
ဒေါ်အောင်ဆန်း စုကြည်ကို ဝက်မှေးရွာမှာ ကြိုဆို နှုတ်ဆက် နေကြသူများ
လက်ပံတောင်း တောင် စီမံကိန်း စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာ ခဲ့ပြီး နောက်တစ်နေ့မှာ ကော်မရှင် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် လက်ပန်းတောင်းတောင် ဒေသကို ရောက်လာခဲ့ ပြီး စီမံကိန်းတွေကို ဆက်လက် လုပ်ဆောင် မှသာ တိုင်းပြည်နဲ့ လူမျိုး အတွက် အကျိုး ရှိနိုင်မယ် ဆိုတာကို ပြောခဲ့ ပါတယ်။
ဆားလင်းကြီးမြို့ နယ် ဒုန်းတော ကျေးရွာ မူလတန်း ကျောင်းမှာ လူထု နဲ့ ပထမဆုံး စတင် တွေ့ခဲ့ ပါတယ်။
ကြေးနီ စီမံကိန်းကို ဆက်လုပ်ရင် လက်ပံတောင်း တောင်ကြီး ပျောက်ကွယ်သွားမှာ သေချာ ပေမဲ့ ရပ်တန့် လိုက်ရင် မြန်မာ နိုင်ငံ အပေါ် ပြည်ပက စီးပွားရေး ရင်းနှီး မြှပ်နှံဖို့ ယုံကြည် လောက်တဲ့ နိုင်ငံ မဟုတ်ဘူးလို့ ကမ္ဘာက သုံးသပ် သွားနိုင်လို့ စီမံကိန်းကို ရပ်တန့်ဖို့ မသင့်ဘူးလို့ ဒေါ်အောင်ဆန်း စုကြည်က ဒေသခံ ပြည်သူ တွေကို ပြောခဲ့ ပါတယ်။
ရွာက လူထု အများစုက စီမံကိန်း နဲ့ ပတ်သက်ပြီး လက်မခံ နိုင်တဲ့ အချက်တွေကို မေးကြ ပေမဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင် ခံစာကို အသေအချာ သိထား ကြပုံ မပေါ်ဘူးလို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခရီးစဉ်မှာ လိုက်ပါ သွားတဲ့ ဘီဘီစီ မြန်မာ သတင်းထောက်က ပြောပါတယ်။
ဒေါ်အောင်ဆန်း စုကြည် ကတော့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး သူ တာဝန်ယူ ကြောင်းနဲ့ လူထု အကျိုး၊ နိုင်ငံအကျိုး အပြင် နိုင်ငံရဲ့ ရင်းနှီး မြုပ်နှံမှုတွေ အတွက် ရေရှည်ကို ကြည့်ပြီး စီမံကိန်းကို ဆက်လုပ်ဖို့ သင့်တယ် ဆိုတာ ဒေသခံ တွေကို လာပြောတာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က ဒုန်းတော၊ ကံကုန်း၊ ဝက်မှေး ရွာသစ်၊ ကျော်ရွာ စတဲ့ ရွာတွေကို ဒေါ်အောင်ဆန်း စုကြည် လိုက်လံ ရှင်းပြ တာဟာ လူထုကို လေးစားတယ် ဆိုတာ အများကြီး ပေါ်လွင် တယ်လို့လည်း ဘီဘီစီ သတင်းထောက်က သုံးသပ် ပါတယ်၊
ဒီရှင်းပြမှုကို သူတို့ ဘယ်လောက် လက်ခံနိုင်မယ် ဆိုတာ ကတော့ ချက်ချင်း ပြောဖို့ ခက်ပါတယ်။
စီမံကိန်း ရပ်ဆိုင်းဖို့ပဲ တောင်းဆိုမှုတွေက ရှိနေတုန်း ဖြစ်ပြီး စီမံကိန်း ဒေသမှာ ပါတဲ့ ဆည်တဲ ရွာနဲ့ တုံရွာ က လူထု ၅၀၀ နီးပါး ကလည်း ဝမ်ပေါင် ကုမ္မဏီ ရှိတဲ့ နေရာ ကို ချီတက် ဆန္ဒပြ နေကြ ပါတယ်။
ဗုဒ္ဓဟူး ညမှာ ဒေါ်အောင်ဆန်း စုကြည်က မုံရွာမြို့မှာ ညအိပ် ရပ်နားပြီး နောက်တစ်နေ့မှာ စီမံကိန်း ဧရိယာ အတွင်းက ကျေးရွာ တွေကို ခရီးဆက် မှာပါ။ အဲဒီမှာ လူထုကို ဆက်လက် ရှင်းပြမယ်လို့ သိရပါတယ်။












