
ရေလွှဲတွေ ပိတ်ပြီး ငါးဖမ်းတာတွေ၊ မဆင်မခြင် ရေဖေါက် ချတာတွေကြောင့် စပါးခင်းတွေ ရေမြုပ်
ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှာရှိတဲ့ ကျေးရွာ ၆အုပ်စုက လယ်သမားတွေဟာ အင်းလုပ်ငန်း လုပ်ကိုင်သူတွေကြောင့် သူတို့ရဲ့ စိုက်ပြီးသား လယ်ဧက သုံးထောင်ကျော် ရေနစ်မြုပ်ကုန် တာကို အရေးယူပေးဖို့ ဟင်္သာတမြို့ပေါ် အုပ်ချုပ်ရေးမှူးတွေဆီကို တက်ပြီး ဆန္ဒ ထုတ်ဖေါ်ခဲ့ကြပါတယ်။
ဟင်္သတာမြို့နယ်မှာ ခုလတ်တလော ရေနစ်မြုပ်နေတဲ့ တံတားဦး၊ ကြည်တော်ကုန်း၊ မရမ်းခြုံ၊ ကျောင်းကွင်းနဲ့ ဆိပ်ကြီးစတဲ့ ကျေးရွာအုပ်စု ၆ခုမှာရှိတဲ့ ရွာပေါင်း ၂၀ ကျော်က တောင်သူ ကိုယ်စားလှယ် ၄၀ ကျော်ဟာ အင်းသူကြီးတွေရဲ့ ရေလွှဲတွေကို ပိတ်ပြီး ငါးဖမ်းတာတွေ၊ မဆင်မခြင် ရေဖေါက် ချတာတွေကြောင့် စိုက်ထားပျိုးထားတဲ့ စပါးခင်းတွေ ရေမြုပ် ပျက်စီး ကုန်ရတယ် ဆိုပြီး အရေးယူပေးဖို့ ဟင်္သာတ အုပ်ချုပ်ရေးမှူးရုံးကို အင်္ဂါနေ့ မနက်က ချီတက် တောင်းဆို ကြတာ ဖြစ်ပါတယ်။
လယ်တွေစပြီး ရေမြုပ် ကတည်းက အာဏာပိုင်တွေဆီကို အကြောင်းကြားပေမယ့် တစုံတရာ အရေးယူပေးတာ မရှိတာကြောင့် ခွင့်ပြုချက် တောင်းခံ မနေဘဲ အခုလို အုပ်စုနဲ့ ဟင်္သာတ အုပ်ချုပ် ရေးမှုးဆီကို တက်ပြီး အရေးဆိုရတာလို့ တံတားဦး ရွာက လယ်သမားတဦးက ဘီဘီစီကို ပြောပါတယ်။
အာဏာပိုင်တွေ ဘက်ကတော့ မြို့ထဲလှည့်လည် ဆန္ဒပြမှု မဖြစ်အောင် လယ်သမား ကိုယ်စားလှယ်တွေနဲ့ ခေါ်ယူညှိနိုင်း ခဲ့လို့ အဆင်ပြေမယ့် အကြောင်း လယ်သမားတွေ အရေး ကူညီ ပေးနေတဲ့ ဟင်္သာတမြို့ခံ ဦးကျော်လွင်က ပြောပါတယ်။
စိုက်ပျိုးပြီးသား လယ်တဧက ရေနစ်မြုပ်ပြီ ဆိုရင် ပျိုးဖိုးနဲ့ စိုက်စရိတ်ပေါင်း ကျပ် ၄ သောင်းလောက် ဆုံးရှုံးပြီး နောက်ပြန်စိုက်ဖို့ ကလည်း အချိန် နောက်ကျ သွားတတ်တာကြောင့် သက်ဆိုင်ရာဘက်က အမြန် အရေးယူ ဆောင်ရွက် ပေးလိမ့်မယ်လို့ လယ်သမားတွေက မျှော်လင့်နေကြပါတယ်။
သူတို့ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင်တော့ အားလုံး ဒုက္ခရောက်တော့မှာမို့ ရွာမှာရှိတဲ့ လယ်သမား အားလုံး မြို့ပေါ်ကို နောက်တကြိမ် တက်ပြီး ဆန္ဒပြရုံက လွဲလို့ တခြား နည်းလမ်း မရှိတော့ဘူးလို့ ဒေသခံ တောင်သူတွေက ဘီဘီစီကို ပြောကြပါတယ်။












