ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် - ထီးရိပ်နန်းရိပ် ဆက်ဆံရေးမှာ နှစ်ဖက် အတွက်မှားခဲ့ကြခြင်း
'ထီးရိပ်နန်းရိပ် ဆက်ဆံရေး အာဏာသိမ်းမှုကို ဦးတည်စေခဲ့သလား' အထူးဆောင်းပါး ပထမပိုင်းမှာ ခေါင်းဆောင်နှစ်ဦးရဲ့ အစောပိုင်းဆက်ဆံရေးတွေဖြစ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေပြဋ္ဌာန်းမှု၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး အကျပ်အတည်းနဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ မခေါ်ခဲ့တဲ့အကြောင်းတွေကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ ၂၀၂၀ ရွေးကောက်ပွဲနီးကပ်လာလေလေ ပိုမိုဆိုးရွားလာလေလေ ဖြစ်ခဲ့တဲ့ ခေါင်းဆောင်နှစ်ဦးရဲ့ ဆက်ဆံရေးအခြေအနေတွေကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
လူထုထောက်ခံမှု တခဲနက်ရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီ NLD ကတစ်ဘက်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေးထားချက်နဲ့ နိုင်ငံရေးမှာ တပ်ကအမြဲဦးဆောင်ရမယ်ဆိုတဲ့ အယူအဆကိုင်စွဲထားပြီး ကိုယ်တိုင်က ထိပ်ဆုံးနေရာအတွက် ရည်မှန်းချက်ကြီးသူလို့ အများသိထားကြတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်တဲ့ စစ်တပ်တို့အကြား ထိပ်တိုက်တွေ့မှု အကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ထိပ်တိုက်တွေ့မှုတွေကိုဖြေရှင်းဖို့ ပြဿနာဖြေရှင်းရေးယန္တရားရှိမနေခဲ့ဘူး လို့ လေ့လာသူတချို့ကလည်း သုံးသပ်ထားခဲ့ပါတယ်။
တပ်ရဲ့ ထိပ်ဆုံးခေါင်းဆောင်က အာဏာအားလုံးကို ချုပ်ကိုင်ထားနိုင်ခဲ့တဲ့ ရှေ့ကလူတွေကို ကြည့်ပြီး သူလက်ရှိရောက်နေ ရနေတဲ့ နေရာမှာ မကျေနပ်နိုင်ဖြစ်ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခံစားချက်တွေကလည်း တင်းမာထိပ်တိုက်တွေ့မှုတွေကို ပိုတိုးလာစေခဲ့တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
မကျေမချမ်းဖြစ်တဲ့ တပ်ချုပ်
ဦးသိန်းစိန်အစိုးရလက်ထက်ကလို အသိအမှတ်ပြုမခံရဘူးလို့ ခံစားနေရတဲ့ တပ်ချုပ်က NLD ပါတီဝင်တချို့ရဲ့ ပြောဆိုမှုအပေါ် ခံပြင်းခဲ့တယ်လို့လည်း အနီးကပ်ရှိခဲ့သူတွေက ပြန်ပြောကြပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထောင်စုအင်္ဂါစဉ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆင့် (၇) နေရာမှာ ရှိခဲ့ပေမဲ့ ဒုတိယသမ္မတတစ်ဦး အဆောင်အယောင်နဲ့ ဆက်ဆံခဲ့တာလို့ ပြည်ထောင်စုဝန်ကြီးဟောင်းတစ်ဦးက ပြောပါတယ်။
NLD အစိုးရလက်ထက်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆင့်(၈) ကိုရောက်သွားသလို နိုင်ငံတော် အဆင့် အခမ်းအနားတွေမှာလည်း ဦးသိန်းစိန်လက်ထက်ကလိုမဟုတ်တော့ဘဲ ပြည်ထောင်စုတရားသူကြီးချုပ်ရဲ့ နောက်မှာသာ အင်္ဂါစဉ်အတိုင်း နေရာပေးခြင်းခံခဲ့ရပါတယ်။
''တပ်က ပရိုတိုကောကို သိပ်အလေးထားတယ်။ သူကထိုင်ခုံနေရာစီတာ ယာဥ်တန်းကြိုတာကအစ ပရိုတိုကောနဲ့ သွားတာကိုး။ သူ့ကို သက်သက်နှိမ်တာလို့ ခံစားရပုံပေါ်တယ်''လို့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး လေ့လာစောင့်ကြည့်သူ တစ်ဦးကပြောပါတယ်။
ဒီလိုအခြေအနေမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်ချုပ်ကို ညွှန်ကြားရေးမှူးချုပ်အဆင့်လို့ ပြောလိုက်တဲ့အခါ တပ်ချုပ်က အတော်စိတ်ဆိုးပြီး ဦးဖြိုးမင်းသိန်းလည်း အမြန်ချောပို့နဲ့ တောင်းပန်စာပို့ခဲ့ရပါတယ်။
ဒီလိုတောင်းပန်ဖို့ ဦးဖြိုးမင်းသိန်းကို သမ္မတရုံးက ညွှန်ကြားခဲ့တာလို့ သိရပါတယ်။ ဒါကလည်း တပ်နဲ့ ဆက်ဆံရေး မကောင်းတောင် မပျက်စီးစေလိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ လိုက်လျောချက်တစ်ခုလို့ မြင်သူတွေ ရှိပါတယ်။
အဲဒီနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ဒုတိယသမ္မတအဆင့်ရှိပြီး လေးလေးစားစားဆက်ဆံဖို့ အမျိုးသားညီလာခံဆုံးဖြတ်ချက်တွေကို ကိုးကားပြီး တပ်မတော်ဘက်က အလျဥ်းသင့်သလို ထုတ်ပြောလာပါတယ်။
ဒီအကြောင်း တပ်ကနောက်ဆုံးထုတ်ပြောခဲ့တာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်မှာဖြစ်ပြီး နောက် နှစ်လအကြာ သမ္မတအိမ်တော်မှာကျင်းပတဲ့ ၂၀၂၁ ခုနှစ် လွတ်လပ်ရေးနေ့ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်ခြင်းအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မကျေလည်မှုတစ်ခု ထပ်ဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ထားရှိတဲ့ ကိုဗစ်စည်းမျဥ်းတွေအတိုင်း ခုံတွေကို နေရာချထားမှုမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နောက်တန်းမှာနေရာချထားခဲ့လို့ ဖြစ်ပါတယ်။
ခုံနေရာချထားပုံအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘေးမှာရှိတဲ့ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူရဲ့ အနောက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထိုင်ခဲ့ရတာဖြစ်ပြီး ရှေ့တန်းက နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေလို စားပွဲလည်းမရှိတဲ့ အနေအထားဖြစ်ပါတယ်။
ရှေ့ကသ မ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ရှေ့ဆုံးတန်းမှာပဲ အမြဲထိုင်ခဲ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် နောက်တန်းရောက်ရတာ အတော်ကြီး ကသိကအောက်ဖြစ်ခဲ့ရတယ်လို့ စစ်ရုံးက သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အခမ်းအနားအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရပ်စကားပြောနေတာတွေ့ရလို့ ဆက်ဆံရေးကောင်းနေပါတယ်လို့ ထင်မြင်ချက်တွေ ဖြစ်ခဲ့ပေမဲ့ သူ့ကို နောက်တန်းမှာထားခဲ့လို့ တပ်ချုပ်ကမကျေနပ်ခဲ့ဘူး ဆိုတဲ့အကြောင်းကတော့ စစ်ရုံးထဲမှာ လူပြောများတဲ့ ကိစ္စဖြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ်ဆက်ဆံရေးဟာ သမ္မတဦးထင်ကျော်လက်ထက်တုန်းက အခြေအနေ အဆိုးကြီး မဟုတ်သေးဘဲ ဦးဝင်းမြင့် သမ္မတဖြစ်လာပြီးနောက်ပိုင်း ပိုဆိုးလာတာ လို့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး လေ့လာစောင့်ကြည့်သူတစ်ဦးကပြောပါတယ်။
NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်နဲ့ ဦးဝင်းထိန် တို့က တပ်နဲ့ပတ်သက်ရင် သဘောထားတင်းမာသူတွေ လို့ တပ်ဘက်ကရှုမြင်ထားကြပါတယ်။
ဒါပေမဲ့ တပ်ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် အသိအမှတ်မပြုလိုတဲ့ သဘောထားမျိုးရှိတာ တွေ့ရပါတယ်။ အကြောင်းအရာတစ်ခုခုဆို သမ္မတကိုသာ တိုက်ရိုက် အစီရင်ခံမယ်ဆိုတဲ့ ချဥ်းကပ်မှုမျိုးရှိတယ်လို့ တပ်ဘက်က သဘောထားကို သုံးသပ်မှုတွေလည်းရှိကြပါတယ်။ အထူးသဖြင့် နိုင်ငံတော်အဆင့်အခမ်းအနားတွေမှာဆို သမ္မတ တက်ရောက်တဲ့ပွဲတွေမှာ တပ်ချုပ်ကို တွေ့ရတတ်ပြီး အတိုင်ပင်ခံဦးဆောင်တဲ့ အခမ်းအနားတွေဆို အများအားဖြင့် တပ်ဘက်က ဒုတပ်ချုပ်ကိုသာ စေလွှတ်တာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ တပ်ဘက်က ဘယ်အဆင့်တက်တယ်ဘယ်အဆင့်မတက်ဘူးဆိုတဲ့အပေါ် သတိထားတုံ့ပြန်ခဲ့တာမျိုး မတွေ့ရပါဘူး။
NLD လွှတ်တော်ရဲ့ ပထမဆုံးပြဋ္ဌာန်းတဲ့ဥပဒေဖြစ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက အပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်။
ပုဒ်မ ၅၉ (စ) ကြောင့် သမ္မတ ဖြစ်ခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ အထက်မှာ နေမယ်လို့ တရားဝင်ထုတ်ပြောခဲ့ဖူးပြီး အဲဒါကြောင့် လွှတ်တော်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ဖန်တီးခဲ့တယ်လို့ တပ်ဘက်ကအမြင်လည်း ရှိခဲ့ပါတယ်။ ဒါကိုလည်း တပ်ချုပ်က အင်တာဗျူးတချို့မှာ ဒီသဘောထားကို ကမ္ဘာသိ ထုတ်ပြောခဲ့တာရှိပါတယ်။
ဦးတေဇဆီက ရဟတ်ယာဉ်ငှားရခြင်း
NLD ပါတီခေါင်းဆောင်ပိုင်းတချို့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရီးစဉ်မှာ သွားမကြိုဖို့ ဝန်ကြီးချုပ်တွေကို မှာထားတယ်လို့ ကြားသိခဲ့ရတဲ့ အကြောင်း တပ်ဘက်က အရာရှိတစ်ဦးက ပြောပါတယ်။
NLD ဘက်က ညွှန်ကြားချက်ရှိခဲ့တယ်ဆိုရင်တောင် ဒါကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သိရှိသဘောတူထားတာမျိုး ဟုတ်မဟုတ်ကိုတော့ ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။
အပြန်အလှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်ခရီးစဥ်တွေကိုလည်း တိုင်းမှူးတွေ သွားမကြိုဖို့ တပ်ချုပ်က ညွှန်ကြားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌတာဝန်ကိုလည်း ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်နယ်တွေကို ခရီးစဉ်တွေ ထွက်ပါတယ်။
အဲဒီခရီးစဉ်တွေအတွက် ရဟတ်ယာဉ် လိုအပ်ပြီး တပ်ဘက်က ရဟတ်ယာဉ်မစီစဉ်ပေးတဲ့ ခရီးစဉ်တွေ ရှိခဲ့ပါတယ်။
''ရဟတ်ယာဉ်ကို တပ်ကမပေးလို့ ဦးတေဇ ကုမ္ပဏီက ငှားစီးရတယ်။ ဦးမင်းသူက အရင်က အဲဒီမှာ ပိုင်းလော့။ ပြီးတော့ ကိုရဲမင်းဦးလည်းရှိနေတော့ ငှားရတာအဆင်ပြေတာပေါ့။ နောက်တော့ NLD က ရဟတ်ယာဉ်ဝယ်ဖို့ စီစဉ်တော့တာပဲ'' လို့ သူက ဆက်ပြောပါတယ်။
အဲဒီ ရဟတ်ယာဉ် ဝယ်ယူခဲ့တာ၊ ပြင်ဆင်ဖို့အတွက် ပြည်ပကုမ္ပဏီတစ်ခုကို ငှားရမ်းခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိမှု ၅ မှုအထိ တရားစွဲထားပါတယ်။
၂၀၂၀ နှစ်ဆန်းပိုင်းအထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဥ်က တစ်လကို နှစ်ခေါက်လောက် အနည်းဆုံးရှိခဲ့ပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှုတွေမြင့်တက်လာတဲ့အချိန်မှာမှ ခရီးစဥ်တွေကို ရပ်နားလိုက်တာဖြစ်ပါတယ်။
'' ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအတွက် ကြိုတင်မဲဆွယ်နေတာလို့ တပ်ချုပ်က မြင်ပုံရတယ်'' လို့ အငြိမ်းစားတပ်မတော်အရာရှိကြီးတစ်ဦးကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တင်းမာမှုတွေကြား ကြားညပ်ခဲ့သူက ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေဖြစ်ပါတယ်။
တပ်ချုပ်က အမည်စာရင်းတင်သွင်းပြီး NLD အစိုးရအဖွဲ့ဝင်ဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကောင်းရှိပါတယ်။
ဒါကပဲ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို ဖယ်ရှားရတဲ့ အဓိကအကြောင်းလို့ နိုင်ငံရေးအကဲခတ်တွေက ရှုမြင်ကြပါတယ်။
''တစ်ခေါက် ဒေါ်အောင်ဆန်းစုကြည်ခရီးစဥ်အပြီး တပ်ချုပ်က အကြီးအကျယ်စိတ်ဆိုးတယ်။ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို ခေါ်ပြီး သူ့ရှေ့မှာ သတိဆွဲခိုင်းတာ အကြာကြီးပဲ။ ပြီးတော့ဖြုတ်ပစ်လိုက်တာပဲ'' လို့ စစ်ရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ နေရာကို ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ဆက်ခံပြီး အဲဒီနောက်ပိုင်းမှာ ပြည်ထဲရေးဝန်ကြီးသစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဥ်တွေကို မလိုက်တော့ဘဲ သမ္မတရဲ့ခရီးစဉ်ကိုပဲ လိုက်တော့တာ တွေ့ရပါတယ်။
ဖေ့စ်ဘွတ်ခ်ပေါ်က ဖယ်ရှားခံရ၊ ICJ ခရီးစဥ်မလိုက်ရ
တပ်ချုပ် မကျေနပ်တဲ့ နောက်တစ်ခုက ၂၀၁၈ ခုနှစ် သြဂုတ် ၂၇ ရက် မှာဖေ့စ်ဘွတ်ခ်ကနေ သူ့ကို ဖယ်ရှားခံလိုက်ရတာပဲ ဖြစ်ပါတယ်။
အမုန်းစကားတွေ ဖြန့်ဝေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ Senior General Min Aung Hlaing အကောင့် ဖယ်ရှားခံရတာ ဖြစ်ပြီး ဒီအကောင့်ဟာ အမုန်းစကားတွေမဖြန့်ဝေဘူးလို့ တပ်ကထုတ်ပြန်ခဲ့ပါတယ်။
''ဒီဖယ်ရှားမှုရဲ့နောက်ကွယ်မှာ တစ်စုံတစ်ခုရှိနေလိမ့်မယ်'' လို့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးက အရာရှိကြီးတစ်ဦးက ထုတ်ပြောခဲ့ပြီး နိုင်ငံရေးအရ တိုက်ခိုက်တာလို့ ယူဆခဲ့ပါတယ်။
သမ္မတရုံးဘက်ကလည်း ဒီပိတ်ပင်မှုမှာ အစိုးရပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဖယ်ရှားခံရတာလို့ တပ်ချုပ်က ထင်ခဲ့တဲ့အကြောင်း အငြိမ်းစားတပ်မတော်အရာရှိကြီး တစ်ဦးကပြောပါတယ်။
ဖေ့စ်ဘွတ်ခ်ကနေ ဖယ်ရှားခံခဲ့ရတဲ့ အကြောင်းအရင်းက ရိုဟင်ဂျာအရေးကြောင့် ဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် စစ်ဆင်ရေးမှာ ပတ်သက်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေအပါအဝင် စုစုပေါင်း ဖေ့စ်ဘွတ်ခ်အကောင့် အခု ၂၀ ဝန်းကျင် ဖယ်ရှားခံခဲ့ ရတာပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေဟာ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေကိုလည်း ခံခဲ့ရပါတယ်။
အဲဒီနောက် ဆက်တိုက်ဖြစ်လာတာက ဂမ်ဘီယာက တရားစွဲလို့ အပြည်ပြည်ဆိုင်ရာတရားရုံးကို သွားရမယ့်ကိစ္စပါ။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံးကို ဒေါ်အောင်ဆန်းစုကြည်သွားဖို့စီစဉ်တော့ တပ်ဘက်ကလည်း ဒုတိယစစ်ဥပဒေချုပ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ထည့်ဖို့စီစဉ်ခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရဘက်က ခေါ်မသွားလို့ တပ်ဘက်က သံသယကြီးမားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အမှုသွားရင်ဆိုင်နေတုန်း နိုင်ငံတဝန်းမှာ ထောက်ခံပွဲတွေခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြလို့ ဒါဟာ နိုင်ငံရေးအမြတ်ထုတ်မှုလို့ ကြံ့ခိုင်ရေးနဲ့ မိတ်ဖက်ပါတီတွေကပါ ရှုမြင်ခဲ့ကြပါတယ်။
NLD ကို အာဏာထပ်မရစေချင်တဲ့လုပ်ရပ်တွေ
တပ်ချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ် မကြည်လင်ခဲ့တာတွေရှိသလို NLD ဘက်ကလည်း တပ်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ပြောစရာအတော်များများရှိနေခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးတည်ဆောက်ခဲ့ပေမဲ့ တပ်ချုပ်ဘက်ကတော့ NLD အစိုးရလက်ထက်မှာ ရလဒ်ထွက်တဲ့ အောင်မြင်မှုတွေ ရသွားမှာမလိုလားတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူးတာဝန်ထမ်းဆောင်ခဲ့သူ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဒုနိုင်ငံခြားရေး၀န်ကြီး ဦးမိုးဇော်ဦးကပြောပါတယ်။
နိုင်ငံတော်အဆင့်အစည်းအဝေးက ထိပ်တန်းလျှို့ဝှက်ချက်တွေကိုတောင် အသုံးချပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုကျဆင်းအောင် တပ်က လုပ်ခဲ့တယ်လို့ သူကပြောပါတယ်။
''ဥပမာ ရခိုင်တိုက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်က တိုက်ခိုင်းတယ် ဆိုတာမျိုးပေါ့။ ပြီးတော့ ဒီကိစ္စကလည်းမမှန်ပါဘူး'' လို့ ဦးမိုးဇော်ဦးကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလိုတိုက်ခိုက်မှုတွေကို သူကိုယ်တိုင်လည်း မတုံ့ပြန်ခဲ့သလို သူ့လူတွေကိုလည်း မတုံ့ပြန်ခိုင်းခဲ့ဘူး လို့ ဦးမိုးဇော်ဦးက ဆက်ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်က ရိုဟင်ဂျာတွေအပေါ် အင်အားသုံးရှင်းလင်းခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ဟာ ဘယ်တုန်းကနဲ့မှမတူအောင် အကြီးအကျယ် ကျဆင်းခဲ့ရပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့ရဲ့ နိုင်ငံရေးအရင်းအနှီးတွေပေးဆပ်ပြီး အစိုးရတစ်ရပ်အနေနဲ့တာဝန်ခံခဲ့တာကို တပ်ကမမြင်ဘူးဗျ။" လို့ ဦးမိုးဇော်ဦးက ပြောပါတယ်။
တပ်ထောက်ခံသူတွေဘက်ကတော့ ပြည်တွင်းရေးဖြစ်တဲ့ ရခိုင်ပြည်နယ်အရေးကို NLD က နိုင်ငံတကာအရေးဖြစ်အောင် လုပ်ခဲ့တာလို့ စွပ်စွဲခဲ့ကြပါတယ်။
အငြိမ်းစားဗိုလ်ချုပ်ကြီးလည်းဖြစ် သမ္မတရုံးဝန်ကြီးဟောင်းလည်း ဖြစ်တဲ့ ဦးစိုးသိန်းရဲ့ ဒီမိုကရေစီဒုတိယအစိုးရသစ်နဲ့ မြန်မာနိုင်ငံ စာအုပ်ထဲမှာ အဲဒီအချက်ကိုထည့်ရေးပါတယ်။
''သေချာတာကတော့ တပ်ကလည်း NLD ကိုလုံးဝ အာဏာထပ်ရစေချင်မှာမဟုတ်ဘူး။ သူက USDP ကိုပဲ ရစေချင်မှာ'' လို့ နိုင်ငံရေးအကဲခတ်တစ်ဦးကပြောပါတယ်။
ဆိတ်ခေါင်းချိတ်ပြီး ခွေးသားမရောင်းဖို့
NLD အစိုးရတက်လာခါစမှာ ငြိမ်းချမ်းရေးအတူတွဲလုပ်ဖို့ ကတိပြုခဲ့ကြပေမဲ့လို့ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ မိန့်ခွန်းမှာ ခေါင်းဆောင်နှစ်ဦးက မကျေနပ်ချက်တချို့ကို ထုတ်ပြောခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပြီး ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးလေ့ရှိတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးတွေမှာ အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ပေမဲ့ တပ်ဘက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သူကိုယ်တိုင်မတက်ဘဲ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုသာ စေလွှတ်ခဲ့တဲ့ အကြောင်း ဦးမိုးဇော်ဦးကပြောပါတယ်။
''တိုင်းရင်းသားခေါင်ဆောင်တွေကတောင် သူတို့ နှစ်ယောက်တွေ့ပြီးဆွေးနွေးသင့်တယ်ပြောကြလို့ (နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်) ကိုဇော်ဌေးက သူတို့တွေ့ကြပါတယ်ပြောရတယ်'' လို့ သူကပြောပါတယ်။
တပ်ဘက်ကတော့ NLD ဟာ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် NCA စာချုပ်ကတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်းကိုသွားဖို့ လုပ်ခဲ့တယ် လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မှာပါခဲ့တဲ့ တပ်မတော်အရာရှိကြီး တစ်ဦးကပြောပါတယ်။
''NCA လမ်းကြောင်းနဲ့ ပြင်မရတော့ လွှတ်တော်လမ်းကြောင်းနဲ့ ထပ်ပြင်ပြန်ရော'' လို့ သူကပြောပါတယ်။
ငြိမ်းချမ်းရေးကနေ NLD က နိုင်ငံရေးအကျိုးအမြတ်ရသွားမှာ တပ်ဘက်က မလိုလားခဲ့ဘဲ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးတဲ့အခါ လေးစားမှုမပြခဲ့တဲ့အကြောင်း ၂၁ ရာစုပင်လုံ ပါဝင်သင့်သူများ အစုအဖွဲ့ဝင် တစ်ဦးကပြောပါတယ်။
''ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တပ်က သူ့ရဲ့ဗီတိုအာဏာကို အပြည့်အဝထူထောင်တာတွေ့ရတယ်'' လို့ သူကပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ နီးလာလေလေ ပိုတင်းမာလာလေ ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပဖို့လပိုင်းအလိုမှာ ကျင်းပတဲ့ ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေး ဖွင့်ပွဲမိန့်ခွန်းမှာ အပြန်အလှန် သွယ်ဝိုက်ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဆောင်ရွက်တဲ့နေရာမှာ မရိုးသားဘူးလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပြီး''ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့မကြိုးစားကြနဲ့'' လို့ စင်မြင့်ထက်ကနေ ပြင်းပြင်းထန်ထန် ပြောကြားတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဇာတ်ရှိန်အမြင့်ဆုံးအချိန်
ခေါင်းဆောင်နှစ်ဦးရဲ့ဆက်ဆံရေးမှာ ဘေးပယောဂတွေကြောင့်လည်း ပိုမိုပျက်ယွင်းခဲ့ရပြီး အာဏာ သိမ်းမှု လမ်းကြောင်းကို ဦးတည်စေခဲ့တယ် လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
ရွေးကောက်ပွဲမတိုင်မီ ထုတ်ဝေတဲ့ ဦးစိုးသိန်းရဲ့ 'ဒီမိုကရေစီဒုတိယအစိုးရသစ်နဲ့ မြန်မာနိုင်ငံ' စာအုပ်ကလည်း NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန်အကျွံ ပြစ်တင်ဝေဖန်ထားပြီး NLD အာဏာဆက်ရလို့မဖြစ်တဲ့အကြောင်း ရည်ရွယ်ရေးသားထားပါတယ်။
ဒီစာအုပ်ဟာ စာအုပ်စျေးကွက်ထဲဝယ်မရဘဲ တပ်မတော်၊ ကြံ့ခိုင်ရေးနဲ့ သူတို့နဲ့မိတ်ဖက်ပါတီတွေကို ဖြန့်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။
အဲဒီစာအုပ်ထက် ထင်ရှားတဲ့ အကြောင်းအရာကတော့ ရွေးကောက်ပွဲတောင် မကျင်းပရသေးတဲ့ ၂၀၂၀၊ သြဂုတ်လ မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကြံ့ခိုင်ရေးပါတီဦးဆောင်တဲ့ နိုင်ငံရေးပါတီ (၃၄) ခု သွားတွေ့ကြတဲ့အချက်ပါ။
အဲ့ဒီတွေ့ဆုံပွဲမှာ တပ်ချုပ်က မဲပေးရမယ့် မူ (၆) ချက်ကို ချပေးခဲ့ပြီး ဒါက NLD ကို မဲမပေးနဲ့ ဆိုတဲ့ အဓိပ္ပာယ်ဆိုတာ နိုင်ငံရေးအကဲခတ်တွေက နားလည်ကြပါတယ်။
တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မလာရင် တပ်ချုပ်က ဘာလုပ်ပေးမှာလဲ ဆိုတဲ့အထိ နိုင်ငံရေးပါတီတွေဘက်က လမ်းကြောင်းပေးခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲမှာ ထင်ရှားတဲ့ စကားတစ်ခွန်းကတော့ ''ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူး'' ဆိုတဲ့ တပ်ချုပ်ရဲ့စကားဖြစ်ပါတယ်။
သမ္မတရုံးဘက်ကလည်း ''ငလိုက်ချောင်းကို ရအောင်ကျော်ခဲ့ပါ'' လို့ သတင်းစာရှင်းလင်းပွဲမှာ ပြန်တုံ့ပြန်ခဲ့ပါတယ်။
''အစကတော့ အာဏာသိမ်းဖို့အစီအစဉ်မရှိဘူးထင်တယ်။ နိုင်ငံရေးပါတီတွေက ဝိုင်းတွန်းကြလို့ မလုပ်ရဲတာ ဘာမှမရှိဘူး ဆိုပြီးဖြစ်သွားတာ'' လို့ လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းက သူ့အမြင်ကို ပြောပါတယ်။
ရွေးကောက်ပွဲမှာ ကိုဗစ်-၁၉ ကြောင့် နိုင်ငံရေးပါတီတွေဟာ အရင်ရွေးကောက်ပွဲတွေကလို မြေပြင်ဆင်းပြီး မဲဆွယ်လို့ မရတော့ပါဘူး။
ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့ လိုက်လျောညီထွေအောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲအပါအဝင် ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းတွေကို ပြောင်းလဲခဲ့ပါတယ်။
ပြိုင်ဘက်ပါတီတွေကတော့ ဒါဟာ အာဏာရပါတီ NLD အသာစီးရအောင် ကော်မရှင်က ဘက်လိုက်တာလို့မြင်ပါတယ်။ ပါတီတွေရဲ့ ရုပ်သံဟောပြောချက်ကို ကော်မရှင်က ဆင်ဆာဖြတ်တဲ့အခါ အဲဒီလို ဝေဖန်ချက်တွေကို ပိုအရှိန်မြင့်စေခဲ့ပါတယ်။
ဒါ့အပြင် တပ်မဲရုံတွေကို အပြင်ထုတ်ခိုင်းတဲ့ ကိစ္စ၊ NLD အနိုင်ရဖို့ အကြိတ်အနယ် ကြိုးစားရနိုင်တဲ့ ရခိုင်မှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာတွေမှာလည်း တပ်မတော်ဘက်ကပါ ကော်မရှင်အပေါ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်မှာ တပ်ချုပ်က ရွေးကောက်ပွဲအပေါ် သံသယရှိတဲ့အကြောင်း ပြောပြီး အာဏာသိမ်းမယ့် အရိပ်အယောင်တွေ၊ နိမိတ်ပြစကားတွေကို သတိပေးပြောကြားမှုတွေရှိလာခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၃ ရက်မှာ ထုတ်လွှင့်တဲ့ ပေါ်ပြူလာသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်တွေအကြောင်းမေးတဲ့အခါ တပ်ချုပ်ကရွေးကောက်ပွဲရလဒ်အပေါ် လက်ခံဖို့ အပြည့်အဝ အာမမခံတဲ့ စကားတွေပြောခဲ့ပါတယ်။
"၂၀၁၅ မဲပေးတဲ့အချိန်မှာ ကျွန်တော့်ကို မေးခဲ့ဖူးတယ်။ ရလဒ်ကို ကြေညာလိုက်ပြီဆိုလို့ရှိရင် လက်ခံဖို့ ကျွန်တော်တို့ ပြောခဲ့တာ ရှိတယ်။ အခုဆိုရင် သတိထားရတဲ့ အခြေအနေဖြစ်လာတယ်။ ဒါက မဖြစ်စေချင်ဘူး။ ဒါကြောင့် သတိထားပြီး လုပ်လို့ရအောင် သတိပေးတဲ့သဘော ပြောတာပါ" လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့တာပါ။
အဲ့ဒီနေ့ ညမှာပဲ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ NLD Chair Facebook စာမျက်နှာကနေ ''ဘာရမလဲ သာဝရာ'' ဆိုပြီး အခုလို တက်လာခဲ့ပါတယ်။
ရွေးကောက်ပွဲတည်တည်ငြိမ်ငြိမ်ဖြစ်မြောက်ပြီး ပြည်သူတွေရဲ့ဆန္ဒအမှန်ကို အောင်မြင်စွာဖော်ထုတ်ဖို့က အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ ဒါကိုမလိုလားလို့ နည်းအမျိုးမျိုနဲ့ ရွေးကောက်ပွဲအောင်မြင်စွာဖြစ်မြောက်ရေးကို ထိခိုက်အောင် ဆေင်ရွက်မှုတွေရှိနေတယ်ဆိုတာ ပြည်သူတွေအသိဖြစ်ကြောင်း ပြောပြီး
"ဘာရမလဲ သာဝရာ၊ မင်းလောက်တော့ ငါပါးပါသေးတယ်ကွာ"။ "သာဝ" ဆိုတာ ဘယ်သူဘယ်ဝါမှန်းမသိပါ၊ ဒါပေမဲ့ ကလေးတွေကတောင် အဓိပ္ပါယ်ကို နားလည်ကြပါတယ်။ ကျွန်မတို့လည်း ယခု ဒီအတိုင်းပါပဲ။ "သာဝ" တွေထက် လိမ္မာပါးနပ်ကြရမယ်။ စိတ်ထိန်းနိုင်ရမယ်။ "သာဝ" တွေထက်သာတဲ့ပြည်သူတွေပေါ့" လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့ပါတယ်။
''သာဝ ဆိုတဲ့ စကားလုံးကို အတော်နာသွားပုံရတယ်'' လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
NLD အစိုးရခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က တပ်မတော်ရဲ့ သံသယနဲ့ စွပ်စွဲချက်တွေကို ရှင်းပြဖို့ ပျက်ကွက်ခဲ့တယ် လို့ နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ပါတယ်။
ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းဟာ အရင်ကော်မရှင် ဥက္ကဋ္ဌ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးတင်အေး လို အစိုးရနဲ့ ပါတီတွေရဲ့ ဖိအားပေးမှုကို ခံနိုင်သူမဟုတ်တဲ့အကြောင်း သူတို့ကပြောပါတယ်။
''ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသမာဓိကို ယုံကြည်တယ်။ သူက ကော်မရှင်ကို လွှမ်းမိုးမှာမဟုတ်ဘူး။ ဒါပေမဲ့ ကော်မရှင်က မရှင်းပေးတဲ့နောက်ကွယ်မှာ NLD ပါတီထဲက သဘောထားတင်းမာတဲ့ တခြားခေါင်းဆောင်တွေ ရှိနေနိုင်တယ်'' လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
''တကယ်တော့ဗျာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ကြတာ ဘေးပယောဂတွေလည်း အများကြီး ပါပါတယ်။ နှစ်ဘက်စလုံးမှာပါ'' လို့ အငြိမ်းစားတပ်မတော်အရာရှိကြီးတစ်ဦးကပြောပါတယ်။
နှစ်ဖက်စလုံးရဲ့ ထောက်ခံသူတွေက ဆိုရှယ်မီဒီယာတွေမှာ အပြန်အလှန်တိုက်ခိုက်ဝေဖန်မှုတွေကလည်း အခြေအနေတွေကို ပိုကောင်းမလာစေခဲ့တာကို တွေ့ရပါတယ်။
နှစ်ဖက် အတွက်မှားကြခြင်း
၂၀၁၈ နောက်ပိုင်းကစလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နှစ်ယောက် သီးသန့် တွေ့ဆုံတာမျိုး မရှိကြတော့ဘူး လို့ နှစ်ဖက်လုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
၂၀၂၁ ခုနှစ် လွတ်လပ်ရေးနေ့အခမ်းအနားမှာတွေ့တုန်း ခေါင်းဆောင်နှစ်ဦး ရပ်စကားပြောနေတဲ့ ဓာတ်ပုံကိုကြည့်ပြီး ပြေလည်လာတော့မလားလို့ မျှော်လင့်သူတွေလည်း ရှိခဲ့ကြပါတယ်။
ဒါပေမဲ့ လူတွေမသိတဲ့ ဇာတ်လမ်းတစ်ပုဒ်က အဲ့ဒီအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ကို နောက်တန်းမှာ နေရာချလို့ မကျေမနပ်ဖြစ်ခဲ့ရတဲ့ အကြောင်းပဲဖြစ်ပါတယ်။
ရွေးကောက်ပွဲကြိုကာလနဲ့ ရွေးကောက်ပွဲလွန်ကာလမှာ တစ်ဖက်နဲ့တစ်ဖက် စကားလုံးတိုက်ပွဲတွေ၊ ထုတ်ပြန်ကြေညာချက်တွေ အပြင်းအထန်ဖြစ်ပေါ်နေချိန်မှာကို ခေါင်းဆောင်နှစ်ဦးဟာ မျက်နှာချင်းဆိုင် တွေ့ဆုံမှုဆွေးနွေးမှု မလုပ်ခဲ့ကြတာ အာဏာသိမ်းပြီးချိန်အထိပဲဖြစ်ပါတယ်။
''သူတို့နှစ်ယောက်ကြားမှာ ပြဿနာဖြေရှင်းရေးယန္တရားရှိမနေခဲ့ဘူး'' လို့ နိုင်ငံရေးအကဲခတ်တစ်ဦးကသုံးသပ်ပါတယ်။
တပ်မတော်ဘက်က လွှတ်တော်ခေါ်ပေးဖို့ နဲ့ ကာလုံခေါ်ပြီး တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့ပေမဲ့ NLD ဘက်က မျက်ကွယ်ပြုခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။
"သူတို့နှစ်ယောက်အဆင်ပြေရင် အာဏာသိမ်းပွဲမဖြစ်နိုင်ဘူးလို့ယူဆတယ်"လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။
အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး လေ့လာသူတချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရော တပ်ချုပ်ပါ အတွက်မှားခဲ့ကြတယ်လို့ ဆိုပါတယ်။
NLD ဘက်ကလည်း ပြည်သူလူထုထောက်ခံမှုကြီးကြီးမားမားရရှိထားတဲ့အတွက် စစ်တပ်က အာဏာသိမ်းရဲမှာ မဟုတ်ဘူးလို့ ယုံကြည်ခဲ့ကြပါတယ်။
တပ်ဘက်ကလည်း ပြည်သူလူထုဘက်က ဒီလောက်ထိတုံ့ပြန်မှုကြီးမားလိမ့်မယ်လို့ မထင်မှတ်ခဲ့တဲ့အကြောင်း အာဏာသိမ်းပြီးတဲ့နောက်မှာ ဝန်ခံခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံရေးကနေ တပ်မတော်ဆုတ်ခွာသွားဖို့ ကြိုးစားတဲ့ NLD ကို တပ်က အာဏာမရစေချင်တဲ့အတွက် အာဏာသိမ်းမှုဟာ ခေါင်းဆောင်နှစ်ဦးရဲ့ ဆက်ဆံရေးကြောင့် မဟုတ်ဘူးလို့ ဦးမိုးဇော်ဦးက အခိုင်အမာ ပြောပါတယ်။
နိုင်ငံရေးမှာ တပ်ကအမြဲဦးဆောင်နေရမယ်ဆိုတဲ့အခြေအနေပျက်သွားမှာရယ်၊ အင်မတန်ကြီးမားတဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေထိပါးလာမှာရယ်ကို စိုးရိမ်စိတ်နဲ့ အာဏာသိမ်းတာလို့ သူကပြောပါတယ်။
''သူတို့ထိန်းချုပ်လို့မရမယ့်၊ သူတို့အမိန့်ကိုမနာခံမယ့်လူမျိုး တိုင်းပြည်ကို ဦးဆောင်မှာ သူတို့လုံးဝလက်မခံနိုင်ဘူး။ ဒါ သူတို့ရဲ့ ရန်သူပဲ'' လို့ ဦးမိုးဇော်ဦးကပြောပါတယ်။
ဒါပေမဲ့ ထိပ်ဆုံးက သြဇာအကြီးဆုံးနဲ့ အာဏာအရှိဆုံး ခေါင်းဆောင်နှစ်ဦးအကြား ပြေလည် ကျေလည်မှု မရှိခဲ့ရတာကလည်း အခုလို စစ်တပ်က အာဏာသိမ်းတဲ့အထိ ဖြစ်လာခဲ့ရတဲ့ အဓိက အကြောင်းတွေထဲက အကြောင်းတစ်ခုဖြစ်တယ်လို့ သုံးသပ်သူတော်တော်များများက လက်ခံထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ စိတ်ရင်းမှာ တစ်ယောက်အပေါ် တစ်ယောက် ဘယ်လိုတွေသဘောထားခဲ့ကြသလဲ၊ ဘယ်လောက်နီးခဲ့ကြသလဲ၊ ဘယ်လောက် ဝေးနေခဲ့သလဲ။ နားလည်မှုရအောင် အပြန်အလှန်ကြိုးစားခဲ့ကြသလား။
မြန်မာပြည်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တဲ့ သူနှစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး နီးစပ်မှုဟာလည်း မြန်မာ့နိုင်ငံရေး ရေချိန်နဲ့ အလားအလာ လားရာကို တွက်ချက်ရာမှာ အမြဲထည့်စဉ်းစားခဲ့ကြရတဲ့ အကြောင်းဖြစ်ခဲ့ပါတယ်။