
လယ်သိမ်းခံရတဲ့ စာရင်းထဲ ရခိုင် ထိပ်ဆုံးကပါ
ပြည်ထောင်စု လွှတ်တော်က ဖွဲ့ပေးလိုက်တဲ့ ကော်မရှင် က ရခိုင်ပြည်နယ် အတွင်း အသိမ်း ခံရတဲ့ လယ်မြေတွေကို ဒုတိယ အကြိမ် ပြန်လည် စစ်ဆေးနေပြီ လို့ သိရပါတယ်။
ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ လယ်မြေ အသိမ်းခံရတဲ့ စာရင်းထဲ ထိပ်ဆုံးက ပါတဲ့ ပြည်နယ် ဖြစ်ပါတယ်။
ဒါကြောင့် လယ်မြေနဲ့ ပတ်သက်ပြီး တိုင်တန်းမှုတွေ အများအပြား ရှိနေတဲ့ အတွက် လွှတ်တော်က ဖွဲ့ပေးထားတဲ့ စုံစမ်းရေး ကော်မရှင် က ဒုတိယ အကြိမ် လာရောက် စစ်ဆေးနေပါတယ်။
စစ်ဆေးတဲ့ အမှုတွေမှာ ကျောက်ဖြူက ခမရ (၅၄၁) နဲ့ ဓညဝတီ ရေတပ်က သိမ်းထားတဲ့ လယ်မြေတွေ ပါသလို တရုတ်က လုပ်နေတဲ့ ရွှေသဘာ၀ ဓာတ်ငွေ့ စီမံကိန်း ရှိရာ မဒေးကျွန်းမှာ သိမ်းထားတဲ့ မြေတွေပါတယ်လို့ အဖွဲ့ဝင် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
မဒေးကျွန်းမှာ ဆို လယ်သမားတွေ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်လာတဲ့ မြေတွေကို လုပ်ငန်းရှင်တွေက မြေစာရင်း ဦးစီးဌာနမှာ မြေလွတ် မြေရိုင်းတွေ ဆိုပြီး ဂရံဖောက် ယူသွားတဲ့ အတွက် လယ်သမားတွေက လယ်မြေဆုံးရှုံးလို့ တိုင်ထားတဲ့ အမှုတွေလည်း ပါပါတယ်။
ခုလို စစ်ဆေးတွေ့ရှိချက်တွေကို လွှတ်တော်ကနေ အစိုးရဆီ ပေးပို့မှာ ဖြစ်ပြီး အစိုးရကသာ ဘယ်သူပိုင်တယ် မပိုင်ဘူး အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။












