
မြန်မာ နိုင်ငံ မြောက်ပိုင်းက သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း
မြန်မာ နိုင်ငံ တဝန်း မြို့နယ်ပေါင်း ၂၁ မြို့နယ်ကို ဖြတ်သန်း ဖောက်လုပ်နေတဲ့ မြန်မာ တရုတ် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ယာယီ ရပ်ဆိုင်းဖို့ ပြည်တွင်းက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ ၁၂ ဖွဲ့ စုပေါင်းပြီး တောင်းဆို လိုက်ကြ ပါတယ်။
အဲဒီ ၁၂ ဖွဲ့ ထဲမှာ ရခိုင် ပြည်နယ်၊ ဧရာ ဝတီမြစ် အနောက် ဘက်ခြမ်းနဲ့ မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသက ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေ ပါဝင် ပါတယ်။
စီမံကိန်း ရပ်ဆိုင်းဖို့ တောင်းဆို ရတဲ့ အကြောင်းတွေ ထဲမှာ ဒီစီမံကိန်း လုပ်ဆောင်ဖို့ တရုတ် ကုမ္ပဏီနဲ့ ဘာတွေ သဘောတူ လက်မှတ် ရေးထိုး ခဲ့တယ်ဆိုတာ ပြည်သူတွေ သိအောင် မထုတ်ပြန်တဲ့ ကိစ္စ၊ ပိုက်လိုင်း တွေဟာ ဘေး အန္တရာယ် ကင်းဝေး တယ်လို့ စိတ်ချရမှု မရှိတဲ့ ကိစ္စတို့ အပါအဝင် ပြည်သူ လူထု နစ်နာ နေတဲ့ အချက် ၇ ချက်ကို ထောက်ပြ ထားပါတယ်။
မြန်မာ အစိုးရ အနေနဲ့ စီမံကိန်း မစတင် ခင် အချိန်မှာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် နိုင်ခြင်း ရှိမရှိ ဆိုတဲ့ စစ်ဆေးမှုတွေ မလုပ်ခဲ့တာကို ကြေညာချက် ထဲမှာ ဝေဖန် ထားပါတယ်။
ဒီစီမံကိန်းကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပေါ် လူ့ အခွင့် အရေး ချိုးဖောက်မှုတွေ ရှိခဲ့တဲ့ အပြင် ပြည်တွင်းစစ် ဖြစ်အောင် တွန်းအား ပေးမှုနဲ့ ဒေသခံ ပြည်သူတွေရဲ့ လူမှု ဘဝတွေကို အနှောင့် အယှက်တွေ ရှိလာတယ် လို့လည်း ကြေညာချက်က ဆိုပါတယ်။
ဒါ့အပြင် ကိုယ့်နိုင်ငံရဲ့ မြေပေါ်မှာ ဖြတ်သန်း ဆောက်လုပ်တဲ့ ပိုက်လိုင်း စီမံကိန်းနဲ့ ပတ်သက်တဲ့ စီမံ ခန့်ခွဲမှုကို မြန်မာ နိုင်ငံက မရရှိတာ ကလည်း နိုင်ငံရဲ့ လုံခြုံရေးနဲ့ အချုပ် အခြာ အာဏာ ကို စိုးရိမ်စရာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါကြောင့် သူတို့ ထောက်ပြတဲ့ အချက် ၇ ချက်ကို လိုက်နာ ဆောင်ရွက်လို့ မပြီး မချင်း လက်ရှိ စီမံကိန်းကို ရပ်ဆိုင်း ထားဖို့ တရုတ် ကုမ္ပဏီ ဘက်ကိုရော မြန်မာ အစိုးရ ဘက်ကိုပါ တောင်းဆိုတယ်လို့ ၁၂ ဖွဲ့ ထဲမှာ ပါတဲ့ Thazin Development Foundation ( ရခိုင် ပြည်နယ်) က ဦးအောင်ကျော်စိုးက ပြော ပါတယ်။
လောလောဆယ်မှာ စီမံကိန်း လုပ်နေတဲ့ အနေအထားက ခရီး ရောက် နေပြီ ဖြစ်လို့ အခု ချိန်မှ ရပ်တန့် ဖို့ ဆိုတာ လွယ်နိုင်ပါ့ မလား ဆိုတာနဲ့ ပတ်သက်လို့တော့ သူတို့ အနေနဲ့ ပြည်သူတွေ နစ်နာမှု အပေါ် အခြေခံပြီး တောင်းဆိုတာ ဖြစ်တယ်၊ မလိုက်လျောရင် နောက် တစ်ဆင့် ဆက်လုပ်ဖို့ ပြင်ဆင် ထားတယ်လို့ သူက ပြောပါတယ်။












