ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုင်ငံမဲ့ဒုက္ခသည် ရိုဟင်ဂျာတွေကို ကမ္ဘာက မေ့နေကြပြီလား
- ရေးသားသူ, ရာဂျီနီ ဝိဒရာနသန်
- ရာထူးတာဝန်, ဘီဘီစီ တောင်အာရှ သတင်းထောက်
သူ့ဘဝ ၄ နှစ်တာ ကာလတလျောက်လုံး မသေချာတဲ့ဘဝမှာ ယက်စ်မင်နေထိုင်ခဲ့ရသလို သူရဲ့ အိမ်၊ သူ့ရဲ့ရွာ ဆိုတာ ဘာကို ဆိုတာလဲ ကိုလည်း သူရှင်းရှင်းလင်းလင်း မသိနိုင်ပါဘူး။
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတခုမှာ သူ့ကို မွေးပြီး မြန်မာပြည်က သူ့ဘိုးဘွားစဉ်ဆက်နေထိုင်ရာ ရွာဆီကို သူမပြန်နိုင်ပါဘူး။ အခုလောလောဆယ်မှာတော့ အိန္ဒိယနိုင်ငံ မြို့တော် ဒေလီက ညစ်ပတ်မဲမှောင်နေတဲ့ အခန်းလေးတခုက သူ့အိမ်နေရာပါပဲ။
မြန်မာပြည်က သိန်းနဲ့ချီတဲ့ လူနည်းစုလူမျိုးတမျိုးဖြစ်တဲ့ တခြားရိုဟင်ဂျာတွေလိုပဲ ယက်စ်မင်ရဲ့ မိဘ နှစ်ပါးဟာ မြန်မာစစ်တပ်က လူမျိုးတုံးသတ်တဲ့ စစ်ဆင်ရေးကနေ လွတ်မြောက်အောင် ၂၀၁၇ နှစ်မှာ နိုင်ငံထဲကနေ ထွက်ပြေးခဲ့ရပါတယ်။
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘဂ်လားဒေ့ရှ်နဲ့ အိန္ဒိယကို သူတို့ပြေးကြတာပါ၊ အဲဒီမှာ ဒုက္ခသည်တွေအဖြစ် နေထိုင်ကြရပါတယ်။
၅ နှစ် ကြာလာတဲ့အခါမှာတော့ ကုလသမဂ္ဂက ကမ္ဘာ့ရဲ့ နိုင်ငံမဲ့ ဒုက္ခသည် အများဆုံးအရေအတွက်ဖြစ်တဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့ ရှေ့ရေးက ဘာမှ မသေချာသေးပါဘူး။
ယက်စ်မင်ရဲ့ အဖေ ရာမန် က မြန်မာနိုင်ငံမှာတုန်းက စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ တယောက်ပါ။ စစ်တပ်က သူ့ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်တဲ့အခါ ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာ ၇၀၀,၀၀၀ ထဲမှာ သူလည်း အပါအဝင်ပါ။
ရက်တွေနဲ့ချီ လမ်းလျှောက်ထွက်လာခဲ့ရပြီးတဲ့နောက် ရာမန်နဲ့ သူ့ဇနီး မက်မူဒါတို့ မြန်မာနဲ့ နယ်စပ် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း၊ ကော့ဆက်ဘဇားမြို့က ဒုက္ခသည် စခန်းကို ရောက်လာခဲ့ပါတယ်။
အဲဒီစခန်းအတွင်း ကျဉ်းကျုတ်လှစွာနဲ့ သူတို့ နှစ်ယောက်နေခဲ့ရပါတယ်။ အစားအစာ ရှားပါးတာက ပုံမှန်လိုဖြစ်ခဲ့ပြီး ပရဟိတ အဖွဲ့တွေက ပေးတဲ့ အစားအစာ ဝေစုအပေါ်မှာပဲ သူတို့ မှီခိုစားသောက်ခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ရောက်ပြီး တနှစ်အကြာမှာ ယက်စ်မင်ကို မွေးပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာ မွတ်ဆလင်တွေကို မြန်မာပြည်ပြန်သွားအောင် အမြဲတမ်း တွန်းနေတာပါ။ ဟိုး လူသူဝေးတဲ့ ဘာဆန်ချား ဆိုတဲ့ ကျွန်းငယ်လေးပေါ်ကို ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပို့ထားပါတယ်။ ဒုက္ခသည်တွေကတော့ အဲဒီ ကျွန်း ကို "ထောင်ကျွန်း"လို့ ခေါ်ကြပါတယ်။
ရာမန်က ဘင်္ဂလားဒေ့ရှ်က ထွက်ပြေးမှာသာ သူ့ကလေးတွေအတွက် အနာဂတ် ပိုကောင်းလာမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
၂၀၂၁ ခုနှစ် အတွင်း အဲဒီအချိန်က ယက်စ်မင် ငယ်ငယ်လေးပဲ ရှိသေးတဲ့အချိန်မှာ သူတို့မိသားစု နယ်စပ်ကို ကျော်ပြီး အိန္ဒိယ ကို ဝင်ခဲ့ပါတယ်။
အိန္ဒိယမှာ ဒုက္ခသည်ဆိုင်ရာ အဖွဲ့တွေ ခန့်မှန်းချက်အရ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၁၀,၀၀၀ ကနေ ၄၀,၀၀၀ ထိရှိနိုင်တယ်လို့ခန့်မှန်းကြပါတယ်။ အဲဒီထဲက အမျာအပြားက ၂၀၁၂ ကတည်းက ရောက်နေကြတာပါ။
ရိုဟင်ဂျာတွေဟာ နှစ်ပေါင်းများစွာ အိန္ဒိယထဲမှာ သိပ်မဆိုးလှတဲ့ ဘဝနဲ့နေနိုင်ခဲ့ကြပါတယ်။ သူတို့ ဒီလိုနေနေကြတာကို သိပ်အထူးအာရုံစိုက်ပြီး ထောက်ပြနေကြတာမျိုးလည်း သိပ်မရှိလှပါဘူး။ ဒါပေမယ့် ဖက်ဒရယ်ပြည်ထောင်စု ဝန်ကြီးတယောက်က ဒီဒုက္ခသည်တွေကို အိမ်နဲ့ တခြားလိုအပ်ချက်တွေ၊ ရဲတွေရဲ့ကာကွယ်စောင့်ရှောက်မှုတွေ ပေးတော့မယ်လို့ တွစ်တာက တဆင့် ဒီလ ထဲမှာ သတင်းပါးတဲ့နောက်မှာတော့ ဒေလီမှာ သူတို့ရှိကြတယ်ဆိုတာက သတင်းခေါင်းစဉ်သစ်ပြန်ဖြစ်လာပါတယ်။
နောက် နာရီ အနည်းငယ်အကြာမှာတော့ အိန္ဒိယရဲ့ အာဏာရပါတီ ဘီဂျေပီ ပါတီက ရိုဟင်ဂျာ မွတ်ဆလင်တွေကို ဒီလို အိုးအိမ်တွေ ပေးမှာ မဟုတ်ပါဘူးလို့ ငြင်းဆိုပြီး၊ သူတို့ဟာ တရားမဝင် ဝင်လာတဲ့ နိုင်ငံခြားသားတွေ ဖြစ်တယ်၊ သူတို့ကို ပြန်ပို့တာ ဒါမှမဟုတ် ထိန်းသိမ်းရေး စခန်းတွေထဲမှာ ထားသင့်တယ်လို့ ဆိုလာပါတယ်။ ဒီလို နိုင်ငံရေးအရ လေသံပြောင်းသွားတာက ရာမန်တို့လို မိသားစုတွေ အနေနဲ့ ဘာလုပ်ကြ ရမှန်း မသိနိုင်ကြသလို၊ မျှော်လင့်ချက်လည်း ကင်းမဲ့သွားပါတော့တယ်။
"ကျွန်တော့် ကလေးတွေ အနာဂတ်က စိတ်ဓာတ်ကျစရာဖြစ်ပြီ" လို့ ဝါးကုတင် ယိုင်နဲ့နဲ့ ပေါ်မှာ ထိုင်နေတဲ့ ရာမန်က ပြောပါတယ်။
"အိန္ဒိယ အစိုးရကလည်း ကျွန်တော်တို့ကို အလိုမရှိဘူး၊ ဒါပေမယ့် မြန်မာပြည် ပြန်ပို့တာထက်စာရင် ဒီကလူတွေ သတ်ချင်လည်းသတ်ကြပါစေတော့၊ ဒီမှာပဲ နေမယ်။"
သိန်းနဲ့ချီ အရေအတွက် ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာတွေကို ဘယ်နိုင်ငံကမှ မလိုချင်ကြပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာက သူ့နိုင်ငံထဲက ဒီဒုက္ခသည်တွေ မြန်မာပြည်ကို ပြန်ကို ပြန်သွားရမယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီး မီရှဲလ် ဘချက်လက်ကို ပြောပါတယ်။
ဒါပေမယ့် မြန်မာပြည်အတွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခကြောင့် သူတို့ကို ပြန်ပို့တာက လုံခြုံစိတ်ချရဖို့ မရှိဘူးလို့ ကုလသမဂ္ဂက ပြန်ပြော ပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာ စစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်အာဏာ သိမ်းထားတာပါ။
စစ်ခေါင်းဆောင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကနေ လွတ်မြောက်ဖို့အတွက် ရာပေါင်း များစွာသော ရိုဟင်ဂျာတွေဟာ အန္တရာယ်များ လှတဲ့ ပင်လယ်ခရီးကို ဖြတ်ပြီး မလေးရှား၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေဆီကိုလည်း ထွက်ပြေးကြပါတယ်။
ဘင်္ဂလားဒေ့ရှ်က စခန်းတွေမှာ ဒုက္ခသည်အရေအတွက်က တသန်း နီးပါးအထိ ကပ်လာပြီး အဲဒီထဲက တဝက်ဟာ ကလေးငယ်တွေပါ။
ရာမန်လိုပဲ ကော့တစ်ဇာ ဘီဂမ်ဟာလည်း မြန်မာပြည်ကနေ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းမှာ အစားအစာလည်း မရှိ ခြေလျင် ၃ ရက်ခရီး လမ်းလျှောက်ပြီး ထွက်ပြေးခဲ့ရတာပါ။
ကော့တစ်ဇာနဲ့ သူ့ကလေး ၃ ယောက်တို့ ကော့ဆက်ဘဇား စခန်းထဲက အခန်းလေးတခုမှာ နေကြရပါတယ်။ သူတို့ တဲအမိုးက ပလတ်စတစ်စ နဲ့ မိုးထားတာဖြစ်ပြီး မိုးရာသီမှာ ရွာချလာတဲ့ မိုးကို မကာကွယ်နိုင်ပါဘူး။
သူ့အမိမြေမှာ ကြုံခဲ့၊ ထားပစ်ခဲ့တဲ့ ထိတ်လန့်စရာ အဖြစ်ဆိုးတွေက သူ့ စိတ်အာရုံမှာ ပြန်ပြန်လာပေါ်နေဆဲပါ။
"စစ်တပ်က ကျွန်မတို့ အိမ်တွေထဲ ဝင်လာပြီး နှိပ်စက်ကြတယ်။ ကျွန်မတို့ ထွက်ပြေးတော့ သေနတ်နဲ့ လိုက်ပစ်တယ်၊ မိသွားတဲ့ ကလေးတွေကို မြစ်ထဲ လွှင့်ပစ်ပြီး သတ်ကြတယ်။ သူတို့ ရှေ့မှာ တွေ့တဲ့ လူတိုင်းကို သတ်တာပါ။"
စခန်းထဲက တခြားလူတွေလိုပဲ အန်ဂျီအိုတွေက ပေးတဲ့ ရိက္ခာ ဝေစုအပေါ်မှာပဲ ကော့တစ်ဇာတို့ မှီခိုရပါတယ်။ တခါတလေမှာ ရိက္ခာက ဆန်လေးနည်းနည်း၊ ပဲလေး နည်းနည်းသာပဲ ရတာပါ။
"ကလေးတွေ တောင်းတဲ့အတိုင်း သူတို့ကို မကျွေးနိုင်ဘူး။ သူတို့ကို အဝတ်အစား ကောင်းကောင်းလည်း မပေးနိုင်ဘူး။ ဆေးလည်း ကောင်းကောင်း မကုပေးနိုင်ပါဘူး" လို့ သူက ပြောပါတယ်။
ကလေးတွေစာရေးဖို့ ဘောပင်တချို့ ရနိုင်ဖို့ ကော့တစ်ဇာ က သူ့ရိက္ခာဝေစုထဲက တချို့ကို ရောင်းပြီး ဝယ်ပါတယ်။
ကုလသမဂ္ဂရဲ့ ဆန်းစစ်ချက် တခု မကြာသေးတဲ့ ကာလက ထွက်လာပြီး အဲဒီထဲမှာ နိုင်ငံတကာ ကူညီငွေတွေ အဖြတ်တောက်ခံရတာက အရင်ကတည်းက "ရှင်သန်ဖို့ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို လုံးဝမှီခိုနေရတဲ့" ဒီလူတွေ အနေနဲ့ အခက်အခဲတွေ ထပ်တိုးလာစေတော့တယ်လို့ ရေးထားပါတယ်။
ဒုက္ခသည်တွေဟာ အာဟာရပြည့်ဝတဲ့ အစားအစာ၊ လုံလောက်တဲ့ နေစရာ၊ ကျန်းမာရေးအရ သင့်တော်တဲ့ နေရာ၊ အလုပ်လုပ်ကိုင်ခွင့် အခွင့်အလမ်း စတာတွေ ရနိုင်ဖို့ ရုန်းကန်နေရဆဲပဲလို့ ကုလသမဂ္ဂက ပြောပါတယ်။
ဒါ့အပြင် ကော့တစ်ဇာ ရဲ့ သူ့ကလေးတွေ အတွက် အကြီးဆုံး လိုလားချက်ဖြစ်တဲ့ ပညာရေး အခွင့် အလမ်းကလည်း အကြီးအမား အခက်အခဲ တခုပါပဲ။
သင့်တင့်တဲ့ ကျောင်းပညာရေး မရတဲ့ အတွက် မျိုးဆက်တခု ပျောက်ဆုံးသွားမှာကို စိုးရိမ်ပူပန်နေကြပါတယ်။
"နေ့တိုင်းတော့ ကလေးတွေက ကျောင်းသွားနိုင်တယ်၊ ဒါပေမယ့် တိုးတက်လာတာ မတွေ့ရဘူး၊ ကလေးတွေ ပညာရေး ကောင်းကောင်းရနေတယ်လို့ ကျွန်မ မထင်ဘူး" လို့ ကော့တစ်ဇာက ပြောပါတယ်။
ကော့ဆက်ဘဇား စခန်းတွေမှာ နေကြတဲ့ ကလေးတွေက မြန်မာပြည်က ကျောင်းသင်ခန်းစာတွေကို သင်ကြရတာပါ။ ဘင်္ဂလားဒေ့ရှ်က ကျောင်းတွေကို သူတို့ထဲက တယောက်ကမှ တက်မရကြပါဘူး။
တနေ့ မြန်မာပြည်ပြန်နိုင်တဲ့အချိန်ဆိုရင် ဒီကလေးတွေ အတွက် ဒီပညာရေးက သင့်တော်တယ်လို့ ဒီသင်ရိုးညွှန်းတမ်း အစီအစဉ်ကို ထောက်ခံသူတွေက ဆိုကြပေမယ့် ဒါဟာ ဘင်္ဂလားဒေ့ရှ် လူမှုအသိုင်းအဝိုင်းထဲကို ရိုဟင်ဂျာ အသိုင်းအဝိုင်းက ပေါင်းစည်းလို့ မရအောင် တားဆီးထားတာလို့ မြင်ကြသူတွေလည်း ရှိပါတယ်။
"တကယ်လို့ သူတို့ ပညာရေးကောင်းကောင်းရရင် သူတို့ ဘဝ လှပမယ်။ သူတို့ ဘာသာ သူတို့ ဝင်ငွေရှာနိုင်မယ်၊ သူတို့ ပျော်ပျော်ရွှင်ရွှင်နေနိုင်မယ်" လို့ ကော့တစ်ဇာက ဆိုပါတယ်။
ဒေလီမှာ သူ့ရဲ့ ၄ နှစ်အရွယ် ကလေးကို ချီပွေ့ရင်း ရာမန်က သူ့အတွေးကို အခုလို ပြောပြပါတယ်။
"သမီးလေးအတွက် သင့်တော်တဲ့ ပညာရေးကို ပေးနိုင်ဖို့၊ ပိုကောင်းတဲ့ ဘဝရဖို့ ကျွန်တော် မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ဘယ်လိုမှ မလုပ်နိုင်တော့ဘူး။"
ကမ္ဘာတလွှားက ရိုဟင်ဂျာတွေ ဂျီနိုဆိုက်ဘေးက ထွက်ပြေးလာရတဲ့ ၅ နှစ်မြောက်နေ့ကို ဖြတ်သန်းနေရတဲ့ ဒီအချိန်ကာလမှာ တို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကမ္ဘာကမေ့နေကြ ပြီလားလို့ မေးချင်ကြမှာပါ။ သူတို့ အတွက် တရားမျှတမှု ဘယ်တော့ရမလဲ ဆိုတာကို လည်း စောင့်မျှော်ကြဦးမှာပါ။ မြန်မာစစ်တပ်ကို အရေးယူပေးဖို့ နိုင်ငံတကာ ရာဇဝတ်မှုများ တရားရုံး အိုင်စီဂျေ ကို သူတို့ တင်ထားတဲ့ အမှုအပေါ် ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကိုလည်း စောင့်နေကြတုန်းပါ။
ဒါပေမယ့် သူတို့အိမ်ပြန်ဖို့ မျှော်လင့်ချက်အပြင် တခြားမျှော်လင့်နေတာတွေ ရှိနေပါတယ်။
ဘေးကင်းစွာ အိမ်ပြန်နိုင်ဖို့ ဖြစ်မလာသေးချင် ရာမန်တို့လို ဒုက္ခသည်တွေက အကူအညီတွေပေးဖို့၊ စေတနာတွေထားဖို့ ကမ္ဘာ့ ပြည်သူ့ အသိုင်းအဝိုင်းကို သူတို့ ပန်ကြားနေကြပါတယ်။
"ကျွန်တော် ဒီမှာ သူများဆီက ခိုးဖို့ ဝှက်ဖို့ ရောက်လာတာ မဟုတ်ပါဘူး၊ ကျွန်တော် အသက်ဆက်ရှင် ချင်လို့ ရောက်လာတာပါ။"