
ဒုတိယ သက်တမ်း ထပ်မံ အရွေးခံရပြီး မကြာခင် သမ္မတ အိုဘားမား မြန်မာ နိုင်ငံ သွားမယ်
သမ္မတ ဒုတိယ သက်တမ်း အတွက် ပြန်လည် ရွေးကောက် ခံရတဲ့ အမေရိကန် သမ္မတ ဘရက် အိုဘားမားဟာ လာမယ့် နိုဝင်ဘာ ၁၉ ရက်နေ့မှာ မြန်မာ နိုင်ငံကို လာရောက်မယ်လို့ သတင်းတွေက ဆိုပါတယ်။
ဒီခရီးစဉ်ဟာ အမေရိကန် သမ္မတ တစ်ယောက်ရဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပါ လိမ့်မယ်။
မစ္စတာ အိုဘားမားဟာ မြန်မာ သမ္မတ ဦးသိန်းစိန်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တို့နဲ့ တွေ့ဆုံ မယ်လို့လည်း ပြောနေကြ ပါတယ်။
မြန်မာ နိုင်ငံက သမ္မတရုံး ကို ဆက်သွယ် မေးကြည့်ရာမှာ တစုံ တရာ မှတ်ချက် မပေးနိုင် သေးဘူးလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြော ပါတယ်။
ဒါပေမဲ့ နိုင်ငံရေး သုံးသပ်သူတွေ ကတော့ သမ္မတ အိုဘားမားရဲ့ ခရီးစဉ်ဟာ အလွန် ထူးခြားတဲ့ ခရီးစဉ် ဖြစ်လိမ့် မယ်လို့ ပြောဆိုနေကြပါတယ်။
ဂျပန် နိုင်ငံက သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းက စစ်အေး ကာလ တုန်းက မြန်မာ နိုင်ငံဟာ အမေရိကန် အတွက် မိတ်ဘက် နိုင်ငံ မဟုတ် ခဲ့တဲ့ အပြင် အမေရိကန်ရဲ့ အရှေ့တောင်အာရှ စာချုပ် အဖွဲ့ ဖွဲ့စည်းရေးကို ဆန့်ကျင်ခဲ့တဲ့ နိုင်ငံဖြစ်တာ ကြောင့်နဲ့ တရုတ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တာတို့ကြောင့် ခပ်တန်းတန်း ဆက်ဆံရေးမျိုးပဲ ရှိခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်က စတင်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟေလာရီ ကလင်တန်ရဲ့ မြန်မာ ခရီးစဉ် စတင်ခဲ့ ပြီးတဲ့နောက် အံ့သြ လောက်အောင် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် လာခဲ့တာ တွေ့ရတယ်လို့ လည်း သူက ပြောပါတယ်။
ဒါဟာ အရှေ့တောင် အာရှမှာ တရုတ် နိုင်ငံက သြဇာ ထူထောင် လာမှုက အမေရိကန်နဲ့ သူ့ မဟာမိတ်တွေ အတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ချိန်မှာ ပထဝီ အနေအထား အရ အရေးပါတဲ့ မြန်မာ နိုင်ငံမှာ ခိုင်လုံတဲ့ အင်အား ချထားဖို့ လိုအပ် တယ်လို့ ယူဆပြီး ဆက်ဆံရေး တိုးမြှင့် လာတာလို့ ဒေါက်တာ အေးချမ်းက ယူဆ ပါတယ်။
အရင်က တင်းတင်း မာမာ ရှိခဲ့တဲ့ မြန်မာ အစိုးရက အပြုသဘော လုပ်ရပ်တွေ လုပ်ဆောင် လာတာ ကို အသိအမှတ်ပြုပြီး အနာဂတ် မှာ အမေရိကန်နဲ့ ဆက်ဆံရေး ပိုကောင်း လာစေမယ် ဆိုတဲ့ ကြီးမားတဲ့ ဆုကြီး ပေးလိုက်တဲ့ သဘောပဲလို့ သူက ဆိုပါတယ်။
ဒီမို ကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ် လာတာ အပေါ် နိုင်ငံ တကာ အသိုင်း အဝိုင်းက အခိုင် အမာ ထောက်ခံတယ် ဆိုတာ မစ္စတာ အိုဘားမား သွားမယ့် ခရီးစဉ်က ထပ်လောင်း ပြဆို လိမ့်မယ် ဆိုတဲ့ သုံးသပ်မှု တွေလည်း ရှိနေ ပါတယ်။












