
ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ သတင်းထွက်
အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ အင်္ဂါနေ့မှာ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ မြန်မာ နိုင်ငံက ပို့ကုန်တွေကို အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်မယ် ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့တယ်လို့ ဝါရှင်တန်မှာ ရှိတဲ့ ဘီဘီစီ ဝိုင်းတော်သား ကိုဘမော်က ပြောပါတယ်။
အဲဒီနောက်မှာ တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Asia Society အဖွဲ့က ပေးတဲ့ Global Vision Award ဆုကို လက်ခံ ယူခဲ့ ပါတယ်။
အမေရိကန် သမ္မတ ကတော် ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ဖြူတော်မှာ တညတာ လာရောက် အိပ်စက်ဖို့ ဖိတ်ခေါ် ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း နေ့ရက် အတိအကျ ကိုတော့ မသိရသေးပါ။
ဗုဒ္ဓဟူးနေ့ မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကွန်ဂရက် လွှတ်တော်က ချီးမြှင့်တဲ့ Gold Medal ဆုကို လက်ခံ ယူမှာ ဖြစ်ပါတယ်။
သူ့ရဲ့ ၁၈ ရက်ကြာ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေ၊ မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံမှာလည်း ဖြစ်ပါတယ်။












