
ကိုကာကိုလာ ကုမ္ပဏီလည်း မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံနေပြီ ဖြစ်ပါတယ်
Euro Money အဖွဲ့က ကြီးမှူးပြီး ကမ္ဘာ လုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု Myanmar Global Investment ဖိုရမ် ဆွေးနွေးပွဲကို နေပြည်တော်မှာ ဗုဒ္ဓဟူးနေ့က သမ္မတ ဦးသိန်းစိန် တက်ရောက် ဖွင့်လှစ်ပေး ခဲ့ပါတယ်။
မြန်မာနိုင်ငံ ဟိုတယ် အပါအဝင် ဆောက်လုပ်ရေး လုပ်ငန်း ၊ ငွေရေးကြေးရေး ဆိုင်ရာ ဘဏ်လုပ်ငန်း၊ လမ်းပန်း ဆက်သွယ်ရေးနဲ့ အခြေခံ အဆောက် အအုံလုပ်ငန်း၊ သတ္တုတွင်းနဲ့ စွမ်းအင် လုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း အစရှိတဲ့ လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ လုပ်ကိုင်နိုင်ရေး အတွက် ဆွေးနွေးကြတာ ဖြစ်ပါတယ်။
မြန်မာအစိုးရ အနေနဲ့ ကလည်း သတ္တု တူဖေါ်ရေးနဲ့ စွမ်းအင် ကဏ္ဍတွေ အတွက် နိုင်ငံတကာ သဘောတူညီချက် တခုကို လက်မှတ်ရေး ထိုးဖို့ အသင့်ဖြစ် နေပြီ ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးတဦး ဖြစ်တဲ့ ဝန်ကြီး ဦးစိုးသိန်းက ပြောကြား ပါတယ်။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် နိုင်ငံတကာက ပိုမို သိရှိသွား နိုင်တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ ဦးဝင်းအောင်က ပြောပါတယ်။
နှစ်ရက်ကြာ ကျင်းပမယ့် ဒီအစည်းအဝေးကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ အတော်များများ အပါအဝင် တက်ရောက်သူ ၈ဝဝ ကျော်ရှိပြီး၊ မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ စီးပွားရေး ဆွေးနွေး ပွဲတွေ ထဲမှာ နိုင်ငံခြားသား အများဆုံး တက်ရောက်တဲ့ ဆွေးနွေးပွဲလို့ ဦးဝင်းအောင်က ပြောပါတယ်။












