ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အလင်္ကာပုလဲပန်း၊ "ဟ" အက္ခရာရဲ့ အခန်းကဏ္ဍအပိုင်း ၂
- ရေးသားသူ, ကိုသိမ်းမြတ်
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာစကားမှာ ပြုလုပ်ခြင်းကိုဖော်ပြတဲ့စကားလုံးနဲ့ ဖြစ်ခြင်းကိုဖော်ပြတဲ့စကားလုံးတော်တော်များများဟာ ဒွိယံ၊ ဒွိယံ အတွဲလိုက်ရှိကြတယ်။ အဲဒါဟာ မြန်မာစကားရဲ့ ထူးခြားချက်တခုပါ။ ပြုလုပ်ခြင်းအနက်ထွက်တဲ့စကားလုံးတွေကို ကာရိုက်လို့ခေါ်ပြီး ဖြစ်ခြင်းအနက်ထွက်တဲ့စကားလုံးတွေကို သုဒ္ဓလို့ ခေါ်ပါတယ်။
နောက်ထပ်ထူးခြားတာတခုက ပြုလုပ်ခြင်းအနက်ထွက်တဲ့ စကားလုံးမှန်သမျှဟာ "ဟ" အက္ခရာနဲ့ တနည်းမဟုတ် တနည်းဆက်စပ်နေပါတယ်။ ပြုလုပ်ခြင်းအနက်ထွက်တဲ့စကားလုံးဟာ မူလကတည်းက "ဟ" အက္ခရာနှောပြီးသား ဖြစ်နေတဲ့ ခ၊ဆ၊ထ၊ဖ အက္ခရာတွေ ဖြစ်ချင်ဖြစ်၊ ဒါမှမဟုတ်ရင် ဟထိုးထည့်ထားတဲ့စကားလုံးတွေဖြစ်ကြပါတယ်။ ဒါဟာ မြန်မာစကား စည်းစနစ်တခုပါ။
သုဒ္ဓနဲ့ကာရိုက်ကို ပိုရှင်းအောင် ဥပမာပေးရင် ချွတ်လို့ကျွတ်တယ်၊ ခြောက်လို့ကြောက်တယ်၊ ဖော့လို့ပေါ့တယ်၊ ဖော်လို့ပေါ်တယ်၊ ဖြည်လို့ပြည်တယ်၊ ဖျောက်လို့ပျောက်တယ်ဆိုတာမျိုးတွေပါ။ ချွတ်တာက ပြုလုပ်ခြင်း ကာရိုက်၊ ကျွတ်တာက အပြုခံရလို့ဖြစ်သွားတာ သုဒ္ဓပါ။ ခြောက်တာက ပြုလုပ်ခြင်း ကာရိုက်၊ ကြောက်တာက အပြုခံရလို့ဖြစ်သွားတဲ့ သုဒ္ဓပါ။ ဖော့တာက ပြုလုပ်ခြင်းကာရိုက်၊ ပေါ့တာကဖြစ်ခြင်းသုဒ္ဓ။ ဖော်တာက ပြုခြင်းကာရိုက်၊ ပေါ်တာက ဖြစ်ခြင်းသုဒ္ဓ၊ ဖြည်တာကပြုခြင်းကာရိုက်၊ ပြည်တာကဖြစ်ခြင်း သုဒ္ဓ။ အဲသလို စကားလုံးအတွဲတွေကို မြန်မာစကားမှာ သုဒ္ဓ၊ ကာရိုက်အတွဲတွေလို့ ခေါ်ပါတယ်။ စဝဂ်နဲ့ တဝဂ်မှာ သုဒ္ဓ၊ ကာရိုက်အတွဲ အရေအတွက်နည်းပါတယ်။ မရှိတာတော့မဟုတ်ပါဘူး။ ဆုတ်လို့ စုတ်သွားတာ၊ ဆွဲလို့စွဲသွားတာဟာ စဝဂ်ထဲက သုဒ္ဓ၊ ကာရိုက်အတွဲတွေပါ။ တဝဂ်ထဲမှာလည်း ထိုးလို့တိုးသွားတာ သုဒ္ဓ၊ ကာရိုက်အတွဲပါ။ ထိုးလို့တိုးသွားတယ်ဆိုတာ တလုံးတည်း မထင်ရှားပေမဲ့ တခြားစကားလုံးဖြည့်ကြည့်လိုက်ရင် သုဒ္ဓ၊ ကာရိုက်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ ရေထိုးလို့ ရေတိုးသွားတာ။ လေထိုးလို့ လေတိုးသွားတာလို့တွေးကြည့်ရင် ပေါ်လွင်ပါတယ်။
သုဒ္ဓဆိုတဲ့ ပါဠိစကားလုံးရဲ့အနက်ဟာ စင်ကြယ်ခြင်းဖြစ်ပါတယ်။ ကာရိုက်ဆိုတာက ကာရိတဆိုတဲ့ ပါဠိစကားလုံးက ဆင်းသက်လာတာဖြစ်ပြီး ပြုလုပ်သူပါရှိခြင်းဆိုတဲ့ သဘောလို့ ဟံသာဝတီဦးဘရင်ရဲ့ မြန်မာ့စာပေဆောင်းပါးမှာ ဖော်ပြထားပါတယ်။
အခုဖော်ပြတဲ့ အတွဲတွေကိုကြည့်ရင် သုဒ္ဓနဲ့ကာရိုက်စကားလုံးတွဲတွေမှာ သုဒ္ဓအားလုံးဟာ ပထမက္ခရာဖြစ်ပြီး ကာရိုက်အားလုံးဟာ ဒုတိယက္ခရာတွေဖြစ်နေတာ တွေ့နိုင်ပါတယ်။ ဒီနေရာမှာ "ဟ" အက္ခရာရဲ့သြဇာကို မြင်တွေ့နိုင်ပါတယ်။
ဒုတိယက္ခရာအားလုံးဟာ ပထမက္ခရာအားလုံးကို ဟ ပေါင်းထည့်ထားတာဖြစ်ကြောင်း ဆောင်းပါးအပိုင်း ၁ မှာ ဖော်ပြပြီး ဖြစ်ပါတယ်။ "က+ဟ=ခ" "စ+ဟ=ဆ" "တ+ဟ=ထ" "ပ+ဟ=ဖ" ဖြစ်ပါတယ်။ ဒါ့ကြောင့် ဟ အက္ခရာပေါင်းထည့်ထားတဲ့ စကားလုံးတွေက ကာရိုက်ဖြစ်ကြပြီး "ဟ" အက္ခရာမပါတဲ့ တွဲဖက်စကားလုံးတွေက သုဒ္ဓဖြစ်ကြပါတယ်။ ချိုးလို့ကျိုးတယ်၊ ချက်လို့ကျက်တယ်၊ ဖောက်လို့ပေါက်တယ် စသည်ဖြင့် တခြားစကားလုံးတွဲတွေကို လိုက်ကြည့်ရင်လည်း ဒီစည်းမျဉ်းနဲ့ကိုက်ညီတယ်ဆိုတာ တွေ့နိုင်ပါတယ်။
သုဒ္ဓနဲ့ကာရိုက်စကားလုံးတွေဟာ နှစ်လုံးတွဲတွေလည်း ရှိပါတယ်။ ဥပမာ ဖျက်ဆီးလို့ ပျက်စီးတယ်ဆိုတဲ့ စကားလုံးမျိုးပါ။ ပျက်စီးလား၊ ပျက်ဆီးလားဆိုပြီး စာလုံးပေါင်းသတ်ပုံမှားတဲ့သူတွေ မကြာခဏတွေ့ရတတ်ပါတယ်။ ဖျက်ဆီးလား၊ ဖျက်စီးလားဆိုပြီးတော့လည်း ဇဝေဇဝါ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ သုဒ္ဓ၊ ကာရိုက်သဘောကို နားလည်ရင် သတ်ပုံအမှန်ကို တွေးဆလို့ရပါတယ်။ ဖျက်ဆီးတာက ကာရိုက်ဖြစ်တဲ့အတွက် ဒုတိယက္ခရာတွေချည်းပဲ ဖြစ်ရပါမယ်။ ဒါဆိုရင် ဖျက်စီး မဖြစ်နိုင်ကြောင်း သေချာသွားပါတယ်။ ပျက်စီးတာက သုဒ္ဓဖြစ်တဲ့အတွက် ပထမက္ခရာတွေချည်းဖြစ်ရပါမယ်။ ဒါဆိုရင်လည်း ပျက်ဆီးမဖြစ်နိုင်ကြောင်း သေချာသွားပါတယ်။ ချိုးဖျက်လို့ ကျိုးပျက်တယ်ဆိုတာလည်း နှစ်လုံးတွဲ သုဒ္ဓ၊ ကာရိုက်စကားလုံးပါ။ ချိုးချလို့ ကျိုးကျတယ်ဆိုတာဟာလည်း နှစ်လုံးတွဲ သုဒ္ဓ၊ ကာရိုက်တွေပါပဲ။ ချိုးဖျက်နှစ်လုံးစလုံးဟာ ဒုတိယက္ခရာ၊ ကျိုးပျက် နှစ်လုံးစလုံးဟာ ပထမက္ခရာဖြစ်ကြောင်း သတိပြုနိုင်ပါတယ်။ အလားတူပဲ။ ချိုးချနှစ်လုံးစလုံးဟာ ဒုတိယက္ခရာ၊ ကျိုးကျနှစ်လုံးစလုံးဟာ ပထမက္ခရာဖြစ်ပါတယ်။
ပထမက္ခရာတွေဟာ သိထိလ၊ ဒုတိယက္ခရာတွေဟာ ဓနိတဖြစ်ကြောင်းလည်း ပထမဆောင်းပါးမှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒါ့ကြောင့် တနည်းအားဖြင့်ပြောရရင် ဓနိတတွေက ကာရိုက်၊ သိထိလတွေက သုဒ္ဓလို့လည်း ဆိုနိုင်ပါတယ်။ ဒါ့အပြင် င၊ည၊န၊မ ပဉ္စမက္ခရာတွေက သိထိလဖြစ်ပြီး သူတို့ရဲ့ဓနိတ အသံတွေကတော့ ငှ၊ညှ၊နှ၊မှ တွေဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။
ပဉ္စမအက္ခရာတွေက သုဒ္ဓဖြစ်ပြီး သူတို့ရဲ့ကာရိုက်ကိုတော့ ငှ၊ညှ၊နှ၊မှတွေမှာတွေ့နိုင်ပါတယ်။ ဥပမာ ငှနဲ့ငဟာ ကာရိုက်နဲ့သုဒ္ဓပါ။ ဝေငှလိုက်လို့ လောက်ငသွားတာပါ။ ငြှိမ်းလိုက်လို့ ငြိမ်းသွားတာလည်း အလားတူပါပဲ။ ညှပ်လိုက်လို့ညပ်သွားတာလည်း အတူတူပါပဲ။ မြှောက်နဲ့မြောက်၊ နှောက်နဲ့နောက်၊ မျှောနဲ့မျောဆိုတဲ့ အတွဲတွေလည်း ရှိပါတယ်။ ဒီစကားလုံးတွေကိုကြည့်ရင်လည်း ကာရိုက်တိုင်းမှာ ဟထိုးပါပြီး သုဒ္ဓတိုင်းဟာ ဟထိုးမပါတဲ့မူလစကားတွေချည်းပဲဆိုတာတွေ့နိုင်ပါတယ်။
ဒါ့ကြောင့် မြန်မာစာ၊ မြန်မာစကားမှာ "ဟ" ရဲ့နောက်ထပ်အကျိုးပြုမှုတခုဟာ ကာရိုက်အလုပ်ကို လုပ်ခြင်းလို့ ဆိုနိုင်ပါတယ်။
သုဒ္ဓ၊ ကာရိုက်စကားလုံးတွဲတိုင်းမှာ ကာရိုက်စကားလုံးတွေဟာ "ဟ" နဲ့တနည်းတဖုံဆက်ကိုဆက်စပ်နေတယ်လို့ ဒါ့ကြောင့်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဟထိုးပါတဲ့စကားလုံးတိုင်းဟာ ကာရိုက်ဖြစ်ရမယ်လို့တော့ ဆိုလိုတာ မဟုတ်ပါဘူး။ မှ၊ မှန်း၊ ရွှင်၊ မှောင်၊ လျှပ်၊ ရှင်သန် စသည်ဖြင့် သူ့ဘာသာ သီးခြားရပ်တည်နေတဲ့ ဟထိုးပါ စကားလုံးတွေ အများအပြားရှိပါတယ်။
ဟထိုးဆိုတာ ဆောင်းပါးအပိုင်း ၁ မှာပြောခဲ့သလိုပါပဲ။ "ဟ" ကို အောက်က ထိုးထားတာပါ။ ပုဂံခေတ်မှာတုန်းကဆိုရင် အောက်မှာ ဟကိုထိုးပြီး နှစ်လုံးဆင့်ပုံသဏ္ဍန်မျိုး ရိုးရိုးရှင်းရှင်းပဲ ရေးခဲ့ပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းပြောင်းလဲ ရွေ့လျားလာပြီး ဒီနေ့ခေတ်သုံးနေတဲ့ ၂ ဂဏန်းပုံစံမျိုးနဲ့ဆင်တဲ့ သင်္ကေတ ဖြစ်လာတာပါ။
အဝဂ်ထဲမှာလည်း သုဒ္ဓ၊ ကာရိုက်အတွဲစာလုံးတွေရှိပါတယ်။ လွှင့်လို့လွင့်သွားတယ်၊ ရွှေ့လို့ရွေ့သွားတယ်၊ ဝှေ့လို့ဝေ့သွားတယ် ဆိုတာမျိုးတွေပါ။
သုဒ္ဓနဲ့ကာရိုက်အတွဲတွေမှာ ကာရိုက်ကို ရရစ်နဲ့ပေါင်းရင် သုဒ္ဓမှာလလည်း ရရစ်ဖြစ်ရမယ်။ ကာရိုက်ကို ယပင့်နဲ့ပေါင်းရင် သုဒ္ဓမှာလည်း ယပင့်ဖြစ်ရမယ်လို့ ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။ ခြောက်လို့ကြောက် မှာ ခြောက်ကို ရရစ်တဲ့အတွက် ကြောက်ကလည်း ရရစ်ဖြစ်ရမယ်၊ မြှောက်နဲ့မြောက်မှာလည်း မြှောက်ကိုရရစ်တဲ့အတွက် မြောက်ကိုလည်း ရရစ်ရမယ်လို့ ဆရာကြီးဦးထွန်းတင့်ကဆိုလိုတာပါ။ ချိုးလို့ကျိုးမှာ ချိုးကို ယပင့်နဲ့စာလုံးပေါင်းလို့ ကျိုးကိုလည်း ယပင့်ပဲဖြစ်ရမယ်လို့ ဆိုပါတယ်။ ဖျောက်ကိုယပင့်နဲ့ပေါင်းရင် ပျောက်ကိုလည်း ယပင့်နဲ့ပေါင်းရမယ်လို့ဆိုပါတယ်။ ဆရာကြီးဦးထွန်းတင့်က အခုလို ဆက်ရှင်းပါတယ်။
"ဒီနေရာမှာ ခြွင်းချက်စာလုံးတလုံးပဲ ရှိပါတယ်။ အဲဒါကတော့ မျှော်နဲ့မြော်ပါ။ မျှော်ကို ယပင့်နဲ့ပေါင်းပြီး မြော်ကိုတော့ ရရစ်နဲ့ပေါင်းတယ်ဗျ။ ဒါလေးကတော့ ခြွင်းချက်ပေါ့။ မျှော်နဲ့မြော်ကို သုဒ္ဓနဲ့ကာရိုက်မှ ဟုတ်ရဲ့လားတို့ဘာတို့ တချို့က တွေးတတ်ကြပါတယ်။ အဲဒါကမြော်ဆိုတဲ့စကားကို အခုခေတ်လူတချို့ နားမလည်ကြလို့ပါ။ မြော်ဆိုတာ မြင်တာနဲ့ အတူတူပါပဲ။ မျှော်ကြည့်လိုက်လို့ မြင်တဲ့သဘောပေါ့ဗျာ။ မြော်မြင်ဆိုတာ အဓိပ္ပာယ်တူနှစ်လုံးကို တွဲသုံးတာပါပဲ။ ဖူးမြော်တယ်ဆိုတဲ့မြော်ကလည်းဒါပါပဲ။ မဲဇာတောင်ခြေရတုထဲမှာ မမြော်ပါရ၊ နေကိုတလည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်ဆိုတာ အဲဒီမြော်ပါပဲ။ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမြော်ချင်၍ ဆိုတာ အဲဒီမြော်ပါပဲဗျာ။"
မဲဇာတောင်ခြေရတုကို အခုနောက်ပိုင်းကိုးကားကြသူတော်တော်များများက "မမြော်ပါရ၊ နေကိုတလည်း၊ ဘယ်ကရှေ့နောက်" ဆိုတဲ့နေရာမှာ "မမျှော်ပါရ၊ နေကိုတလည်း" ဆိုပြီး ကြိမ်ဖန်များစွာမှားရေးနေကြတာကို သတိပြုမိပါတယ်။ ဆရာကြီးပြောတဲ့ မျှော်နဲ့မြော် သုဒ္ဓ၊ကာရိုက်အတွဲကို နားမလည်လို့ လွဲကြတာ ဖြစ်ပါတယ်။
"ဟ" အက္ခရာဟာ သူ့အက္ခရာနဲ့ဖွဲ့စည်းထားတဲ့ ဝေါဟာရ မကြွယ်ဝမပေါများလှပေမဲ့ နောက်ကွယ်ကနေ သူထောက်ကူပံ့ပိုးပေးနေတဲ့ ပမာဏကတော်တော်ကြီးမားတဲ့အတွက် မြန်မာစာ၊ မြန်မာစကားအပေါ်မှာ "ဟ" အက္ခရာရဲ့ ကျေးဇူးဟာ အလွန်ကြီးတယ်လို့ ဆိုချင်ပါတယ်။