
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးက လက်မှတ် ရေးထိုးပြီး တောင်းဆိုလိုက်တာပါ
မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဥက္ကဌနဲ့ အဖွဲ့ဝင်တွေ ရာထူးက ထွက်ပေးဖို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးက လက်မှတ် ရေးထိုးပြီး သမ္မတထံ စာရေးသား တောင်းဆို လိုက်ပါတယ်။
လွှတ်တော်အသီးသီးကနေ ဖွဲ့စည်းထားတဲ့ လွှတ်တော် ရေးရာ ကော်မတီတွေနဲ့ ကော်မရှင် အဖွဲ့တွေကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စု အဆင့် အဖွဲ့အစည်း အဖြစ် မသတ်မှတ်ပေးတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေက အခုလို စာရေးသားပြီး ပြည်သူ့ လွှတ်တော် ဥက္ကဌကနေ တဆင့် သမ္မတထံ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
"ဒါဟာ လွှတ်တော်ရဲ့ အဆင့်ကို အုပ်ချုပ်ရေးပိုင်းက လျှော့ချဖို့ အတွက် ကြိုးပမ်း တယ်လို့ ယူဆတယ်"
NLD အမတ် ဦးဖြိုးမင်းသိန်းက
အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးရဲ့ အကြောင်းပြချက် ကတော့ ဒီကော်မတီ အဖွဲ့တွေကို ပြည်ထောင်စု အဆင့် သတ်မှတ်ရေးဟာ ဖွဲ့စည်းပုံ အခြေခံ ဥပေဒပါ ပြဌာန်းချက်တွေနဲ့ မညီညွတ်ဘူးလို့ ဆိုပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွေမန်းဆီ သြဂုတ်လ ၈ ရက်နေ့က တင်ပြခဲ့တဲ့ ဒီကိစ္စကို လွှတ်တော် ဥက္ကဌက ၁၄ ရက်နေ့ အင်္ဂါနေ့မှာ လွှတ်တော်မှာ ပြန်လည် ရှင်းလင်းပြီး၊ သမ္မတက ဆောင်ရွက်ပေးတဲ့ အချိန်အထိ စောင့်ဆိုင်းဖို့ ပြောကြားခဲ့ပါတယ်။
အုပ်ချုပ်ရေး အာဏာနဲ့ တရားစီရင်ရေး အာဏာကို ထိန်းညှိနိုင်ဖို့ အတွက် ဒီလွှတ်တော် ရေးရာ ကော်မတီ အဖွဲ့တွေကို ပြည်ထောင်စု အဆင့် သတ်မှတ်ရေးဟာ အထူး အရေးကြီး ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။
နောက်ပြီး ဒါဟာ နိုင်ငံတကာ လုပ်ထုံး လုပ်နည်းတွေနဲ့လည်း ကိုက်ညီတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
အခုလို ရေးရာ ကော်မတီတွေကို ပြည်ထောင်စု အဆင့် မသတ်မှတ်တာဟာ လွှတ်တော်ရဲ့ အဆင့်ကို အုပ်ချုပ်ရေးပိုင်းက လျှော့ချဖို့အတွက် ကြိုးပမ်းတယ်လို့ ယူဆကြောင်း သူက ဆက်ပြောပါတယ်။












