ရခိုင်မှာ ကုန်စျေးနှုန်းဒဏ် အလူးအလဲခံနေရ

ရခိုင်ပြည်နယ်မှာ အခုလအတွင်း ဆန်အပါအဝင် အခြေခံစားသုံးကုန်စည် ဈေးနှုန်းတွေက တစ်ဟုန်ထိုးမြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာနေတာကြောင့် ဒေသခံ စားသုံးသူတွေအပေါ် ဆိုးရွားစွာထိုခိုက်မှုတွေ ရှိနေသလို လက်လုပ်လက်စားမိသားစုတွေ အနေနဲ့လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

အခြေခံစားသုံးကုန်စည်တွေထဲ ဆန်ဈေးနှုန်းတွေမြင့်တက်လာနေတာက ဒေသနေပြည်သူတွေအပေါ် အဆိုးဆုံးထိခိုက်မှု တစ်ခုဖြစ်လာနေတယ်လို့ စစ်တွေမြို့က ဒေါ်ကျော့စိန်က ပြောပါတယ်။

စားသုံးကုန်စည်ဈေးနှုန်းတွေဟာ ရခိုင်ပြည်နယ်အတွင်း လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက မတည်မငြိမ်မှုတွေရှိနေခဲ့ပြီး အခု ၂၀၂၂ ခု နှစ်လယ်လေက်မှာတော့ သိသိသာသာ မြင့်တက်လာနေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု မတိုင်ခင် ၂၀၂၀ ခုနှစ်လောက်က ရခိုင်ပြည်နယ်မှာ ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ကျပ် ၄ သောင်းဝန်းကျင် ခန့် ဧည့်မထ ဆန်တစ်အိတ်ကို ကျပ် ၂ သောင်းကျော်ခန့်သာ ရှိခဲ့ရာကနေ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာတော့ ဆန်အပါအဝင် စားသုံကုန်စည်တွေနဲ့ တခြားအသုံအဆောင်ပစ္စည်း ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ကျပ် ၆ သောင်းခွဲနီးပါး၊ ဧည့်မထဆန်တစ်အိတ်ကို ကျပ် ၄ သောင်းကျော်ထိ ဒီကနေ့ သြဂုတ်လ ၈ ရက်နေ့မှာ ဈေးပေါက်နေပြီး ဆန်ဈေးနှုန်းတွေက နေ့စဉ်နဲ့အမျှ မြင့်တက်လာနေတာဖြစ်ပါတယ်။

"အခက်အခဲတွေကတော့ အများကြီးပါပဲ။ ကုန်ဈေးတွေ၊ ဆန်ဈေးတွေကလည်း တက်နေတော့ ကျွန်တော်တို့ လက်လုပ်လက်စားတွေအတွက် အခက်အခဲတွေ အများကြီး ဖြစ်တယ်ပေါ့နော်။ ကျွန်တော်တို့ သုံးဘီးမောင်းတဲ့သူတွေဆိုလည်း ဆီဈေးတွေကတက်တော့ တစ်ရက်မောင်းလို့ ရတဲ့ပိုက်ဆံက ဆီဖိုးပေးတာနဲ့ကုန်ပြီ။ ပြီးတော့ မိသားစုတွေကလည်း ဝင်ငွေရှာရတာ အများကြီးအခက်အခဲတွေကြုံရတယ်။"လို့ စစ်တွေမြို့က သုံးဘီးမောင်းသမား ကိုမောင်ဆန်းက ပြောပါတယ်။

ဒါ့အပြင် စားသုံးဆီ တစ်လီတာကို ကျပ် ခြောက်ထောင်ကျော်၊ ကြက်သွန်နီတစ်ပိဿာကို ၂၅၀၀ ဝန်းကျင်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ကျပ် လေးထောင်ကျော်နဲ့ ငရုတ်သီးခြောက်တစ်ပိဿာကို ကျပ် တစ်သောင်းခုနှစ်ထောင်အထိကို ဈေးမြင့်တက်နေတာဖြစ်ပါတယ်။

လတ်တလောမှာ ကုန်ဈေးနှုန်းမြင့်တက်မှု ဒေသမတည်မငြိမ်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေမှာလည်း အဆင်မပြေမှု တွေနဲ့ ကြုံနေရတဲ့အတွက် အလုပ်အကိုင်တွေလည်း ရှားပါးလာနေပြီး လက်လုပ်လက်စား အလုပ်သမားတွေအတွက် နေ့စဉ်ပုံမှန်ဝင်ငွေရရှိမှုူတွေလည်း လျော့နည်းလာနေတာဖြစ်ပါတယ်။

ဆိုက္ကားသမား၊ လက်သမားတို့လို လက်လုပ်လက်စားတွေအတွက် တစ်နေ့လုပ်အားခ ပျမ်းမျှရရှိငွေက ကျပ် ၈၀၀၀ ထောင်လောက်သာရှိပြီး ဆန်တစ်ပြည်ကို ကျပ် ၂၀၀၀ ထိပေးဝယ်နေရကာ တခြားစားသုံးကုန်စည်တွေနဲ့ အိမ်အသုံးစရိတ်တွေလည်း မြင့်မားလာနေတာကြောင့် တစ်နေ့လုပ်အားခရရှိငွေနဲ့ တစ်နေ့အသုံးစရိတ်လိုအပ်ချက်က မညီမျှတဲ့အခြေအနေနဲ့ ကြုံနေကြရတယ်လို့ ဒေါ်ကျော့စိန်က ပြောပါတယ်။

အခုလို ကာလမှာ ဝင်ငွေရရှိမှုနည်းပါးလာနေတဲ့အပြင် ကုန်ဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်နေတာကြောင့် စားသုံမှု ကုန်ကျစရိတ်တွေနဲ့ မလုံလောက်တဲ့အတွက် ငါးဝယ်စားဖို့တောင် အခက်အခဲတွေကို ကြုံနေရတယ်လို့ သုံးဘီးသမား ကိုမောင်ဆန်းက ပြောပါတယ်။

အခြေခံ စားသုံးကုန်စည်တွေအပြင် တခြားစားသုံးကုန်နဲ့ ကုန်မာပစ္စည်း ဈေးနှုန်းတွေလည်း မြင့်မားလာနေပြီး အခုလအတွင်းမှာ ဈေးနှုန်းအပြောင်းအလဲတွေ အရမ်းမြန်နေတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေကိုပါ ဆိုးဆိုးဝါးဝါး ထိုခိုက်မှုတွေ ရှိလာနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ကုန်စည်ဈေးနှုန်း‌တွေ မတည်မငြိမ်ဖြစ်နေသလို လိုအပ်တဲ့ပစ္စည်းတွေကို လိုသလောက် ဝယ်ယူလို့ မရတာတွေ၊ ရှိတဲ့ပစ္စည်းတွေကိုလည်း ထုတ်ရောင်းဖို့ အခက်အခဲဖြစ်နေပြီး ဝယ်လိုအားတွေလည်း လျော့နည်းလာနေတာကြောင့် စီးပွားရေးလုပ်ငန်းတွေအတွက်လည်း အခက်အခဲတချို့ ကြုံနေရတယ်လို့ ဝတီစိုး စားသောက်ကုန်နဲ့ လူသုံးကုန်ဖြန့်ချိရေးလုပ်ငန်း အရောင်းမန်နေဂျာ ဦးအောင်သန်းထူးက ပြောပါတယ်။

လက်ရှိအခြေအနေက စားသုံးသူတွေအပြင် ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေအတွက်ပါ ထိခိုက်မှုတွေရှိနေပြီး အကျိုးအမြတ်တွေလည်း ရသင့်သလောက်မရတော့ဘဲ အကျဘက်ကို ဦးတည်နေတယ်လို့ ဆိုပါတယ်။

"ဈေးနှုန်းအတက်အကျက မြန်တယ်ပေါ့နော်၊ ပစ္စည်းတစ်မျိုးက တစ်ရက်တည်းမှာကို ဈေးနှုန်းက နှစ်မျိုသုံးမျိုးလောက် ပြောင်းနေတယ်။ အဲ့လိုဖြစ်နေတော့ ကုမ္ပဏီတွေကိုယ်တိုင်က အရောင်းရပ်ထားကြတာတွေများနေတယ်။ ကျွန်တော်တို့က လိုတဲ့ပစ္စည်းဝယ်မရဘူး။ တစ်ဆင့်ပြန်ရောင်းတဲ့သူတွေကလည်း လျှော့ပြီးဝယ်ကြတယ်။ အရောင်းအဝယ်ပါးသွားတာပေါ့။"လို့ ဦးအောင်သန်းထူးက ပြောပါတယ်။

လက်ထဲရှိနေတဲ့ ပစ္စည်းတွေကို ထုတ်ရောင်းလိုက်တဲ့ ဈေးနှုန်းထက် ပြန်ဝယ်ရမယ့် သွင်းအားစုတန်ဖိုးက ပမာဏပိုများနေတာ ကြောင့် စီးပွားရေးလုပ်ငန်းအများစုတို့ဟာ အရောင်းအဝယ်လုပ်လိုက်လို့ရှိရင် အရှုံးနဲ့ကြုံရတဲ့ အခြေအနေဖြစ်နေတယ်လို့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေက ပြောဆိုကြပါတယ်။

ဒေသတွင်း ထွက်ကုန်တွေအပြင် ပြည်မဘက်ကတင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေဆိုရင်လည်း ယခင်ကထက် ဈေးကြီးပေးဝယ်ရတာတွေ၊ သယ်ယူစရိတ် မြင့်မားမှုတွေနဲ့ ခရီးချိန်ကြန့်ကြာမှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ တချို့ကုန်စည်ဈေးနှုန်းတွေက တခြားဒေသတွေမှာထက် ပိုမိုမြင့်မားနေရတာဖြစ်တယ်လို့ သိရပါတယ်။

လူသုံးကုန်နဲ့ တခြားစားသောက်ကုန်စည်ဈေးနှုန်းတွေ မြင့်တက်နေပေမယ့် အခြေခံစားသောက်ကုန်စည်ဈေးနှုန်းတွေ မြင့်တက်မှုမရှိရင်တော့ အခြေခံလူတန်းစားတွေကို ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တဲ့အခြေအနေမရှိဘူးလို့ ဦးအောင်သန်းထူးက သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်ဟာ မူလကတည်းက ဆင်းရဲကျပ်တည်းမှုနဲ့ရင်ဆိုင်နေရတဲ့ ဒေသတစ်ခုဖြစ်သလို ဒေသမတည်မငြိမ်မှုတွေ ဖြစ်ပွားနေတဲ့ ဆယ်စုနှစ်တစ်ခုအတွင်း စီးပွားရေးလုပ်ငန်းတွေလည်း ကျဆင်းခဲ့ရတဲ့အခြေအနေကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဆင်းရဲကျပ်တည်းမှုတွေမြင့်မားလာနေတဲ့ ကာလမှာပဲ အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စီးပွားရေးကျဆင်းမှုတွေကို ကြုံလာရတဲ့အချိန်မှာ ရခိုင်ပြည်နယ်ဟာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းတွေက သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

"တစ်နေ့ထက်တစ်နေ့ ကုန်ဈေးနှုန်းတွေ တက်လာနေတယ်ဆိုတော့ တာဝန်ရှိသူတွေအနေနဲ့လည်း အတတ်နိုင်ဆုံး ထိန်းညှိပေးရမှာတော့နော်။ ထိန်းညှိမပေးဘဲ အဲ့ဒီတိုင်းလွှတ်ပေးထားလို့ရှိရင် ရခိုင်ပြည်တင်မကဘူး တခြားပြည်နယ်တွေမှာလည်း အခက်အခဲတွေအများကြီး ကြုံလာနိုင်တယ်လို့တော့ မြင်ပါတယ်။"လို့ စစ်တွေမြို့က ဒေါ်ကျော့စိန်က ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ဒေသတစ်ခုဖြစ်သလို လက်ရှိအခြေအနေမှာ စပါးထွက်နှုန်းက ဒေသတွင်း စားသုံးမှုပမာဏထက် ပိုလျှံစွာထွက်ရှိနေပေမယ့် ဆန်ဈေးမြင့်တက်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒေသတွင်းက ထွက်ရှိတဲ့ဆန်စပါးတွေကို ပြည်မနဲ့ ပြည်ပဈေးကွက်တွေကို တင်ပို့ရောင်းချမှုတွေကြောင့် အခုလို ဆန်ဈေးနှုန်းမြင့်တက်မှုတွေကို နှစ်စဉ် ကြုံတွေ့နေရပြီး အခုနှစ်မှာတော့ အဆိုးရွားဆုံး အခြေအနေကိုရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့ ရခိုင်ဒေသခံတွေက ပြောဆိုကြပါတယ်။

ပြည်နယ် ပြင်ပဈေးကွက်တွေမှာ ဈေးကောင်းရရှိတာကြောင့် အရန်ဆန်မရှိတဲ့ ရခိုင်ပြည်နယ်ရဲ့ လိုအပ်တဲ့ဆန်ပမာဏထက် ကျော်လွန်ပြီး တင်ပို့ရောင်းချမှုတွေကြောင့် အခုလို မိုးတွင်းကာသို့ရောက်တိုင်း ပြည်မဘက်ကဆန်တွေကို နှစ်စဉ်ပြန်လည်ဖြည့်တင်းပေးရတဲ့ အခြေအနေဖြစ်နေပါတယ်။

မကြာသေးခင်ကလည်း ပြည်မဘက်မှာ ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ကျပ် ၇ သောင်းထိ မြင့်တက်ခဲ့တဲ့အချိန် ရခိုင်ဆန်ကုန်သည်တွေက ဈေးကောင်းရရှိတဲ့အတွက် ပြည်မဘက်ကို ဆန်တွေတင်ပို့ရောင်းချခဲ့ကြပြီး ဒေသတွင်း ဆန်စပါးကုန်သည်တွေလက်ထဲ ဆန်တွေနည်းပါးလာခဲ့တဲ့အခါမှ အခုလို ဆန်စျေး အဆမတန် မြင့်တက်လာခဲ့ရတာ ဖြစ်တယ်လို့ ဆန်အရောင်းအဝယ် လုပ်ကိုင်နေသူတွေက ပြောဆိုကြပါတယ်။

ဒေသတွင်းက ထွက်ရှိတဲ့ဆန်တွေကို ပြည်နယ်ပြင်ပဈေးကွက်တွေကို တင်ပို့ရောင်းချကြတဲ့အခါမှာ ဒေသတွင်း ဆန်လိုအပ်ချက်ကို ချန်လှပ်ထားပြီး ပိုလျှံဆန်တွေကိုသာ ရောင်းချဖို့နဲ့ ပြည်နယ်တွင်း ဆန်ဈေးနှုန်းတွေကို သင့်လျော်တဲ့ အနေအထား တစ်ခုထက် မပိုတဲ့ဈေးနှုန်းတွေနဲ့ စားသုံးနိုင်တဲ့အထိ သက်ဆိုင်သူတွေအနေနဲ့ ကိုင်တွယ်ဖို့လိုအပ်တယ်လို့ သုံးသပ်ကြပါတယ်။