ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းမှာဖမ်းမိတဲ့ တရားမဝင်လုပ်သား တစ်သိန်းကျော်မှာ မြန်မာ ၉၀ ရာခိုင်နှုန်းကျော်ပါနေ
ထိုင်းအစိုးရက ထုတ်ပြန်တဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့နှစ်က တရားမဝင် ဝင်ရောက်လာသူ ၈ သောင်းကျော် ဖမ်းမိခဲ့ပြီး အခုနှစ်အတွင်း ဇွန်လအထိ တရားမဝင်ဝင်ရောက်လာသူ ၄ သောင်းကျော် ဖမ်းမိထားတယ်လို့ ထိုင်းရောက် မြန်မာအရေးလှုပ်ရှားသူတွေက ပြောပါတယ်။
အဲဒီလို ထိုင်းအစိုးရ ထုတ်ပြန်ထားတဲ့ စာရင်းတွမှာ မြန်မာ လာအို ကမ္ဘောဒီးယား သုံးနိုင်ငံက လုပ်သားတွေလို့ ဖော်ပြထားပေမယ့် ထိုင်းနိုင်ငံကို အခုလို တရားမဝင် ဝင်ရောက်လာသူတွေအများစု ၉၀ ရာခိုင်နှုန်းဟာ မြန်မာလုပ်သားတွေ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ဘီဘီစီကို ပြောပါတယ်။
ဒါကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းကို တရားမဝင် ဝင်ရောက်လာလို့ အဖမ်းခံရတဲ့ မြန်မာလုပ်သားအရေအတွက်ဟာ တစ်သိန်းကျော် ရှိနိုင်တယ်လို့ ဦးထူးချစ်က ခန့်မှန်းပြောဆိုပါတယ်။
ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းတွေထဲက ဘန်ကောက်၊ ရနောင်း၊ မဲဆောက် စတဲ့ အကျဉ်းထောင်တွေမှာ မြန်မာအလုပ်သမားတွေ အများစုရှိနေကြတယ်လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့အဖွဲ့အစည်းတွေက ပြောကြပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကတော့ သူတို့အလုပ်သမားအရေး ကူညီပေးနေတဲ့ နှစ် ၂၀ ကျော် နှစ် ၃၀ နီးပါးကာလအတွင်း ဒီလိုအစုလိုက် အပြုံလိုက် တရားမဝင် ဝင်ရောက်လာသူ အရေအတွက် အများဆုံးလို့ ပြောပါတယ်။
ထိုင်းကို နယ်စပ်ဖြတ်ကျော်ပြီး မြန်မာဘက်ကနေ နည်းမျိုးစုံနဲ့ ဝင်ရောက်နေတာဖြစ်တဲ့အတွက် တရားမဝင် ဝင်ရောက်သူ မြန်မာတွေ အရေအတွက်က အခုထက်များနိုင်တယ်လို့ ထိုင်းနိုင်ငံရောက် အလုပ်သမားရေးကူညီသူတွေက ပြောပါတယ်။
" အဓိကကတော့ နိုင်ငံရေးမတည်ငြိမ်တာ၊ ကိုဗစ်ကပ်ဘေးကြောင့် အလုပ်ကိုင် ရှားပါးတာ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ စွန့်ခွာသွားတာ၊ မိဘတွေကိုယ်တိုင်က မရှိရှိတာ ပေါင်နှံပြီး နိုင်ငံခြားကို လွှတ်ကြတာတွေပေါ့၊ အရင်က မလွှတ်တဲ့ မိဘတွေတောင် အခု သူတို့ကိုယ်တိုင် သွားခိုင်းကြတာ၊ နိုင်ငံရေးမှာ သူတို့သားသမီးတွေပါ မိလို့ မတရားအဖမ်းခံရမှာ အသတ်ခံရမှာကို စိတ်ပူပြီးလွှတ်ကြတာ" လို့ ဦးထူးချစ်က ပြောပါတယ်။
တရားမဝင် လာရောက်တဲ့သူတွေအများဆုံးက တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်၊ မကွေး၊ စစ်ကိုင်း စတဲ့ တိုက်ပွဲတွေ ပြင်းထန်တဲ့ဒေသတွေကနေ လာကြသူတွေ များတယ်လို့ ပြောပါတယ်။
" ဘာ့ကြောင့် ထိုင်းကိုပြေးကြသလဲဆိုတော့ စစ်ဘေးရှောင်ရင်း အလုပ်လုပ်လို့ ရအောင်ပေါ့။ ဒီမှာက ထောက်ပို့ပဲဖြစ်ဖြစ်၊ ပီဒီအက်ဖ်ပဲ ဖြစ်ဖြစ် တစ်ယောက်ယောက်ရှိရင် တစ်မိသားစုလုံး ပြေးရတာလေ၊ အဲ့တော့ ဒီမိသားစုတွေကို ဘယ်သူတွေက အချိန်အကြာကြီး လက်ခံနိုင်မလဲ၊ ဒီကုန်ဈေးနှုန်းနဲ့။ ပြီးတော့ တစ်မြို့နယ်နဲ့ တစ်မြို့နယ်က ချောင်းပဲခြားနေတာလေ၊ ထိုင်းမှာဆိုရင်တော့ အလုပ်လုပ်လို့ရတော့ အဲဒီဘက်ကို သွားကြတဲ့သူတွေလည်း ရှိတယ်"လို့ တနင်္သာရီတိုင်း တောင်ပျောက်မြို့နယ်ခံတစ်ယောက်က ရှင်းပြပါတယ်။
ထိုင်းကိုဘာ့ကြောင့် တရားဝင်မသွားကြသလဲ
မြန်မာနဲ့ ထိုင်းအစိုးရတို့ နှစ်နိုင်ငံကြား နားလည်မှုလက်မှတ်ရေးထိုးထားတဲ့ MOU စနစ်နဲ့ တရားဝင်သွားမယ်ဆိုရင် အချိန် ၃ လကနေ ၆ လအထိကြာပြီး လုပ်ငန်းစဉ်တွေရှုပ်ထွေးတာ၊ ဝန်ဆောင်ခတွေ ပိုယူကြတဲ့အတွက် ငွေကြေး ကျပ် ၁၅ သိန်းကနေ သိန်း ၂၀ အထိ ကုန်ကျတာ၊ တရားမဝင် သွားတဲ့ငွေကြေးကလည်း ၇သိန်းခွဲကနေ ၁၅ သိန်း ဝန်းကျင်ရှိတာကြောင့် တရားမဝင်သွားတဲ့လမ်းကိုပဲ ရွေးကြတာဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးရဲ့ အကျဉ်းထောင်တွေထဲမှာ အရင်က လူ ၄၀ လောက်ထည့်တာကို အခုဆို အယောက် ၈၀ ကနေ ၁၀၀ အထိ ရှိနေတာကြောင့် ပြည့်ကြပ်နေတယ်လို့လည်း အလုပ်သမားအရေးကူညီပေးနေသူတွေက ပြောပါတယ်။
ရနောင်းအချုပ်မှာဆိုရင် လူမဆန့်လို့ ယာယီအကျဉ်းထောင် လုပ်ထားရတယ်လို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ ရနောင်းမြို့အခြေစိုက် ကိုယ်ထူကိုယ်ထ မိတ္တသဟာရကူညီရေးအသင်းဥက္ကဋ္ဌ ကိုသာကျော်က ပြောပါတယ်။
" ရနောင်းထောင်မှာက မြန်မာပြည်ကို ပြန်ပို့မယ်သူက တစ်ထောင်ကျော်ရှိတယ်။ ယာယီထောင်မှာက တစ်ထောင်ကျော်ရှိတယ်။ ခိုးဝင်လို့ မိတဲ့သူတွေကို နိုင်ငံခိုးဝင်မှု၊ ကိုဗစ်ကပ်ရောဂါ ပြန့်ပွားစေမှုတွေနဲ့ တရားစွဲတာ"လို့ ပြောပါတယ်။
ဒါ့အပြင် အာဏာမသိမ်းခင်က အရွယ်ရောက်ပြီးသား မြန်မာနိုင်ငံသားတွေသာ ဖမ်းမိတာရှိပြီး အခု အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကလေးသူငယ်တွေပါတဲ့ မိသားစုလိုက်ကို ထိုင်းရဲတွေ ဖမ်းမိတာတွေလည်းရှိတယ်လို့ ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဦးမင်းဦးက ပြောပါတယ်။
"စစ်တပ်က အာဏာသိမ်းပြီးနောက် မိသားစုလိုက်တွေ ဖမ်းခံရတာပါတွေ့ရတယ်။ တချို့ ဒီရောက်နေတဲ့ အလုပ်သမားတွေကလည်း စိတ်မချတော့ ထိုင်းကိုခေါ်လို့လာရင်း အဖမ်းခံကြရတာ၊ အချုပ်ခန်းတွေမှာတော့ မိခင်နဲ့ ကလေးတွေ အတူတူထားတယ်"လို့ ပြောပါတယ်။
လူကြပ်နေတဲ့ အချုပ်ခန်းတွေထဲက မြန်မာနိုင်ငံသားတွေဟာ အစားအသောက်နဲ့ ဆေးဝါးမလုံလောက်တာတွေပါ ရင်ဆိုင်နေကြရတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံကနေ တရားမဝင်ခိုးဝင်လာသူတွေထဲမှာ မလေးရှားကိုသွားဖို့ ထိုင်းနိုင်ငံကို တရားမဝင် ဖြတ်သန်းသွားတဲ့ မြန်မာအလုပ်သမားတွေလည်းပါပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရပြီး မြန်မာနိုင်ငံကို ပြန်ပို့တဲ့အခါ တစ်လမှ အယောက် ၁၅၀ လောက်ပြန်ပို့တာဖြစ်ပြီး နောက်ထပ်ဖမ်းမိလာတဲ့ မြန်မာနိုင်ငံသားတွေက ဆက်ရှိနေတာကြောင့် အချုပ်ခန်းတွေမှာ မြန်မာနိုင်ငံသားတွေ အဆက်မပြတ်ရှိနေတယ်လို့ ပြောကြပါတယ်။
အမှုခင်းတွေဖြစ်ရင် မြန်မာအလုပ်သမားတွေ ပိုပြီးဖမ်းဆီးခံရ
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်တုန်းက ထိုင်းနိုင်ငံရေးသမား နှစ်ယောက်ရဲ့ အသက် ၈၁ အရွယ် ဖခင်ဟာ အသတ်ခံရပြီး အဲဒီအမှုနဲ့ပတ်သက်လို့ မြန်မာအလုပ်သမား နှစ်ယောက်ကို လူသတ်မှု၊ ခြိမ်းခြောက်မှု၊ ပြန်ပေးမှုတို့နဲ့ တရားစွဲဆိုလိုက်တယ်လို့ ရနောင်းနယ်မြေ ဒုရဲချုပ်က ဇူလိုင် ၁၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
တရားစွဲဆိုခံရသူတွေက အသက် ၃၆ နှစ်အရွယ် ကိုခင်မောင်ဇော်နဲ့ အသက် ၂၃ နှစ်အရွယ် ကိုဇော်မျိုး တို့ဖြစ်တယ်လို့ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
" တရားခံလို့ စွဲဆိုခံရတဲ့သူတွေနဲ့လည်း တွေ့ခွင့်မရသေးဘူး။ သူတို့ မိသားစုဝင်တွေကလည်း အကူညီလာတောင်းတာ မရှိသေးတော့ သူတို့နဲ့ ပတ်သက်တဲ့ သတင်းအချက်လက်တွေ မရသေးဘူး။ တကယ်လို့ မိသားစုဝင်တွေက အကူညီလာတောင်းရင်တော့ ကျနော်တို့ ကူညီပေးရတာ ပိုအဆင်ပြေမှာပေါ့။" လို့ ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FED က ဦးမင်းဦးက ပြောပါတယ်။
အဲ့ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား အယောက် ၂၀ လောက် တစ်ပတ်ကျော်ကြာ အဖမ်းခံထားရပါတယ်။ ကျန် မြန်မာအလုပ်သမားတွေ ပြန်လွတ်မလွတ်ကိုလည်း မသိကြရသေးပါဘူး။
အဲ့ဒီအမှုနဲ့ ပတ်သက်ပြီး တွေ့ရှိချက်တွေ၊ ရုံးချိန်းရက်တွေ အပါဝင် တခြား သတင်းအချက်လက်တွေကိုလည်း မရရှိသေးဘူးလို့ ဆက်ပြောပါတယ်။
တရားအစွဲခံရတဲ့ မြန်မာ အလုပ်သမားနှစ်ယောက်ဟာ ဘတ် ၈ သန်းရလိုမှုနဲ့ ခြိမ်းခြောက်၊ ပြန်ပေးဆွဲ လူသတ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲထားသလို တစ်ဖက်မှာလည်း အသတ်ခံရသူ အမျိုးသားက အလုပ်သမားတွေအပေါ် လူမှုရေးကိစ္စ ကျူးလွန်တဲ့ပြဿနာတွေရှိတယ်လို့လည်း ကြားသိရပေမဲ့ အတည်ပြုလို့ရအောင် ကြိုးစားနေတုန်းပဲလို့ အလုပ်သမားကူညီရေးအဖွဲ့တွေက ပြောပါတယ်။
" အဲ့လို အမှုခင်းတွေဖြစ်လိုက်ပြီဆိုရင် အဲ့အနားမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို ဆိုင်ဆိုင် မဆိုင်ဆိုင် ဖမ်းတော့တာပဲ။ အဲ့လိုမှုခင်းတွေမှာ မြန်မာအလုပ်သမားတွေက တကယ်လုပ်လိုက်တယ်ဆိုရင် ကျနော်တို့ လိုက်ကူညီပေးရတာလည်း သိပ်အဆင်မပြေဘူးပေါ့။ ဌာနဆိုင်ရာတွေကအစ ထိုင်းနိုင်ငံသားတွေကရော မကြည်ဘူးပေါ့။"
ဒါပေမဲ့ ဒီအမှုမှာလည်း မြန်မာအလုပ်သမားနှစ်ယောက်က တကယ်သတ် မသတ်၊ ဒီအမှုဖြစ်ရတဲ့အကြောင်းရင်းတွေကိုလည်း သေချာမသိရသေးဘူးလို့ ဦးမင်းဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် လဆန်းပိုင်းတုန်းကလည်း ထိုင်းလျှပ်စစ်ဝန်ထမ်း အသတ်ခံရမှုနဲ့ မြန်မာအလုပ်သမား ၃၀၀ကျော် အဖမ်းခံခဲ့ရပါတယ်။ အဲ့ဒီအထဲမှာ လူသတ်မှုဖြစ်တဲ့ ဟတ်ယိုင်မြို့နယ်ထဲက မြန်မာအလုပ်သမားတွေသာမက ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံကို တရားမဝင်သွားနေတုန်း လမ်းခရီးမှာ အဖမ်းခံရတဲ့ မြန်မာအလုပ်သမားတွေလည်း သံသယမှုနဲ့ အဖမ်းခံကြရတာလို့ အလုပ်သမားရေးကူညီသူတွေက ပြောပါတယ်၊
စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ဘက်စုံချွတ်ခြုံကျနေတဲ့အပြင် အချိန်မရွေး အသက်ဘေးကြုံလာရနိုင်တဲ့အတွက် ရေကြည်ရာ မြက်နုရာရှာဖွေရင်း အိမ်နီးချင်းနိုင်ငံကိုဝင်ရောက်ရင်း အခုလို အချုပ်အနှောင်ခံနေရတာဖြစ်ပါတယ်။