ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံနဲ့ သမ္မတများ
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာနိုင်ငံမှာ သမ္မတ ဆိုတဲ့ ရာထူးကို စတင် သတ်မှတ်တာက ၁၉၂ဝ မှာ တည်ထောင်ခဲ့တဲ့ ဂျီစီဘီအေ မြန်မာ အသင်းချုပ်ကြီးက ဖြစ်ပါတယ်။
အသင်းချုပ် ဥက္ကဋ္ဌ ရာထူး president ကို အင်္ဂလိပ်လို ကနေ သမ္မတလို့ ပြန်ဆိုခဲ့တာပါ။
ဒါကြောင့် ဂျီစီဘီအေ ဥက္ကဋ္ဌ နေရာ ယူခဲ့တဲ့ ဦးချစ်လှိုင်၊ ဦးစိုးသိမ်း၊ ဦးစု စတဲ့ ဂျီစီဘီအေ သမ္မတကြီးတွေ ရှိခဲ့ပါတယ်။
ဗုဒ္ဓဘာသာ အစဉ်အလာအရ ကမ္ဘာဦးက လူတွေ ပထမဆုံး ရွေးကောက်တင်မြှောက်ခဲ့တဲ့ မဟာသမ္မတ မင်းကို ရည်စူး မှည့်ခေါ်ပုံရပါတယ်။
ရခိုင်ပြည် မြောက်ဦးမင်းဆက် နောက်ဆုံးမင်း အမည်ကလည်း မဟာသမ္မတပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး ၁၉၄၈ မှာတော့ သမ္မတ နိုင်ငံ စနစ်ကို ရွေးချယ် ခဲ့ပါတယ်။
ဒီအချိန်က သမတ လို့ပဲ စာလုံးပေါင်းပါတယ်။
၁၉၄၇ အခြေခံ ဥပဒေ ရေးဆွဲခဲ့တဲ့ တိုင်းပြည်ပြု လွှတ်တော်ကို လွတ်လပ်ရေး ရပြီးနောက် ယာယီ ပါလီမန် အဖြစ် ဆက်ထားကာ အဲဒီက တင်မြှောက်တဲ့ သမ္မတကို ယာယီ သမ္မတ အဖြစ် ခေါ်ဝေါ်ပါတယ်။
မြန်မာပြည်ရဲ့ ယာယီ သမ္မတက ညောင်ရွှေ စော်ဘွား စဝ်ရွှေသိုက် ဖြစ်ပါတယ်။ ဗြိတိသျှ အိမ်ရှေ့စံ အဲလဇ္ဇဘက် မင်္ဂလာပွဲ အမီ ၁၉၄၇ နိုဝင်ဘာ ကတည်းက သူ့ကို ယာယီ သမ္မတ အဖြစ် လျာထားခဲ့တာပါ။
အဲဒီအချိန်က ဖွဲ့စည်းပုံ အရ သမ္မတဟာ အဆောင်အယောင် ရာထူး ဖြစ်ပြီး ဝန်ကြီးချုပ် က အာဏာ အရှိဆုံး ဖြစ်ပါတယ်။
အဲဒါကြောင့် ဖဆပလခေတ်မှာ သမ္မတ ဖြစ်ခဲ့ဖူးတဲ့ မန်းဝင်းမောင်က သူ့အနေနဲ့ သမ္မတ ဖြစ်မှ လုပ်တတ်တာ ၃ ခုပဲ ရှိတယ်၊ တောင်ရှည်ပုဆိုးကို မိနစ်ပိုင်းနဲ့ ဝတ်တာ၊ ဂေါက်ရိုက်တာနဲ့ မြင်းစီးတာ လို့ ရယ်စရာ ပြောခဲ့ဖူးပါတယ်။
ဒါပေမဲ့လည်း ဒီအဆောင်အယောင် သမ္မတရာထူး ခန့်ဖို့ ကိစ္စမှာ ၁၉၅၂ ခုနှစ်က ပထမဆုံး သမ္မတ ခန့်ဖို့ မြန်မာ လူမျိုးထဲက ရွေးချယ်ရာမှာ အတိုက်အခံတွေက တို့ဗမာ အစည်းအရုံး နာယကဟောင်းနဲ့ ဂျပန်ခေတ် အတိုင်ပင်ခံ လွှတ်တော် အမတ်ဟောင်း သခင်ကိုယ်တော်မှိုင်း ကို တင်မြှောက်ဖို့ ကြိုးစားခဲ့ပေမယ့် ကိုယ်တော်မှိုင်းက လက်မခံခဲ့ပါဘူး။
ဒီနောက် ဂျီစီဘီအေ သမ္မတဟောင်း ဦးချစ်လှိုင်ကို ခန့်ဖို့ ပမညတ ဘက်က တင်သွင်းခဲ့ပေမယ့် ဖဆပလက တင်သွင်းတဲ့ တရားဝန်ကြီးချုပ်ဟောင်း ဆာဘဦးက ဆာဘွဲ့ကို စွန့်ပြီး သမ္မတ အဖြစ် အရွေးခံရပါတယ်။
ရန်ကုန် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့လည်း ရတဲ့ ဒေါက်တာဘဦးဟာ ဆရာစံကို ကြိုးမိန့်ပေးသူအဖြစ် လေးစားခံရမှု နည်းပေမယ့် သမ္မတ အဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
လူမျိုးအလိုက် အလှည့်ကျ တင်တဲ့ စနစ်ကို ကျင့်သုံးတာမို့ ရှမ်း၊ မြန်မာနဲ့ ကရင် လူမျိုးထဲက သမ္မတတွေကို ရွေးကောက်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ် အာဏာသိမ်းချိန်မှာတော့ ကချင်ထဲက ဆမားဒူးဝါးဆင်ဝါးနောင်ကို သမ္မတ ခန့်ဖို့ လျာထားပြီး ဖြစ်ပေမယ့် အာဏာသိမ်းလို့ ပျက်သွားပါတယ်။
နောက်ပိုင်းမှာ သူ့ကို အာဏာသိမ်း အစိုးရက တရုတ်ပြည် သံအမတ် ခန့်ခဲ့ပါတယ်။
အာဏာသိမ်းပြီး ၁၂ နှစ်ကြာမှ ဒုတိယ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုပြီး သမ္မတ အသစ်ကို ရွေးချယ်ပါတယ်။
အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း သမ္မတ ဖြစ်လာပြီး ၇ နှစ်အကြာမှာတော့ ရာထူးက အငြိမ်းစားယူပြီး လမ်းစဉ်ပါတီ ဥက္ကဋ္ဌ အဖြစ် ဆက်လက် တာဝန်ယူပါတယ်။
သူ့ရဲ့လူယုံလို့ ယူဆကြတဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးစန်းယုကို သမ္မတ နေရာ ထားပြီး ဆက်အုပ်ချုပ်ပေမယ့် ဦးနေဝင်းဟာ နိုင်ငံမှာ အာဏာ အရှိဆုံးလို့ ဆက်ဖြစ်နေပါတယ်။
၁၉၈၈ အရေးအခင်း ကာလမှာ ဦးစန်းယုနဲ့ ဦးနေဝင်းတို့ နုတ်ထွက်ပြီးနောက် ဦးစိန်လွင် သမ္မတ ဖြစ်လာပါတယ်။
အဲဒီနောက် ရက်ပိုင်းမှာပင် သူလည်း နုတ်ထွက်ပြီး ဒေါက်တာ မောင်မောင် သမ္မတ ဖြစ်ပါတယ်။
သူတို့အားလုံးဟာ ဦးနေဝင်းနဲ့ နီးစပ်ပြီး လူယုံတွေ အဖြစ် သတ်မှတ်ခံရသူ ဖြစ်ကြလို့ ဦးနေဝင်း ဆက်လက်အုပ်ချုပ်နေဆဲလို့ လူတွေက ယုံကြည်ကြပါတယ်။
၁၉၈၈ အာဏာသိမ်း အပြီးမှာတော့ အနှစ် ၂ဝ ကျော် ဖွဲ့စည်းပုံ ဥပဒေ မရှိဘဲ စစ်အစိုးရတွေ အုပ်ချုပ်ခဲ့ပါတယ်။
ဦးနုရဲ့ စင်ပြိုင် အစိုးရမှာ သမ္မတဟောင်း ဦးဝင်းမောင်ကို ခန့်အပ်ခဲ့ပေမယ့် ဦးဝင်းမောင်လည်း မကြာခင်မှာ ကွယ်လွန်သွားပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရပေမယ့် အစိုးရ ဖွဲ့ခွင့် မရခဲ့ပါဘူး။
NLD အစိုးရမှာ သမ္မတ တင်မြှောက်ဖို့ စီစဉ်ထားကြတယ် ဆိုတဲ့ မြန်မာစာ ပါမောက္ခဟောင်း ကဗျာဆရာ မင်းသုဝဏ်လည်း သမ္မတ မဖြစ်ခဲ့ပါဘူး။
၂ဝဝ၈ ဖွဲ့စည်းပုံ ရေးအပြီး ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁၁ မှာ သမ္မတသစ် ဦးသိန်းစိန်ကို ရွေးချယ်ခဲ့ပါတယ်။
စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ကြိုက် ရွေးချယ်သွားတာလို့ မြင်ကြတဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် လက်ထက်မှာ ပြုပြင်ရေးတွေ စလုပ်လာ ပါတယ်။
နှစ်ရှည် အကျဉ်းကျ နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် အမတ် ဖြစ်လာသလို နိုင်ငံရေးနဲ့ မီဒီယာမှာလည်း ပိုပွင့်လင်းလာပါတယ်။
ဖဆပလ လက်ထက်ကလို အဂ္ဂမဟာသီရိသုဓမ္မ၊ အဂ္ဂမဟာသရေစည်သူ ဘွဲ့တွေကို သမ္မတကို အပ်နှင်းတာမျိုး ပြန်ရှိလာပြီး သမ္မတရာထူးကတော့ ဦးနေဝင်း လက်ထက်ကလို အာဏာရှိတဲ့ ရာထူး ဖြစ်လာပါတယ်။
၂ဝ၁၅ ရွေးကောက်ပွဲမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် အခြေခံ ဥပဒေ အရ မရလို့ သူ့မိတ်ဆွေ ဦးထင်ကျော် သမ္မတ ဖြစ်လာပါတယ်။
အနှစ် ၅ဝ ကျော်အတွင်း ပထမဆုံး အရပ်သား ထဲက သမ္မတ ဖြစ်ပေမယ့် ဦးထင်ကျော်ဟာ စစ် မိသားစုတွေနဲ့ ဆွေမျိုး တော်စပ်သူလည်း ဖြစ်ပါတယ်။
သူ့မိသားစုနဲ့ ဒေါ်အောင်ဆန်းစုကြည် ဖခင်တို့ ပုဂ္ဂိုလ်ချင်း နီးစပ်တာကလည်း သူ့အတွက် ရာထူးရတဲ့ အကြောင်း တခု ဖြစ်ပါတယ်။
နောက်ပြီး သူဟာ နိုင်ငံရေး သမား အဖြစ် မထင်ရှားဘဲ စာရေးဆရာ အဖြစ်သာ လူသိများပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုတဲ့ ရာထူး တခု တီထွင် ရယူခဲ့ပါတယ်။
ဦးထင်ကျော် လက်ထက်မှာ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ကြား အာဏာ လွန်ဆွဲမှုတွေ ပိုရှိလာတယ်လို့ လူထုကြားမှာ ထင်မြင်မှုတွေ ရှိလာပါတယ်။
သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို သိသိသာသာ သုံးစွဲတာ မတွေ့ရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ အရပ်ဘက် ကိစ္စတွေမှာ လုပ်ပိုင်ခွင့် ပိုရအောင် ကြိုးစား လာပါတယ်။
ဦးထင်ကျော် နုတ်ထွက်ပြီးနောက် ဆက်ခံမယ့် သမ္မတ လက်ထက် လုပ်ပိုင်ခွင့် အပြောင်းအလဲ ရှိမလားကတော့ အားလုံး စိတ်ဝင်စားတဲ့ ကိစ္စ ဖြစ်ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူးကိုတော့ နောက်တက်မယ့် အစိုးရတွေ လက်ထက် ဘယ်လို ဆက်ဆောင်ရွက်မယ် ဆိုတာလည်း မရှင်းသေးပါဘူး။
မြန်မာ နိုင်ငံမှာ ခန့်အပ်ခဲ့တဲ့ သမ္မတတွေဟာ အာဏာရ အစိုးရ အဖွဲ့အစည်းကို ကိုယ်စားပြု ရပ်တည်ရတာ ဖြစ်ပါတယ်။
တချို့ကတော့ အဆောင်အယောင် အဖြစ်ပဲ ရပ်တည်ရတာ ဖြစ်ပြီး တချို့ လက်ထက်မှာတော့ အာဏာကို ကိုင်တွယ် အသုံးချတာ တွေ့ရပါတယ်။
ထူးခြားချက်ကတော့ အမျိုးသမီး သမ္မတ မရှိသေးတာပါပဲ။