ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကချင်တိုက်ပွဲနဲ့ မေးခွန်းထုတ်စရာ ဖြစ်နေတဲ့ ဝ ဦးဆောင်တဲ့ မဟာမိတ်အခန်းကဏ္ဍ
- ရေးသားသူ, စိုင်းထွန်းအောင်လွင်
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
လတ်တလော တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ဒေသအရေးဟာ အစိုးရစစ်တပ်ရဲ့ ဖိအားပေးမှုကြောင့် ဖြစ်ပြီး ဖိအားကြောင့် ပေါ်ပေါက်လာမယ့် နောက်ဆက်တွဲဆိုးကျိုးတွေဟာ စစ်တပ်ရဲ့ တာဝန်သာဖြစ်တယ်ဆိုပြီး ကိုးကန့် MNDAA၊ တအာင်း ပလောင်တပ်ဖွဲ့ တီအန်အယ်လ်အေနဲ့ အေအေ ရခိုင့်တပ်ဖွဲ့ စတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့က ကြေငြာချက် ထုတ်ပြန်ပါတယ်။ သူတို့အနေနဲ့ စစ်ရေးအရ ဖိအား ကာလရှည် ရင်ဆိုင်နေရတဲ့ မဟာမိတ် ကေအိုင်အေ ဘက်ကနေ စစ်ရေး နိုင်ငံရေးအရ ရပ်တည်သွားမယ်လို့လည်း ကြေညာချက် ထုတ်ပြန်ပါတယ်။
တကယ်တော့ သူတို့ ၄ ဖွဲ့စလုံးဟာ ဝ ဦးဆောင်တဲ့ FPNCC ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးပွဲ ညှိနှိုင်းမှု ကော်မတီရဲ့ မဟာမိတ်အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကချင်ပြည်နယ်ဘက်မှာ စစ်တပ်ရဲ့ ထိုးစစ်တွေ ပြင်းထန်လာခဲ့တဲ့ ဧပြီလဆန်းကတည်းကနေ အခုမေလအထိ ဝ ဦးဆောင်တဲ့ မြောက်ပိုင်း အက်ဖ်ပီအန်စီစီအနေနဲ့ ထုတ်ပြန်ချက် တစောင်တောင် မထုတ်ခဲ့တဲ့ ကိစ္စကတော့ တိုင်းရင်းသားတွေအကြား မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ပါတယ်။
အရင်က ယူအန်အက်ဖ်စီလို အဖွဲ့မှာ ကေအိုင်အေ ရှိနေစဉ်ကတောင် အဖွဲ့ဝင် တဖွဲ့ဖွဲ့ အတိုက်ခံရပြီဆိုရင် စစ်ရပ်စဲဖို့ တောင်းဆိုကြောင်း ကြေညာချက်တွေကို မဟာမိတ်အဖွဲ့ကကော တဖွဲ့ချင်းစီကပါ ထုတ်ခဲ့ကြတာ တွေ့ခဲ့ရပါတယ်။
ဒီလောက် လူတွေ ထောင်ချီ နေရပ်စွန့် ထွက်ပြေးနေရတဲ့ အချိန်မှာ ဝ လိုအဖွဲ့တွေက ငြိမ်နေနိုင်တာ တော်တော်အံ့ဩဖို့ ကောင်းတယ်လို့ တရုတ်မြန်မာနယ်စပ်က စစ်ရေးနိုင်ငံရေး လေ့လာသူတဦးကလည်း ပြောပါတယ်။
ရှမ်းအရှေ့ ထိုင်းနယ်စပ်နဲ့ မဲခေါင်မြစ်ကမ်း လာအိုနယ်စပ်က တဆင့် တရုတ်မြန်မာနယ်စပ်အတိုင်း အရှေ့မြောက် အိန္ဒိယနယ်စပ်နားအထိ ရပ်တည်လှုပ်ရှားနေရတဲ့ FPNCC အဖွဲ့ဝင် ၇ ဖွဲ့ဟာ အိမ်နီးချင်း ၄ နိုင်ငံရဲ့ နယ်နိမိတ် မျဉ်းတွေနား အထိ လှုပ်ရှားနေနိုင်တဲ့ အဖွဲ့တွေပါ။ အေအေ ရက္ခိုင့်တပ်မတော် အနေနဲ့ ပလက်ဝ ကျောက်တော်စတဲ့ ရခိုင်တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသမှာလည်း လှုပ်ရှားနေတယ်ဆိုပေမယ့် အဓိက သူတို့အဖွဲ့ဝင်တွေ အများစု ရှိနေတဲ့ နေရာဟာ တရုတ်မြန်မာ နယ်စပ်မှာသာ ဖြစ်ပါတယ်။
အိန္ဒိယနယ်စပ်နားက အန်စီအေလက်မှတ် မထိုးထားဘဲ တဖွဲ့ချင်း အပစ်ရပ်လက်မှတ်ပဲ ထိုးထားပြီး အစိုးရနဲ့ တိုက်ပွဲလည်း သိပ်မဖြစ်တဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ ကလည်း နာဂတောင်တန်းတွေ တလျှောက်မှာ ရှိနေတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလက လုပ်ခဲ့တဲ့ ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ စစ်တပ်တို့အကြား တရုတ်ပြည်မှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ အိန္ဒိယ နယ်စပ်က နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ နာဂကပ်ပလန် အဖွဲ့နဲ့ မဆက်စပ်ဖို့ စစ်တပ်ဘက်က သတိပေးခဲ့ပါသေးတယ်။
နာဂတပ်ဖွဲ့နဲ့ ကေအိုင်အေ လှုပ်ရှားနယ်မြေ ဆက်စပ်ဒေသတွေဟာ အရင်ခေတ်က အသုံးပြုခဲ့တဲ့ စတီးဝဲ ( လီဒိုလမ်းမ) တလျှောက် ဒေသတွေလည်း ဖြစ်ပါတယ်။ အဲဒီလမ်းဟာ တနိုင်းဒေသကို ဖြတ်သန်းသွားတာဖြစ်ပြီး BRI Belt Road Initiative လမ်းကြောင်းအတွက် တရုတ် အိန္ဒိယမြန်မာ ဆက်စပ်နိုင်မယ့် လမ်းအဖြစ် ရှုမြင်ခံထားရတာဖြစ်သလို ကချင်ပြည်နယ်အတွင်းမှာ လမ်းဖောက်လုပ်ရေး စီမံကိန်းအချို့ စတင်ခဲ့ပြီး လည်း ဖြစ်ပါတယ်။
၀ ဦးဆောင်တဲ့ FPNCC အဖွဲ့အကြောင်း တစေ့တစောင်း
အက်ပီအန်စီစီ အဖွဲ့ဖွဲ့ဖို့ ဆိုတဲ့ ကိစ္စဟာ ၂ဝ၁၅ ခုနှစ်လောက်က ပန်ဆန်းမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အစည်းအဝေးတွေကနေ အစပြုခဲ့ပါတယ်။ ၂ဝ၁၅ မေလမှာ လုပ်ခဲ့တဲ့ ပထမအကြိမ် ဆွေးနွေးပွဲမှာ ဝခေါင်းဆောင် ပေါက်ယိုချန်းက သူ့ရဲ့ ဝ ပြည်နယ်အရေးကို တိုင်းရင်းသားတွေဘက်က ထောက်ခံမယ် ဆိုရင် ကျန်တဲ့တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်အရေးကြိုးပမ်းမှုတွေကို ထောက်ခံမယ်လို့ ပြောခဲ့ပါတယ်။
အန်စီအေ ငြိမ်းချမ်းရေးစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့က လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်းမှာတော့ မြောက်ပိုင်းက နယ်မြေချင်းထိစပ်နေတဲ့ အဖွဲ့တွေအကြား မကြာခဏ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ၂ဝ၁၇ နှစ်ဦးပိုင်းမှာ ဒီမဟာမိတ်အဖွဲ့ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
ထူးခြားချက်အနေနဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အခြေစိုက်တဲ့ ချင်းမိုင်ကို လေ့လာသူအဖြစ်နဲ့တောင် အစည်းအဝေး လာမတက်ဖူးတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီဟာ သူ့ရဲ့ စစ်အင်အားသာလွန်မှု ၊ ကြွယ်ဝချမ်းသာမှု ၊ နယ်မြေထိန်းချုပ်နိုင်စွမ်းတို့နဲ့အတူ မဟာမိတ် အဖွဲ့ကို ဦးဆောင်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် မဟာမိတ်အဖွဲ့ရဲ့ မဟာမိတ်အဖြစ် သတ်မှတ်မှုမှာ စစ်ရေး မဟာမိတ်ဖွဲ့မှု မပါခဲ့ပါဘူး။
အသစ်ဖွဲ့မယ့် မဟာမိတ်အဖွဲ့ဟာ စစ်ရေးမဟာမိတ်အဖြစ်ပါ သတ်မှတ်ဖွဲ့စည်းဖို့ လိုတယ်ဆိုတဲ့အကြောင်း ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်က ၂ဝ၁၇ ခုနှစ် နှစ်ဦးပိုင်းက တရုတ်မီဒီယာတခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့ပြီး ဝ အနေနဲ့လည်း ပြတ်ပြတ်သားသား ဦးဆောင်ဖို့လိုတယ်လို့ တိုက်တွန်းခဲ့ပါတယ်။
ဒါပေမယ့် ဖုန်ကြားရှင် မျှော်မှန်းသလိုတော့ မဖြစ်ခဲ့ပါဘူး။ မဟာမိတ်အဖွဲ့ကို ဖွဲ့လိုက်ပေမယ့် နိုင်ငံရေးအရသာ မဟာမိတ်လုပ်ကြမယ် ဆိုတဲ့ သဘောပဲ ဖြစ်လာခဲ့ပါတယ်။ ဖုန်ကြားရှင်အနေနဲ့ သံလွင်မြစ်အရှေ့ဘက်ကမ်း တလျှောက် ကိုးကန့်နယ်ရဲ့ တောင်ဘက် ဝ နယ်က အိမ်နီးချင်းနဲ့ ပတ်သက်လို့ အရင်ကတည်းက သင်ခန်းစာတွေတော့ ရှိခဲ့ဖူးပြီးဖြစ်ပါတယ်။ ပထမအကြိမ် ကတော့ ၁၉၉ဝ ပြည့်လွန်နှစ်တွေက ဖြစ်ခဲ့တဲ့ ကိုးကန့်ဒေသက အဓိက အုပ်ချုပ်သူ အစုနှစ်စု ဖြစ်တဲ့ ဖုန် အိမ်နဲ့ ရန်မိုးလျန် မိသားစုတို့အိမ် ပဋိပက္ခမှာ ဝ တပ်ဖွဲ့ဝင်တွေက ရန်အိမ်ဘက်ကနေ ပူးပေါင်းပြီး ဖုန်ကြားရှင်တို့ကို တိုက်ခိုက်ခဲ့တဲ့အတွက် ကိုးကန့်ပဋိပက္ခကို အကြောင်းပြုပြီး အစိုးရတပ်တွေ ကိုးကန့် နယ်ထဲကို ဝင်ရောက်အခြေချနိုင်ခဲ့တာပါ။
ဒုတိယအကြိမ်ကတော့ ၂ဝဝ၉ ခုနှစ် ကိုးကန့်အရေးအခင်းဖြစ်တော့လည်း နယ်ခြားစောင့်အရေး ငြင်းဆန်တာခြင်း အတူတူ ကိုးကန့် MNDAA နယ်ထဲကို စစ်တပ်ဝင်တိုက်တော့ ဝ တပ်ဖွဲ့က မကူညီခဲ့ပါဘူး။ တရုတ်နဲ့ စစ်အစိုးရ ညှိပြီး ကိုးကန့်ကို ချေမှုန်းတဲ့ပွဲမှာ တပ်ပျက်ပြီး ပြေးရတဲ့ ဖုန်ကြားရှင်အဖို့ ဝ နယ်ထဲဖြတ်တဲ့အချိန်မှာ သူ့သားတွေက သူ့ကို မေ့ဆေးပေးပြီး ခေါ်ထုတ်သွားရတယ် လို့ အရှေ့မြောက်ဒေသက တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တဦးက ပြောပါတယ်။
ဦးဖုန်က တအားစိတ်ဆိုးတယ်၊ ဗကပ ခေတ်ကတည်းက မဟာမိတ်အရင်းတွေဖြစ်ပြီး လုံး၀ မကူတဲ့အတွက်ပါ လို့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ခေတ်ကတည်းက အရှေ့မြောက်ဒေသမှာ လှုပ်ရှားခဲ့တဲ့ အဲဒီခေါင်းဆောင်က ပြောပါတယ်။
အဲဒီနောက် ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ MNDAA တပ်ဖွဲ့ရဲ့ တကျော့ပြန် ကိုးကန့်တိုက်ပွဲ ဆင်နွှဲခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ စစ်တပ်ဘက်က အဲဒီတိုက်ပွဲတွေဟာ ၀ ၊ ကေအိုင်အေတို့လို အဖွဲ့တွေနဲ့ ပတ်သက်မှုရှိတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဒါပေမယ့် ဝ ၊ ကေအိုင်အေ တို့ကတော့ အဲဒီကိစ္စကို ငြင်းဆန်ခဲ့ပါတယ်။ အကဲခတ်တွေကတော့ ကိုးကန့်နယ်ရဲ့ တောင်ဘက်မှာ လွတ်မြောက်နယ်မြေလောက် နီးနီးထိန်းချုပ်ထားတဲ့ ဝ လိုတပ်ဖွဲ့ရဲ့ အကူအညီမပါဘဲနဲ့ ကိုးကန့်တိုက်ပွဲဟာ ဖြစ်စရာအကြောင်းမရှိဘူးလို့ ခိုင်ခိုင်မာမာ ဆိုကြပါတယ်။
အက်ဖ်ပီအန်စီစီ အဖွဲ့ဟာ ဖွဲ့လိုက်ကတည်းက တရုတ်ရဲ့မဟာဗျူဟာ ရည်မှန်းချက်ဖြစ်တဲ့ ရပ်ဝန်းတခု လမ်းကြောင်းတကြောင်း BRI ကို ထောက်ခံကြောင်း ကြေညာခဲ့တဲ့ မဟာမိတ်အဖွဲ့လည်း ဖြစ်ပါတယ်။
အက်ဖ်ပီအန်စီစီ အဖွဲ့ဖွဲ့ပြီးနောက် နေပြည်တော်မှာ လုပ်တဲ့ ၂၁ ပင်လုံ ဒုတိယအကြိမ်ကို တရုတ်ရဲ့ အစီအစဉ်နဲ့ အဲဒီ ၇ ဖွဲ့စလုံး ( ဝ ၊ ကိုးကန့် ၊ တအာင်းပလောင် ၊ အေအေ ရက္ခိုင် ၊ ရှမ်းမြောက်တပ်ဖွဲ့ ၊ကေအိုင်အေ ၊ မိုင်းလား NDAA ) တို့ဟာ လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံ ရာမှာတော့ အန်စီအေမှာ အခြားအဖွဲ့တွေနည်းတူ တန်းတူရည်တူအဖြစ် စစ်တပ်က ပါဝင်ခွင့်ပြုတဲ့ ကေအိုင်အို ၊ ၀ ၊ မိုင်းလား ၊ ရှမ်းမြောက်တပ်ဖွဲ့ SSPP/SSA တို့ကို တစု ၊ ၂ဝ၁၅ ကိုးကန့် တိုက်ပွဲမှာ ပါဝင်လို့ တပ်ရဲ့ အမျက်တော်ရှ ခြင်းခံရကာ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ရန် ဆန္ဒရှိတယ်လို့ ကြေညာမှ အန်စီအေမှာ ပါဝင်ခွင့်ရမယ်လို့ ကြေညာထားခဲ့တဲ့ တအာင်းပလောင် TNLA ၊ ကိုးကန့် MNDAA ၊ အေအေ ရက္ခိုင့်တပ်မတော် တို့က တစု သီးခြားစီတွေ့ဆုံခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ နိုင်ငံရေးမဟာမိတ်လို့ ဆိုပေမယ့် ပုံမှန်ဆွေးနွေးမှု နည်းပါးလှပြီး လှုပ်ရှားမှုလည်း သိပ်မရှိလှပါ။
၂၁ ပင်လုံ ဒုတိယအကြိမ်ကို လာကတည်းက အဖွဲ့အတွင်းမှာ မကြေလည်မှု ရှိခဲ့တယ်လို့ အဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒါကတော့ အဖွဲ့တွေ အချင်းချင်း ကြိုတင်ညှိနှိုင်းထားမှု မရှိဘဲ နိုင်ငံရေးစာတမ်းဆိုတာကို နေပြည်တော်လာဖို့ ကူမင်းလေဆိပ်ရောက်မှ ၀ တပ်ဖွဲ့ဘက်က ထုတ်ပြခဲ့တဲ့အတွက် ဖြစ်ပါတယ်။ အဲဒီစာတမ်းကိုလည်း မဟာမိတ်အဖွဲ့ရဲ့ သဘောထားဆိုပြီး ခေါင်းစဉ်တပ်ထားတာပါ။
ထူးခြားမှုကတော့ အဲဒီအက်ဖ်ပီအန်စီစီအဖွဲ့မှာ အထွေထွေအတွင်းရေးမှူးအဖြစ် ဝေ့ရှောက်ကမ်း( ဝ တပ်ဖွဲ့ရဲ့ အဓိက ဘဏ္ဍာရေး ပံ့ပိုးသူနဲ့ မူးယစ်ဆေးဝါး လုပ်ငန်းအတွက် တာဝန်ရှိသူအဖြစ် နိုင်ငံတကာက သတ်မှတ်ခြင်းခံရသူ ) နဲ့ နီးစပ်သူ ကျောက်ကော်အန်းကို အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ်ထားမှုပဲဖြစ်တယ်လို့ ရှမ်းဘာသာနဲ့ ထုတ်ဝေတဲ့ သျှန်ပိုင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဝေ့ရှောက်ကမ်းရဲ့ ဩဇာက မဟာမိတ်အဖွဲ့အတွင်း ဘယ်လောက်ရှိသလဲဆိုတာ အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် တွေဘက်ကို မေးကြည့်တော့ ဝေ့ရှောက်ကမ်းရဲ့ ပတ်သက်မှုကို အတည်ပြုကြတာ မရှိသလို ငြင်းဆန်မှုလည်း မပြုကြပါဘူး။
ဝေ့ရှောက်ကမ်းရဲ့ ညီဖြစ်သူကတော့ ၀ တပ်ဖွဲ့ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ၈ ဦးမှာ ပါဝင်နေပါတယ်။
သျှန်ပိုင်း ရှမ်းဂျာနယ်ရဲ့ ဖော်ပြချက်မှာတော့ ဝေ့ရှောက်ကမ်းဟာ ပြီးခဲ့တဲ့ မတ်လအက်ဖ်ပီအန်စီစီ အစည်းအဝေးမှာ ပါဝင်ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဝေ့ရှောက်ကမ်းဟာ ပြီးခဲ့တဲ့လတွေ အတွင်းက အစိုးရ စစ်တပ်တို့နဲ့ ဝ တပ်ဖွဲ့တို့အကြား တဖွဲ့ချင်းအလိုက်ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့ဖွယ်ရှိတယ်ဆိုတဲ့ အကဲခတ်တွေရဲ့ အကဲဖြတ်ချက်တွေလည်း ရှိနေပါတယ်။ အစည်းအဝေး နှစ်ကြိမ်လောက်ဟာ တရုတ်နိုင်ငံအတွင်းမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွေလည်း ဖြစ်ပါတယ်။
အက်ဖ်ပီအန်စီစီက နိုင်ငံရေးမဟာမိတ်လုပ်တယ်၊ အပစ်ရပ်စဲရေးကို အားလုံးပါဝင်ရေး အလေးထားတယ် လို့ မူဝါဒချမှတ်ထားပေမယ့်လည်း အဖွဲ့ဝင်တွေဖြစ်တဲ့ ဝ ၊ မိုင်းလား တို့ဟာ အစိုးရ တပ်တို့နဲ့ အစောပိုင်း ကတည်းက တဖွဲ့ချင်းအလိုက် ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး စစ်ရေးဖိအားအောက်မှာ ရှိတဲ့ ကေအိုင်အေနဲ့အတူ အစိုးရတပ်နဲ့ တခါတရံတိုက်ပွဲ ပြင်းထန်တတ်တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ ရှမ်းမြောက်တပ်ဖွဲ့တို့ကလည်း အစိုးရနဲ့ တဖွဲ့ချင်း အလိုက် ဆွေးနွေးမှုတွေ ရှိလာခဲ့ပါတယ်။
ဝနဲ့ မိုင်းလားအဖွဲ့တွေ ကတော့ သူတို့အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမရှိဘဲ အရင်အစိုးရတွေနဲ့ ချုပ်ထားတဲ့ စာချုပ်တွေပါ ဖွံ့ဖြိုးရေး ကိစ္စတွေကိုသာ ဆက်လက်အကောင်ထည်ဖော်နိုင်ဖို့ ဆွေးနွေးတာလို့ ပြောဆိုလေ့ရှိပါတယ်။
မဟာမိတ်အဖွဲ့လိုက် မဟုတ်ဘဲ တဖွဲ့ချင်းအလိုက် ဆွေးနွေးမှုတွေက အက်ဖ်ပီအန်စီစီရဲ့ အခန်းကဏ္ဍကို မေးခွန်းထုတ်စရာဖြစ်နေသလို ကချင်စစ်ပွဲမှာလည်း မဟာမိတ်အဖွဲ့က အသံတိတ်နေတဲ့အတွက် ဒါဟာ မဟာမိတ် အဖွဲ့ဝင်တွေ အကြား ကောင်းတဲ့ လက္ခဏာမဟုတ်ဘူးလို့ မြင်တယ်၊ နောက်နှစ် ၃ ကြိမ်မြောက် အက်ဖ်ပီအန်စီစီ အစည်းအဝေး ကျင်းပဖြစ်မဖြစ်ကိုတောင် စောင့်ကြည့်ဖို့ လိုနေပြီလို့ ရှမ်းဘာသာနဲ့ ထုတ်ဝေတဲ့ သျှန်ပိုင်း သတင်းဂျာနယ်က အယ်ဒီတာ စိုင်းဇင်က မှတ်ချက်ပြုပါတယ်။
၀ တပ်ဖွဲ့ရဲ့ မျှော်မှန်းချက်နဲ့ ပကတိအနေထား
'၀ တပ်ဖွဲ့က ဘာမှ ဖက်ဒရယ်တွေဘာတွေနားလည်တာမဟုတ်ဘူး၊ သူ့နယ်မြေအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးလေး ခိုင်ခိုင်မာမာရရင် ကျေနပ်မယ့်သူပါ၊ ကချင်က ၀ နဲ့ မဟာမိတ်သွားလုပ်မယ်ဆိုတော့ စစ်ရေးမပါဘဲ ဘာလို့ နိုင်ငံရေးအရ သွားလုပ်မလဲဆိုပြီး ကျွန်တော်တောင် အံ့ဩနေတာ၊ အစဉ်အလာအရ ကေအိုင်အေက ဖက်ဒရယ်အရေး လိုချင်တဲ့အဖွဲ့ဖြစ်တယ်လို့ ပြောလာသူကတော့ ဗကပခေတ်က ပေါက်ယူချန်းတပ်မှူးအဖြစ် ဆောင်ရွက်ရတဲ့ ၀ တပ်မှာ နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အခု နိုင်ငံရေးလေ့လာသုံးသပ်တဲ့ ဆောင်းပါးတွေရေးသားနေသူ ဦးသန်းစိုးနိုင်ပဲ ဖြစ်ပါတယ်။
၀ တပ်ဖွဲ့က ၀ ပြည်နယ်သတ်မှတ်ပေးရေး တောင်းဆိုလေ့ရှိပါတယ်။ တကယ်တော့ သူတို့ လက်ရှိထိန်းချုပ်ထားတဲ့ နယ်မြေဟာ ဘယ်လ်ဂျီယံနိုင်ငံရဲ့ အကျယ်အဝန်း ထက်တောင် ကျယ်ဝန်းနေပြီဖြစ်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံပါ ၀ ဒေသ ၆ မြို့နယ်အနက် ၄ မြို့နယ်ဟာ UWSA ၀ တပ်ဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသလို ထိုင်းမြန်မာနယ်စပ် တလျှောက် ရှမ်းပြည်နယ် အရှေ့ပိုင်းက တာချီလိတ်ကနေ မိုင်းပန်အထိ ဒေသတွေမှာလည်း ခွန်ဆာ ၊ ဗိုလ်ချုပ်ယွက်စစ်တို့ရဲ့ MTA ၊ RCSS/SSA တို့ကို စစ်အစိုးရတပ်တွေနဲ့ ပူးတွဲထိုးစစ်ဆင် သိမ်းယူထားခဲ့တဲ့ နယ်မြေတွေလည်း ရှိနေပါတယ်။ အဲဒီနယ်မြေတွေက ဝေ့ရှောက်ကမ်းရဲ့ ညီဖြစ်သူ ဝေ့ရှောက်ရင် အုပ်ချုပ်တဲ့ နယ်တွေဖြစ်ပါတယ်။
ဒါ့အပြင် ဌာနချုပ်ပန်ဆန်းအတွက် တောင်ဘက်ထွက်ပေါက် ဖြစ်တဲ့ မိုင်းလားဒေသကိုလည်း ၂၀၁၆ ခုနှစ်ကတည်းက စီးနင်းထားခဲ့တာပါ။
၀ တပ်ဖွဲ့အတွင်း ထိပ်တန်းရာထူး အပြောင်းအလဲတချို့ ဒီနှစ်ဦးပိုင်းက လုပ်ခဲ့ပေမယ့် ပေါက်ယိုချန်းအုပ်စုနဲ့ ဝေ့ရှောက်ကမ်း အုပ်စုရဲ့ အစုအဖွဲ့အလိုက် ထိပ်သီးရာထူး ရယူထားမှုကတော့ တွေ့နေရဆဲဖြစ်တယ်လို့ တရုတ်မြန်မာ နယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ်တဦး ကလည်း ပြောပါတယ်။ သျှန်ပိုင်းဂျာနယ်ရဲ့ ဖော်ပြချက်မှာတော့ အဲဒီအုပ်စုနှစ်စုအကြား ရံဖန်ရံခါ အားပြိုင်မှုတွေ ရှိတတ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။ အုပ်ချုပ်မှုကလည်း ကွန်မြူနစ် စနစ်ကို အခြေခံထားတဲ့ စနစ်ကို ကျင့်သုံးနေတာဖြစ်ပြီး လစ်ဘရယ် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဒီမိုကရေစီ အလေ့အထလည်း သိပ်မရှိလှပါ။
ဝ တပ်ဖွဲ့နဲ့ နီးစပ်သူတွေကတော့ ပေါက်ယိုချန်း အုပ်စုနဲ့ ဝေရှောက်ကမ်း အုပ်စုနှစ်စုမှာ ပေါက်ယိုချန်းအုပ်စုက နိုင်ငံရေး အာသီသ ပိုရှိတာ တွေ့ရတယ်လို့ တညီတညွတ်တည်း အကဲဖြတ်ကြပါတယ်။
ဘာကြောင့် ကချင်စစ်ပွဲ ၀ အသံတိတ်နေသလဲ
ပြီးခဲ့တဲ့ မတ်လ အက်ဖ်ပီအန်စီစီအစည်းအဝေးတွေမှာ ဝ တပ်ဖွဲ့ကို အန်စီအေမှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ဆိုတဲ့အချက်ကို တရုတ်က တိုက်တွန်းတဲ့အကြောင်း ဝ ခေါင်းဆောင် ပေါက်ယိုချန်းကနေ ပေးပို့တဲ့ မိန့်ခွန်းမှာ ဖော်ပြထားပါတယ်။ တရုတ်ရဲ့ တိုက်တွန်းချက်တွေထဲမှာ မြန်မာအစိုးရအနေနဲ့ အန်စီအေ စာချုပ်ပေါ် သဘောထား ပြောင်းလဲလာပြီး ဝ ပြည်နယ်အနေနဲ့ တက်ကြွစွာ တုံ့ပြန်သင့်တယ်လို့လည်း တိုက်တွန်းထားတယ်လို့ ဆိုထားတာပါ။ မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ တရုတ်မြန်မာ နယ်စပ်တလျှောက် တိုက်ပွဲကို ဦးစွာ မစတင်ဖို့လည်း တရုတ်က တိုက်တွန်းတယ်လို့ ဖော်ပြထားပါတယ်။
ပေါက်ယိုချန်းရဲ့ မိန့်ခွန်းထဲမှာတော့ တရုတ်သမ္မတသစ် အဖြစ် ရှီကျင့်ဖျင် ရွေးချယ်ခံရမှုနဲ့ ကမ္ဘာတဝှမ်းရှိ ပြည်သူတွေအတူတကွ တိုးတက်ရေး ခံယူချက်နဲ့ ပိုးလမ်းမ စီမံကိန်းဟာ မြောက်ပိုင်းရဲ့ ငြိမ်းချမ်းရေး ကိစ္စနဲ့ ပိုးလမ်းမစီမံကိန်းအတွင်း ပါဝင်ဖို့ ကိစ္စကို အကျိုးသက်ရောက်စေမယ်လို့ ဖော်ပြထားပါတယ်။
ငြိမ်းချမ်းရေး ကိစ္စဟာ မြောက်ပိုင်းအဖွဲ့တွေအပေါ် မူတည်လာပြီး ပွဲကြည့်ပရိသတ်လုပ်လို့ မရတော့ဘူးလို့ ဆိုထားသလို မိမိတို့ တိုင်းရင်းသားတွေ ရှင်သန် နေထိုင်ရေးနဲ့ ဖွံ့ဖြိုးရေးကို ခိုင်မာစွာ အာမခံချက်ရှိစေရန် ထက်မြက်တဲ့ နိုင်ငံရေး ဉာဏ်ပညာ နည်းပရိယာယ် တွေနဲ့ ရင်ဆိုင်တုံ့ပြန်ဖို့လိုတယ်လို့ ပေါက်ယိုချန်းက ဆိုခဲ့ပါတယ်။
ဝ တပ်ဖွဲ့နဲ့ အစိုးရ သီးခြားဆွေးနွေးမှုတွေအရတော့ အစိုးရနဲ့ စစ်တပ်ဟာ အန်စီအေအပေါ် သဘောထား ပြောင်းလဲမှုတွေ ရှိလာတယ်။ အဓိက ပြောင်းလဲတဲ့ သဘောထားကတော့ အန်စီအေဟာ ပြင်လို့ရတယ်ဆိုတဲ့ အချက်ပဲဖြစ်ပြီး လက်မှတ်ထိုးပြီး မကျေနပ်ရင် နုတ်ထွက်ခွင့်ရှိတယ်ဆိုတဲ့အချက်လည်း ပါဝင်တယ်လို့ ပေါက်ယိုချန်းက ပြောပါတယ်။
၂၀၁၇ ခုနှစ်တုန်းကတော့ အန်စီအေဟာ ၁၉၄၇ ပင်လုံစာချုပ်ကို ချေဖျက်ဖို့ လုပ်ထားတဲ့ စာချုပ်ဖြစ်တဲ့အတွက် အန်စီအေကို ဆန့်ကျင်ဖို့လိုတယ်လို့ ပေါက်ယိုချန်းက ပြောခဲ့ပါတယ်။
အဲဒီအစည်းအဝေး သွားတက်တဲ့ အဖွဲ့ ၅ ဖွဲ့လောက်ကတော့ တရုတ်တနိုင်ငံတည်းကို အားကိုးမနေဘဲ တခြားနိုင်ငံတွေကိုလည်း အားကိုးဖို့ဆိုတဲ့ အချက်ကို တင်ပြကြတယ်လို့ အစည်းအဝေးတက်ခဲ့သူ တဦးကလည်း ပြောပါတယ်။ စစ်ရေးအရပါ မဟာမိတ်ဖွဲ့ဖို့နဲ့ နိုင်ငံရေးအရပါ ၂၁ ပင်လုံက သဘောတူထားတဲ့ အချက်တွေကို ဆန့်ကျင်ကြဖို့ တိုက်တွန်းသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဝေ့ရှောက်ကမ်း အုပ်စုဘက်ကတော့ ၂၁ ပင်လုံမှာ သဘောတူထားတဲ့ ၃၇ ချက်ကို မဆန့်ကျင်ဖို့နဲ့ ၂၁ ပင်လုံအစည်းအဝေး နောက်တကြိမ်အစည်းအဝေးတွေကို လေ့လာသူအဖြစ် ဖိတ်ပါကလည်း သွားတက်ဖို့ဆိုတဲ့ အချက်ကို ဆွေးနွေးခဲ့တယ်လို့ သျှန်ပိုင်းသတင်းက ဖော်ပြထားပါတယ်။
အဲဒီအစည်းအဝေး ရလဒ်ကို တက်ရောက်သူအများစုက ကျေနပ်မှုမရှိကြဘူးလို့လည်း အစည်းအဝေးတက်ရောက်သူတဦးက ပြောသလို ကေအိုင်အေကတော့ လုံး၀ကျေနပ်မှုမရှိဘူးလို့ ကေအိုင်အေ အကြံပေးတဦးကလည်း ပြောပါတယ်။
၀ အနေနဲ့ကတော့ ၁၉၈၉ ဗကပက ထွက်လာကတည်းက ကျဉ်းထဲကျပ်ထဲဆိုရင် မဟာမိတ်တွေကို စွန့်ခွာခဲ့တဲ့ သာဓကတွေ ရှိခဲ့ပြီးဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် ဗကပ ပြိုတော့ ပြည်တွင်း ဒီမိုကရေစီ လှုပ်ရှားမှုတွေလည်း ဆက်ရှိနေချိန် ဖြစ်ပြီး အနောက်နိုင်ငံတွေကလည်း မြန်မာအစိုးရကို ဖိအားပေးနေချိန်မှာ ကိုးကန့် ရှမ်းပြည်တပ်မတော် တို့လို အဖွဲ့တွေက မဟာမိတ်အသစ်ဖွဲ့ရင်ဆိုင်ဖို့ ဝ ကို အကြံပြုတာတွေ ရှိပေမယ့် တရုတ်က မကြိုက်တာကို အကြောင်းပြပြီး ဝ အနေနဲ့ လက်မခံခဲ့ပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံအတည်ပြုပြီး နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အသွင်ပြောင်းရေး စစ်တပ်က ဖိအားပေးခဲ့စဉ်က မြောက်ပိုင်းအဖွဲ့တွေအကြား ဆွေးနွေးညှိနှိုင်းတာတွေ ရှိခဲ့ပြီး တအာင်းပလောင်တပ်ဖွဲ့ကို မွေးထုတ် ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ကေအိုင်အေ ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ၊ တအာင်းပလောင်တပ်ဖွဲ့တို့နဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲပြင်းထန်လာချိန်မှာ ၀ တပ်ဖွဲ့ဟာ ဦးသိန်းစိန်အစိုးရနဲ့ တဖွဲ့ချင်း သွားရောက် တွေ့ဆုံ ဆွေးနွေးပြီး စာချုပ်ချုပ်ခဲ့ဖူးပါတယ်။
ဝ ဦးဆောင်တဲ့ မဟာမိတ်ဆိုတာ ဟန်ရေးပြရုံ သက်သက်သာဖြစ်ပြီး အောင်မြင်ဖို့ မဖြစ်နိုင်တဲ့ မဟာမိတ်ဖြစ်တယ်။ UWSA ဝ အနေနဲ့ တရုတ်ဖိအားကို ကျော်လွန်နိုင်ဖို့ မလွယ်သလို ကေအိုင်အေနဲ့ တိုက်ပွဲဖြစ်တဲ့ လမ်းကြောင်း ကလည်း လီဒိုလမ်းဘက် အဓိကဆိုတော့ Belt Road Initiative လမ်းကြောင်းတွေနား ဖြစ်နေတယ်။ အဲဒီလမ်းကြောင်းတွေပေါ်မှာဖြစ်တဲ့ ကေအိုင်အေ၊ တအာင်းပလောင်တို့နဲ့ တိုက်ပွဲတွေကို သူ့အနေနဲ့ တစုံတရာ ပွင့်ပွင့်လင်းလင်း ကြေညာချက်ထုတ်ပြန် ကန့်ကွက်ဖို့ဆိုတာ မလွယ်လှတဲ့ ကိစ္စဖြစ်တယ်လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
စစ်တပ်အနေနဲ့ ဝ ဟာ မြောက်ပိုင်းအဖွဲ့တွေအနက် အရေးပါတဲ့ အဖွဲ့လို့ ယူဆထားပြီး တရုတ်က ၀ ကိုဖိအားပေးနေချိန်မှာ မြောက်ပိုင်းမဟာမိတ်တွေကို ဖိအားပေးဖို့ အကောင်းဆုံးအချိန်အဖြစ် စစ်တပ်က သေချာပေါက် ယူဆထားနိုင်တာကလည်း ထည့်တွက်ရမယ့်အချက်ဖြစ်နေပါတယ်။