
ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဌ ဦးမြတ်သူဝင်း
တနင်္ဂနွေ နေ့က နေပြည်တော် ပျဉ်းမနား မြို့မှာ မသန်စွမ်းသူ ညီအစ်ကို မောင်နှစ်မများ ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။
နေပြည်တော်မှာ အခုမှ ပထမဆုံး အကြိမ် ဆွေးနွေးဖြစ်ခဲ့ပေမဲ့ နှစ်စဉ် တစ်နှစ်ကို သုံးလေးကြိမ် တွေ့ဖြစ်ကြပြီး လေးနှစ် အတွင်းမျာ ၁၇ ကြိမ် တွေ့ခဲ့ကြပြီးပြီလို့ ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဌ ဦးမြတ်သူဝင်းက ဘီဘီစီကို ပြောပါတယ်။
ရွှေမင်းသား ဖောင်ဒေးရှင်းက ဦးဆောင်ကျင်းပတဲ့ ဆွေးနွေးပွဲ ကို တနင်္ဂနွေ နေ့က ကျင်းပခဲ့ရာမှာ မသန်စွမ်းသူတွေရဲ့ ဘဝ တိုးတက်ရေးနဲ့ ပြန်လည် ထူထောင်ရေး တို့ အတွက် ဆွေးနွေးခဲ့ကြ တယ်လို့ ဦးမြတ်သူဝင်းက ပြောပါတယ်။
မသန်စွမ်းသူအဖြစ် သတ်မှတ်တဲ့ နေရာမှာ ကမ္ဘာပေါ်မှာ အမျိုး အစား ၉ မျိုး ခွဲခြား ပြီး မြန်မာ နိုင်ငံ မှာတော့ ၄ မျိုး သတ်မှတ် ထားတဲ့ အတွက် လူမှု ဝန်ထမ်း ဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်း အရ မသန်စွမ်း သူ အချိုး အစား ၂ ဒဿမ ၃၂ ရှိတယ်လို့ သူက ဆိုပါတယ်။
နိုင်ငံရဲ့ လက်ရှိ လူဦးရေ နဲ့ ပြန်တွက်ကြည့်ရင် လူပေါင်း ၁၅ သိန်းလောက် ရှိတယ်လို့ ခန့်မှန်း ပါတယ်။ ဒါကြောင့် လာမယ့် သန်းခေါင် စာရင်း ကောက်ယူမှုမှာ မသန်စွမ်း သူများ စာရင်းကို ထည့်သွင်း ကောက်ခံဖို့ ဆွေးနွေးပွဲမှာ အကြံ ပြုခဲ့ကြ တယ်လို့ ဦးမြတ်သူဝင်းက ပြောပါတယ်။
မြန်မာ နိုင်ငံမှာ မသန်စွမ်းသူတွေ နဲ့ ပတ်သက်ပြီး အစိုးရ ဘက်က ပြောင်းလဲ လုပ်ဆောင်မှုတွေ ရှိလာပြီ၊ လမ်းမတွေပေါ်က ပလက်ဖောင်း အတက် အဆင်း တွေကို မသန်စွမ်းသူတွေ အတွက် ပြင်ဆင်မှုတွေ လုပ်ပေး လာတာဟာ တိုးတက်မှုလို့ သူက ပြောနိုင်ပေမဲ့ ရပ်ရွာ လူထု အခြေပြု လူမှု အဖွဲ့ အစည်း တွေမှာ မသန်စွမ်းသူတွေရဲ့ ဘဝ ပြန်လည် ထူထောင်ရေး တွေနဲ့ ပတ်သက်ပြီး သိမြင်မှု နည်းပါး နေသေးတဲ့ အတွက် ပိုမို ပညာပေး လုပ်ငန်းတွေ လုပ်ဖို့ လိုအပ်တယ်လို့ လည်း သူက ဆိုပါတယ်။
မသန်စွမ်း သူတွေရဲ့ အလုပ် အကိုင် အခွင့် အလမ်းနဲ့ ပတ်သက်လို့လည်း နိုင်ငံတကာမှာလို အစိုးရ ဌာနတွေမှာရော ပုဂ္ဂလိက ပိုင်းမှာပါ အချိုး အစားအရ ခန့်ထားနိုင်ရေး အတွက် ဥပဒေ ပြုနိုင်အောင် ကြိုးပမ်း နေတယ်လို့လည်း ဦးမြတ်သူဝင်းက ပြောပါတယ်။












