
လက်ပံတောင်းတောင် စီမံကိန်းကို ဒေသခံတွေ ဆန္ဒပြနေစဉ်
လက်ပံတောင်းတောင် စီမံကိန်း အစီရင်ခံစာကို လက်ပံတောင်းတောင် ကယ်ဆယ်ရေး ကော်မီတီက အဖွဲ့အတွင်း ဆွေးနွေးပြီး လက်ခံနိုင်စရာ မရှိဘူးလို့ ကော်မီတီ နာယာက ဦးအံ့မောင်က ဘီဘီစီကို ပြောပါတယ်။ အဓိကအားဖြင့် ကြေးနီတူးဖေါ်ရေးကို ဆက်လက် ဆောင်ရွက်သင့်တယ်လို့ ထောက်ခံ ရေးသားချက်ကို ကန့်ကွက်တာလို့သိရပါတယ်။
ဒေသခံပြည်သူတွေက လက်ပံတောင်း တောင်ကြီးပျောက်ကွယ်မှာ မလိုလားကြဘူးလို့ ဦးအံ့မောင်က ပြောပါတယ်။
ဒီအစီရင်ခံစာ တွေ့ရှိချက်တွေမှာ လက်ပံတောင်းကြီး ပျောက်ကွယ်မသွားအောင် ဆောင်ရွက်မယ့် အစီအစဉ်တွေ မပါတဲ့အတွက် ဒေသခံတွေက လက်မခံဘဲ လူထုဆန္ဒပြပွဲတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။
အခုအစီရင်ခံစာနဲ့ ပတ်သက်လို့ ဒေသခံပြည်သူတွေကို ကော်မရှင်ဥက္ကဌ ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကွင်းဆင်း ရှင်းပြနေပါတယ်။ ဒီစီမံကိန်းကို ဖျက်သိမ်းရင် ဒေသအတွက်ကော တိုင်းပြည်းအတွက်ပါ အကျိုးမရှိလို့ ရေရှည် အကျိုးကိုကြည့်ပြီး ဆောင်ရွက်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ အစီရင်ခံစာ ထွက်လာပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်လူထုယုံကြည် အားကိုးမှု ဘယ်လိုဖြစ်သွားမလဲလို့ မေးစရာရှိပါတယ်။ လူထုရော တိုင်းပြည်ကပါ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုလေးစားသလို လူထုအကျိုးဆက်သယ်ပိုးမယ်ဆိုရင် ခေါင်းပေါ်တင်ထားမှာဖြစ်ကြောင်း ဒါပေမယ့် လူထုအကျိုးကို ထိခိုက်လာအောင်လုပ်ဆောင်လာ ရင်တော့ ဘယ်လမ်း ဘယ်ပုံဆိုက်ကြမယ်ဆိုတာ မပြောနိုင်ဘူးလို့ စာရေးဆရာ ဦးအံ့မောင်က ဘီဘီစီကို ပြောကြားသွားပါတယ်။












