
ပေါက်တောမြို့က မီးလောင် သွားခဲ့တဲ့ နေရာမှာ မြင်ရတဲ့ ရခိုင် အမျိုးသမီး
ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်နဲ့ သပြေချောင် ကျေးရွာ တို့မှာ နေထိုင် ကြတဲ့ မွတ်ဆလင် တွေကို အဲဒီ အရပ် ကနေ ထွက်ခွာ သွားဖို့ ရွာနီးဝန်းကျင် ကျေးရွာ သားတွေ စုပေါင်း ဆန္ဒပြ ခဲ့ရာမှာ ရဲက ပစ်ခတ် နှိမ်နှင်း ခဲ့ရပါတယ်။
လောလောဆယ်မှာ အခြေ အနေက တင်းမာ နေပြီး ညမထွက်ရ အမိန့် ထုတ်ပြန် ထားပါတယ်။
ကျောက်နီမော် ကျေးရွာမှာ ကမန် တိုင်းရင်းသား မွတ်ဆလင် ၇၀၀၀ လောက် နေထိုင်ကြ ပါတယ်။ ကျောက်နီမှော်နဲ့ သပြေချောင်းရွာတို့မှာ မွတ်ဆလင်တွေ ရှိနေတဲ့ အတွက် ရခိုင်တိုင်းရင်းသား သမီးပျိုလေးတွေရဲ့ လုံခြုံရေးကို စိုးရိမ်နေရတယ်လို့ မွတ်ဆလင်တွေ ရွှေ့ပြောင်း သွားရေးအတွက် အစိုးရက ကြားဝင် ဆောင်ရွက် ပေးဖို့ ညှိနှိုင်း ပေးနေတယ် ဆိုတဲ့ ရခိုင် အမျိုးသား ကိုထွန်းကြည်က ပြောပါတယ်။
ကျောက်နီမှော် ကျေးရွာဟာ ပြီးခဲ့တဲ့ မေလက ရခိုင် တိုင်းရင်းသူ အမျိုးသမီးလေး တစ်ယောက်ကို မွတ်ဆလင် လူငယ် သုံးဦးက မတော် မတရား ပြုကျင့် ပြီးတဲ့နောက် သတ်ဖြတ် ခဲ့တဲ့ ရွာ ဖြစ်ပါတယ်။ အဲဒီ ဖြစ်ရပ် နောက်ပိုင်း အခု ချိန်ထိ ပဋိ ပက္ခတွေ ဆက်လက် ကြီးထွား လာခဲ့တာ ဖြစ်ပါတယ်။
ရခိုင် တိုင်းရင်းသားတွေ နေထိုင်ရာ နေရာရဲ့ တစ်ဘက်ခြမ်းမှာ နေကြတဲ့ ကမန် တိုင်းရင်းသား တွေက လည်း လက်ရှိ အခြေ အနေကို စိုးရိမ် နေကြပါတယ်။
ညအချိန် ကျရောက်လာ ရင် သူတို့ကို လူစုနဲ့ အတင်း ဝင်ရောက် ဖြိုခွဲ မောင်းထုတ် မှာကို သူတို့ စိုးရိမ် ကြတာလို့ ကမန် တိုင်းရင်းသား ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ အိုလမာ သာသနာ့ ပညာရှင်များ အဖွဲ့ ဥက္ကဌ ဦးမောင်မောင်တင်က ပြောပါတယ်။
သူတို့ကို လက်ရှိ နေထိုင်ရာ ကျေးရွာတွေ မှာ မနေ စေချင်ရင် ပြည်နယ် အစိုးရ သို့မဟုတ် ပြည်ထောင်စု အစိုးရက ဆုံးဖြတ်ချက် ချမှတ်ပြီး အစီ အစဉ်တွေ ပြုလုပ် ပေးသင့် ကြောင်းနဲ့ အဲဒီ မတိုင်ခင် အကြမ်းဖက် နှင် ထုတ် တာမျိုး မဖြစ်သင့်ဘူးလို့ သူက ဘီဘီစီကို ပြောပါတယ်။
သပြေချောင် ရွာမှာတော့ ဆန္ဒ ပြသူ တွေကို ရဲက သေနတ်နဲ့ ပစ်ခတ် လူစုခွဲ ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ပစ်ခတ်မှုမှာ လူတစ်ယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာ ရတယ်လို့ ဒေသခံတွေက ပြောနေပေမဲ့ ဘီဘီစီ ကတော့ သီးခြား အတည် မပြုနိုင်သေး ပါဘူး။
ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခ ဖြစ်နေတဲ့ ဒေသ အတော် များများမှာ ည ၁၀ နာရီက မနက် ၄ နာရီ အထိ အပြင် မထွက်ရ အမိန့် ထုတ်ထား ပါတယ်။












