
နေရာအတည်တကျ မရသေးတဲ့ မွတ်ဆလင် ဒုက္ခသည်များ
ရခိုင်ပြည်နယ် အတွင်း နောက်ဆုံး တဖက်နဲ့တဖက် မီးရှို့တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည် အရေအတွက် တစထက်တစ တိုးလာနေပါတယ်။ မြောက်ဦးမြို့မှာ ရခိုင်ဒုက္ခသည်တွေ တိုးလာနေတဲ့ အကြောင်း စောင့်ရှောက်ထားတဲ့ အလိုတော်ပြည့်ကျောင်း ဆရာတော် ဦးတေဇောသာရက ဘီဘီစီကိုပြောပါတယ်။
အခုအချိန်ထိ မြို့ပေါ်က အလှူရှင်တွေ စီးပွားရေးအဖွဲ့တွေကနေ ထောက်ပံ့မှုကရပ်တည်နေရပြီး နိုင်ငံတကာကရော အစိုးရဆီကပါ အကူအညီမရသေးဘူးလို့ ဆရာတော်က အမိန့်ရှိပါတယ်။
ကျောက်ဖြူနဲ့ ပေါက်တောတို့ဘက်ကနေ ထွက်ပြေးကြတဲ့ မွတ်ဆင်ဒုက္ခသည်တွေကိုတော့ ဆင်နမော်ကျွန်းမှာယာယီဖွင့်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ ရောက်နေကြပါတယ်။ အချို့တဝက်ကတော့ သဲချောင်းကိုထွက်ပြေးရောက်ရှိလာကြပါတယ်။
သဲချောင်းကို ရောက်လာတဲ့ မွတ်ဆလင်ဒုက္ခသည် ကိုမောင်မောင်ဇင်က အခုအခါ အခြားဒုက္ခသည်တွေရဲ့ အိမ်မှာ ကပ်နေရပြီး မြို့ပေါ်က ကြွေးတာနဲ့ အသက်ရှင်နေရတယ်။ လောလောဆယ် အစိုးရဆီက ဘာမှ နောက်တိုး ဒုက္ခသည်တွေအတွက် အကူအညီမရဘူးလို့ဘီဘီစီကိုပြောပါတယ်။
သူတို့ဟာ ကျောက်ဖြူ အရှေ့ပိုက်ဆိပ်ကနေ ရခိုင်တွေတိုက်ခိုက်လို့ အိုးအိမ်စွန့် ထွက်ပြေးလာရကြောင်း လမ်းခရီးမှာ လှေနဲ့လေးညနေခဲ့ရပြီး သဲချောင်းဝကိုရောက်တော့ ကမ်းကပ်ခွင့် မရှိကြောင်းပြောပါတယ်။
အမျိုးသမီးနဲ့ကလေးတွေက သေလောက်အောင် ဆာလွန်မွတ်သိပ်တာ မခံနိုင်လို့ နောက်ဆုံး အသက်စွန့်ပြီး ကမ်းကပ်ခဲ့ရတာလို့လည်း ဆက်ပြောပါတယ်။
ထွက်ပြေးလာသူတွေထဲမှာ ဓါး သေနတ်နဲ့ မြားဒဏ်ရာရသူ ၂၀၀ လောက်ပါဝင်ပြီး အခုဆေးကုသခံယူနေကြောင်းသူကပြောပါတယ်။ အရှေ့ပိုက်ဆိပ်ရွာကို မီးရှို့တိုက်စဉ်ကလည်း လူ၇ယောက်ရဲလက်ချက်နဲ့ သေဆုံးတယ်လို့သူကပြောပါတယ်။
မင်းပြားနဲ့ မြောက်ဦးဘက်က မွတ်ဆလင်တွေကတော့ ဒေသတွင်းတာဝန်ရှိသူတွေ နေရာချထားတဲ့ ယာယီနေရာတွေမှာဘဲ နေထိုင်ကြပါတယ်။
လောလောဆယ် ကျွန်းတွေနဲ့ပင်လယ်ပြင်မှာရောက်နေသူတွေလည်း ရှိသေးတဲ့အတွက် ဒုက္ခသည် မူလခန့်မှန်းတာ သုံးသောင်းထက် အများကြီး ကျော်လာနိုင်တယ်လို့ ကုလသမဂ္ဂလူသားချင်း ကူညီစောင့်ရှောက် ရေးအဖွဲ့က ဘီဘီစီကိုပြောပါတယ်။
အစိုးရနဲ့ပူးပေါင်းပြီး ကယ်ဆယ်ရေး ပစ္စည်းတွေပို့ဖို့ စီစဉ်နေပေမယ့် သယ်ယူပို့ဆောင်ရေး လမ်းပန်းအခက်အခဲစတဲ့ စိမ်ခေါ်မှုတွေအများကြီးရှိကြောင်း ဒါတွေကို ကျော်လွှားဖို့လည်း ကြိုးစား ဆောင်ရွက်နေကြောင်း ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နဲ့ လူသားချင်းစာနာတဲ့ အကူအညီပေးရေး တာဝန်ခံ Ashok Negan ကဘီဘီစီကိုပြောသွားပါတယ်။












