
သမ္မတ အိုဘားမား
အမေရိကန် သမ္မတ ဘရက် အိုဘားမား မြန်မာနိုင်ငံကို နောက်တပတ် သွားမယ့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား ကိစ္စအပြင် တခြား လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စကို အလေးပေး ပြောကြားဖို့ မြန်မာ အရေးဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များအဖွဲ့ AIPMC က ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
အမေရိကန် သမ္မတ တစ်ဦး မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် လာမယ့် ခရီးစဉ်က အလွန်ကို အရေးကြီးကြောင်း၊ တနည်းအားဖြင့် ကမ္ဘာ့ အင်အား အကြီးဆုံးနိုင်ငံရဲ့ သမ္မတအဆင့်ကနေ လာတာ ဖြစ်သလို ဒီနိုင်ငံကနေ မြန်မာနိုင်ငံကို လူ့အခွင့်အရေးပတ်သက်ပြီး အမြဲတမ်း ဝေဖန်ထောက်ပြခဲ့တဲ့၊ ပိတ်ဆိုမှုတွေ လုပ်ခဲ့တဲ့ နိုင်ငံက လာတာလည်း ဖြစ်တယ်လို့ AIPMC အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မစ္စတာ ခရိုင်ဆတ် ချူနာဝမ်က ပြောပါတယ်။
''မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့နေရာမှာ တိုးတက်မှုတချို့ကို ကျွန်တော်တို့ အသိအမှတ် ပြုပေမယ့် ကျေနပ်စရာ မကောင်းတဲ့ အပိုင်းတွေက အများကြီး ရှိပါတယ်။ အဲဒီထဲမှာ ကချင်ပြည်နယ်မှာ စစ်ပြေး ဒုက္ခသည်တွေရှိနေပြီး အခက်အခဲ ဖြစ်နေတာ၊ ရခိုင်ပြည်နယ်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာ၊ ကရင်ပြည်နယ်ဘက်မှာလည်း ထိုင်းနယ်စပ်မှာ ဒုက္ခသည်တွေ သန်းနဲ့ချီပြီး ရှိနေသေးတာ၊ နောက်ပြီး အပစ်အခတ် ရပ်စဲရေး လုပ်တယ်ဆိုပေမယ့် ရှမ်းပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဖြစ်နေသေးတာတွေက တိုးတက်မှုလို့ မြင်လို့ မရပါဘူး'' လို့ မစ္စတာ ခရိုင်ဆတ်က ပြောပါတယ်။
ဒါကြောင့် သမ္မတအနေနဲ့ လက်ရှိ အခြေအနေ မှန်တွေကို မသိပဲ မြန်မာအစိုးရရဲ့ လုပ်ရပ်တွေကို လုံးဝပုံပြီး ထောက်ခံမှာမျိုးတွေကို စိုးရိမ်မိတယ်လို့ သူက ဆိုပါတယ်။
သမ္မတအနေနဲ့ မြန်မာပြည်က ပြဿနာတွေကို အသိအမှတ်ပြုပြီး ပြုပြင်ပြောင်းလဲမှုတွေ အားရစရာ အခြေအနေ မရောက်မချင်း ပိတ်ဆို့မှုတွေလည်း လုံးဝ ရုပ်သိမ်းသင့်ပြီလို့ မထင်တဲ့အကြောင်းလည်း မစ္စတာ ခရိုင်ဆတ်က ပြောပါတယ်။
သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကနေ အာဆီယံနဲ့ ဆွေးနွေးဘက် နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာလည်း ဖြစ်ပါတယ်။












