အလုပ်သမား ဥပဒေ အားလုံးပြင်မယ်

အလုပ်သမား ဥပဒေတွေ ပြန်လည် ပြင်ဆင် နိုင်ရေး အတွက် အစိုးရ၊ လွှတ်တော်၊ အလုပ်ရှင်၊ အလုပ်သမား တွေနဲ့ နိုင်ငံ တကာ အဖွဲ့ အစည်း တွေ စက်တင်ဘာ ၂၉ နဲ့ ၃၀ ရက်တွေမှာ ဆွေးနွေးခဲ့ကြ ပါတယ်။
လက်ရှိ ကျင့်သုံး နေတဲ့ အလုပ်သမား ဥပဒေတွေဟာ ခေတ်စနစ်နဲ့ မကိုက်ညီ တာတွေ အများအပြား ရှိနေတဲ့ အတွက် အခုလို ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း ဥပဒေ အသစ်တွေ ပြဌာန်း ပေးဖို့လည်း ဆွေးနွေးခဲ့ ကြပါတယ်။
ဥပဒေတွေမှာ အားနည်းချက်တွေ ရှိတဲ့အတွက် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ပြဿနာတွေကို ထိထိရောက်ရောက် မဖြေရှင်းနိုင်ဘူးလို့ အမျိုးသား လွှတ်တော် ပြည်တွင်း ပြည်ပ အလုပ်သမား ရေးရာ ကော်မတီ ဥက္ကဌ ဦးကျော်ထွေးက ပြောပါတယ်။ အလုပ်ရှင် တွေဘက် ကတော့ လောလောဆယ်မှာ အလုပ်သမားတွေရဲ့ နားရက် ခံစားခွင့်တွေက များနေတယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေ ဘက်ကတော့ အနိမ့်ဆုံး လုပ်ခလစာ၊ အလုပ်ထုတ် လျော်ကြေး စတဲ့ ဥပဒေပါ အချက်အလက်တွေက မဖြစ်မနေ ပြင်ဖို့ လိုတယ်လို့ ဆိုပါတယ်။
အစည်းအဝေးတက်ရောက်ခဲ့တဲ့ အလုပ်သမား အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Action Labour Rights အဖွဲ့ တာဝန်ရှိသူ ကိုသူရိန်အောင်ကတော့ အနိမ့်ဆုံး လုပ်ခ ဥပဒေမှာ ရှင်းလင်းချက် မပြည့်စုံသလို အလုပ်ထုတ် လျော်ကြေး ဥပဒေဟာ မမျှတဘူးလို့ ပြောပါတယ်။ ဒါ့အပြင် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ လူမှုဖူလုံရေး ဥပဒေ စတဲ့ ဥပဒေတွေကလည်း အရေးတကြီး ပြင်ဖို့ လိုနေပြီး ဥပဒေပါ အချက်အလက်တွေဟာ ပိုမိုရှင်းလင်း ဖော်ပြဖို့ လိုတယ်လို့ ကိုသူရိန်အောင်က ဆက်ပြောပါတယ်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကတော့ တော်တော်များများ ပြည့်စုံ ကောင်းမွန်နေပြီး အနည်းငယ်သာ ပြင်ဆင်ဖို့ လိုတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်လ်အယ်လ်အို)၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဒိန်းမတ်၊ ဂျပန် အစိုးရတွေ ပါဝင်ကြပါတယ်။




