ဆက်သွယ်လာပြီး သူ့ဘဝမှာ အဖြစ်ချင်ဆုံး အရာ သုံးခုက ဘာလဲလို့ မေးလာခဲ့ ပါတယ်။
တစ်ခုကတော့ မော်ဒယ်ဖြစ်ချင်တဲ့ ဆန္ဒပါ။ နောက်တော့ အဲဒီ ဆန္ဒ ပြည့်ဝ လာခဲ့ပါတယ်။
ကင်ညာကတော့ အလှအပ ဆိုတာ ဘာလဲ ဆိုတဲ့ စံသတ်မှတ်ချက်ကို ပြောင်းလဲဖို့ ကြိုးစား နေတယ်၊ အလှ ဆိုတာ အပေါ်ယံမှာ မြင်ရတာကို တိုင်းတာလို့ မရဘူးလို့ ဆိုပါတယ်။
လူတိုင်းမှာ အလှကိုယ်စီရှိကြတယ်လို့ ကင်ညာက ယူဆပါတယ်။
စိတ်ထားပေါ်မူတည်
သူ့ကို ပထမဆုံး လူတွေက စတွေ့တဲ့ အခါ ကိုယ်လက် အင်္ဂါမစုံသူ တစ်ယောက်ကို မြင်တွေ့လိုက်တော့ အနေရခက်မခက် ဆိုတာနဲ့ ပတ်သက်ပြီး ကင်ညာက သူ့ကို လူတွေက အပြုသဘော မဆောင်တဲ့ သဘောမျိုး ဘယ်လိုပဲ ထားထား သူကတော့ အလေးမထား ပါဘူးလို့ ပြောပါတယ်။
သူ့ရဲ့ အောင်မြင်မှုတွေကို ကြည့်ရင်လည်း သူဟာ ခန္ဓာကိုယ် ချို့တဲ့ပေမဲ့ လွယ်လွယ်နဲ့ ဇွဲမလျှော့တတ်သူ ဆိုတာ မြင်သာပါတယ်။
သာမန် ဆယ်ကျော်သက် အရွယ်တွေလိုပဲ ကင်ညာလည်း အဲဒီ အရွယ်က သူဘာလုပ်ချင်မှန်းမသိ၊ သူ့ကိုယ်သူ ဘာမှန်းမသိ လမ်းစပျောက်နေခဲ့တဲ့ အဖြစ်မျိုးလည်း ရှိခဲ့ဖူးပါတယ်။
လူတိုင်းကတော့ ဘဝ တစ်သက်တာလုံး ရာနှုန်းပြည့် အောင်မြင်နေစရာ မလိုပါဘူး၊ ဘဝကနေ သင်ခန်းစာတွေ ယူရတာမို့ ကျရှုံးတာရှိမယ်၊ အဲဒီကနေ ပြန်ရုန်းထွက်ဖို့ပဲ ရှိတယ်၊ ကိုယ့်ကိုကိုယ် ဒုက္ခမပေးမိစေနဲ့လို့ ကင်ညာက ပြောပါတယ်။
တခြား လူတွေ ဘာပဲ ပြောပြော ကိုယ့်ဘဝကို ကိုယ်ပိုင်တယ်၊ ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာကိုပဲ လုပ်ပါလို့ ကင်ညာက အကြံပေးပါတယ်။
ဘဝတစ်ခုကနေ အကောင်းဆုံး အခွင့်အရေး တစ်ခုတော့ ရကြမှာပဲ ဖြစ်တယ်၊ အဲဒါကို အကျိုး အရှိဆုံး အသုံးချနိုင်အောင် ကြိုးစားပါလို့ သူက ဆိုပါတယ်။
နွေးထွေးတဲ့ ပထမဆုံး အိမ်လေး
၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ကင်ညာ တစ်ယောက် သူ့ကို မွေးရပ်မြေက အိမ်ကလေးဆီ ပြန်လည် ခြေချ လာခဲ့ပါတယ်။ အိမ်ဆိုပေမဲ့ တကယ်တော့ Pakchong Nana ဆေးရုံပါ။
၄ နှစ် သမီး အရွယ်အထိ သူ့ကို ပြုစု စောင့်ရှောက်ခဲ့တဲ့ သူနာပြု ဆရာမကြီးကို မြင်လိုက်ရတော့ အတိတ်က အကြောင်းတွေ ကင်ညာ့ စိတ်အာရုံထဲ အပြေး ဝင်လာခဲ့ပြန်ပါတယ်။
သူနာပြု ဆရာမကြီးရဲ့ နာမည်က Boonchan Chaikwang လို့ခေါ်ပါတယ်။ ကင်ညာက သူ့က ထိုင်းလို မေချန် Mae Chan လို့ ခေါ်ပါတယ်။ မြန်မာလိုတော့ အမေလို့ အဓိပ္ပါယ် ရပါတယ်။
မေချန်က သူ့ရဲ့ ဘီးတပ် ကုလားထိုင်ကို တွန်းပြီး ဆေးရုံက အခန်းခန်း အဆောင်ဆောင်ကို ဖြတ်လာရင်းနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ကင်ညာ အကြောင်း ပြောပြပါတယ်။
အားလုံးက တအံ့တသြနဲ့ ဟုတ်လား၊ တကယ်လား စသဖြင့် မေးကြပြောကြ လုပ်ခဲ့ကြပါတယ်။
ကလေးဘဝက သူ့ရဲ့ မိခင် အားလုံးကတော့ ကင်ညာ အခုလို အခြေအနေမျိုးနဲ့ အောင်မြင်တဲ့ ဘဝ ရောက်နေတာကို ကျေနပ် ဂုဏ်ယူ နေကြပါတယ်။
မိသားစု ဆိုတာ ဘာလဲ
ကင်ညာက သူ့ကို ပြုစု စောင့်ရှောက်ခဲ့ကြသူတွေဟာ သူ့ရဲ့ မိသားစုတွေပါပဲလို့ ပြောပါတယ်။
သူ့ရဲ့ မိဘရင်းတွေကို တွေ့ချင်လိုက်တာဆိုတဲ့ စိတ်ကူးမျိုး ရှိခဲ့ သလား လို့ မေးကြတာတွေကို ကင်ညာက ရင့်ကျက်သူပီပီ တွေ့ချင်တယ် လို့ပြောပါတယ်။
သူ့ကိုမွေးဖွားခဲ့ရာ ဆေးရုံကို အလည်ပြန်သွားခဲ့ချိန်မှာ ကင်ညာက သူ့ရဲ့ မိခင်ရင်း နေရာမှာ သူသာ ဆိုရင် သူ့အမေလုပ်သလို လုပ်ချင်မှ လုပ်ခဲ့မိမယ် လို့ ပြောပါတယ်။
ဘယ်အရာမဆို ဖြစ်လာရတာတွေမှာ အကြာင်းတရားတွေ ကိုယ်စီရှိတယ်လို့ ကင်ညာက ပြောပါတယ်။
အခုတော့ ကင်ညာ အဖို့ လက်ရှိ ဘဝမှာ ကျေနပ် ပျော်ရွှင် နေပါပြီ။
သွေးသားတော်စပ်မှ၊ DNA တူမှ မိသားစုမဟုတ်ပါဘူးလို့ ကင်ညာက ပြောပါတယ်။
သူ့ကို ကျွေးမွေး ပြုစု စောင့်ရှောက်လာခဲ့သူတွေ အားလုံးဟာ သူ့ရဲ့ မိသားစုတွေ ဖြစ်တယ်၊ အဲဒီ လူတွေ အတွက် သူ အကောင်းဆုံး လုပ်ဆောင်မယ်လို့ ကင်ညာက ပြောပါတယ်။
အခုတော့ ကင်ညာ့မှာ ကမ္ဘာလှည့်ပြီး မသန်စွမ်းသူတွေရဲ့ ဘဝ တိုးတက်ရေး လုပ်ချင်တယ်၊ မသန်စွမ်း ကလေးတွေကို မွေးစားချင်တယ် ဆိုတဲ့ သူ့အိပ်မက်တွေ အကောင်အထည်ဖော်ချင်တဲ့ ဆန္ဒ ရှိနေပါတယ်။
ဒါတင်မက ရုပ်ရှင် မင်းသမီး ဖြစ်ချင်တဲ့ သူ့ရည်မှန်းချက်ကိုလည်း ပြည့်အောင် လုပ်ချင်ပါသေးတယ်။
ကင်ညာလို မလျှော့တဲ့ ဇွဲနဲ့ ကြိုးပမ်းသူ တစ်ယောက် အဖို့ သူ့အိပ်မက်တွေ အကောင်အထည် ပေါ်လာဖို့ အလှမ်းမဝေးနိုင်ဘူးလို့ ယူဆရပါတယ်။