ကြံ့ခိုင်ရေး ဗဟိုကော်မတီအစည်းအဝေး နောက်ကွယ်က အားပြိုင်မှုများ

ဓာတ်ပုံ ရင်းမြစ်, USDP
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတည်ထောင်တာ ၁၂ နှစ် ပြည့်တဲ့ ဇွန်လ ၈ ရက် မှာ ပါတီဗဟိုကော်မတီအစည်းအဝေးကို ကျင်းပခဲ့ပေမယ့် မူလကကြေညာထားသလို ခေါင်းဆောင်ပိုင်း ပြန်လည်ရွေးချယ်မှုကို မြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။
လုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားပြီး နှစ်ရက်ကြာ ကျင်းပတဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ အားပြိုင်မှုတွေနဲ့ အဆုံးသတ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ပါတီဘက်ကတော့ ဒါဟာ သတင်းအမှားတွေ လို့ တရားဝင်ငြင်းပါတယ်။
ဒါပေမဲ့ အစည်းအဝေးမှာ ပါတီခေါင်းဆောင်ပိုင်းတွေရဲ့ တရားဝင်ပြောစကားတွေနဲ့ ဘီဘီစီရဲ့ စုံစမ်းသိရှိချက်တွေအရ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီအစည်းအဝေးရဲ့ နောက်ကွယ်မှာ အားပြိုင်မှုတွေ ရှိခဲ့ပါတယ်။
လက်ရှိခေါင်းဆောင်ပိုင်းကလိုလားတဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အသစ် ပြန်လည်ရွေးချယ်မှုကို မလုပ်နိုင်ခဲ့ဘဲ ပါတီညီလာခံခေါ်ပြီး ပြန်ရွေးဖို့က အတည်ဖြစ်သွားခဲ့ပါတယ်။
ဇီးရိုး ဆက်တင်
ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းအရ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ သက်တမ်းက ၅ နှစ်ဖြစ်ပြီး ၂၀၂၁ သြဂုတ်မှာ သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အသစ်ကိုပြန်မရွေးတာကို ပါတီတွင်းမှာ သဘောမတွေ့သူတွေ ရှိခဲ့ကြပါတယ်။
ဒါပေမဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပါတီညီလာခံခေါ်ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီသစ်ကို မရွေးချယ်နိုင်ခဲ့တာလို့ ဥက္ကဋ္ဌ ဦးသန်းဌေးက အစည်းအဝေး အဖွင့်မိန့်ခွန်းမှာထည့်ပြောခဲ့ပါတယ်။
ဦးသန်းဌေးက ပါတီဗဟိုကော်မတီအစည်းအဝေးမှာပဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အသစ်ကို ပြန်လည်ရွေးချယ်ချင်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တချို့ကတော့ ဖွဲ့စည်းပုံစည်းမျဉ်းအတိုင်း ပါတီညီလာခံ နဲ့သာ ရွေးချယ်ချင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDP
''ကြိုက်တဲ့သူ ဥက္ကဋ္ဌလုပ်။ ဒါပေမဲ့ ဖွဲ့စည်းပုံစည်းမျဉ်းအတိုင်းလုပ်။ အဲ့ဒီအတိုင်းမလုပ်ချင်ဘူးဆိုရင်တော့ အဲ့ဒီ ဖွဲ့စည်းပုံစည်းမျဉ်းစာအုပ်ကြီးဆွဲဖြဲလိုက်ရုံပေါ့'' လို့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးလှဆွေကပြောပါတယ်။
ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်စေချင်သူတွေ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်းမှာရှိနေပြီး မင်းကင်းအမတ်ဟောင်း ဦးမောင်မြင့်ရဲ့ လူမှုကွန်ရက်မှာထုတ်ပြောမှုက သက်သေတစ်ခုဖြစ်ပါတယ်။
'' ညံ့ဖျင်းတဲ့ ခေါင်းဆောင်အောက်မှာ တောက်ပြောင်တဲ့ ပါတီ ဖြစ်မလာနိုင်ပါဘူး'' လို့ ဦးမောင်မြင့် က အစည်းအဝေးမစခင် ရက်ပိုင်းအလို သူရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်။
ဦးသန်းဌေးက ဥက္ကဋ္ဌနေရာမှာဆက်နေချင်တယ်လို့ စွပ်စွဲသူတွေရှိနေသလို ဦးသန်းဌေးဟာ ခါးဝေဒနာခံစားနေရပြီး ရောဂါကုသမှုခံယူဖို့ ဥက္ကဋ္ဌနေရာကနေ အနားယူချင်နေပြီလို့ သူ့ကိုထောက်ခံသူတွေက ကာကွယ်ပြောကြားပါတယ်။
ပါတီဗဟိုကော်မတီအစည်းအဝေးကနေ ၅ နှစ်သက်တမ်းရှိတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ကို ပြန်လည်ရွေးချယ်သွားမယ်လို့ အစည်းအဝေးမတိုင်ခင်က ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဗဟိုကော်မတီအစည်းအဝေးကျင်းပချိန်မှာတော့ ညီလာခံခေါ်ပြီး ရွေးချယ်စေချင်တဲ့ဘက်က အသာရသွားပြီး ပါတီညီလာခံကို မကြာခင်ပြန်ခေါ်ပေးမယ် ဦးသန်းဌေးက ကတိပြုပေးခဲ့ရပါတယ်။
ဒါကြောင့် စစ်ကောင်စီဝန်ကြီးတွေဖြစ်တဲ့ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ၊ ဦးဝဏ္ဏမောင်လွင် နဲ့ ဒေါက်တာပွင့်ဆန်း တို့ အစည်းအဝေးတက်ဖို့ စီစဥ်ခဲ့ပြီးမှ လာမတက်တော့တာတွေ့ရပါတယ်။
လစ်လပ်သွားတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၃ ဦး ကိုအစားထိုးခန့်အပ်တာနဲ့ ပါတီ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်တာနဲ့ပဲ ပြီးဆုံးသွားခဲ့ရပါတယ်။
ပါတီထဲက ပြဿနာဟောင်း
ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်း အကွဲအပြဲလို ထပ်ဖြစ်မှာကို လက်ရှိကြံ့ခိုင်ရေးခေါင်းဆောင်တွေက မလိုလားကြဘဲ ညီညီညွတ်ညွတ်ရှိနေတယ်လို့ ဗဟိုကော်မတီဝင်တချို့က ဘီဘီစီကိုပြောပါတယ်။
တစ်ဖက်နဲ့တစ်ဖက် အားပြိုင်မှုတွေရှိခဲ့ပေမယ့် ပါတီခေါင်းဆောင်တွေက ပါတီဗဟိုကော်မတီအစည်းအဝေးဟာ ဘာပြဿနာမှမရှိဘဲ ပြီးဆုံးခဲ့တယ် လို့ ထုတ်ပြောခဲ့တဲ့အချက်က အတိတ်ကို သင်ခန်းစာယူပုံရတယ်ဆိုတာကို ပြသနေပါတယ်။
'ခေါင်းဆောင်တွေစည်းလုံးမှု ပြိုကွဲလို့မရဘူး' လို့ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်က အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ပြဿနာတချို့ကတော့ အစည်းအဝေးမခေါ်ခင်ကတည်းက ရှိခဲ့တဲ့အကြောင်း ဘီဘီစီက စုံစမ်းသိရှိခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDP
ပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို တိုင်ကြားမှုတွေရှိခဲ့ပြီး ''လက်ရှိတပ်ချုပ်ကိုတိုင်တာလား အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုင်တာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရဘူး'' လို့ ဗဟိုကော်မတီဝင်တစ်ဦးက ပြောပါတယ်။
တခြားပါတီဗဟိုကော်မတီဝင်တစ်ဦးကတော့ တိုင်ကြားတဲ့ကိစ္စကို သဘောမတွေ့ဘဲ ဗဟိုကော်မတီမှာ ဆွေးနွေး၊လျှို့ဝှက်မဲခွဲဆုံးဖြတ်ပြီး ရှုံးတဲ့သူက အများစု ဆန္ဒကို နာခံတာမျိုးပဲ ဖြစ်သင့်တယ် လို့ပြောပါတယ်။
'စာဖတ်သူကြီးနဲ့ တပ်ချုပ်ကို ပြောရအောင် ပါတီက သူတို့ပိုင် ပစ္စည်းမှမဟုတ်တာ။ ပါတီညီလာခံ တစ်ခုနဲ့ တစ်ခုကြားမှာ အမြင့်ဆုံးအာဏာပိုင်အဖွဲ့က ဗဟိုကော်မတီပဲ။' လို့ သူကပြောပါတယ်။
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌတွေကို သြဇာ အာဏာရှိတဲ့သူတွေကခန့်ခဲ့တဲ့ အလေ့အထကနေ ပါတီညီလာခံက မဲပေးရွေးချယ်ပြီးခန့်တဲ့အလေ့အထကိုပြောင်းလဲဖို့ ဆန္ဒရှိတဲ့ ဗဟိုကော်မတီဝင်တွေလည်း ရှိနေပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးသိန်းစိန်ကိုခန့်ခဲ့သလို၊ ဦးသိန်းစိန်က ဦးသန်းဌေးကိုပြန်ခန့်ခဲ့သလို ပုံစံမျိုးတွေကို မရှိသင့်တော့ဘဲ ပါတီတွင်းဒီမိုကရေစီကို အပြည့်အဝကျင့်သုံးသင့်တယ်လို့ ဗဟိုကော်မတီဝင်တစ်ဦးကပြောပါတယ်။
'ပါတီတွင်း ဒီမိုကရေစီကို နားမလည်ဘူး၊မကျင့်သုံးဘူးဆိုရင်တော့ ကွဲကြဦးမှာပဲ' လို့ ဗဟိုကော်မတီဝင်ဟောင်း တစ်ဦးကပြောပါတယ်။
တပ်လောင်းရိပ်က လွတ်ပြီလား
စစ်ကောင်စီက ကျင်းပပေးမယ်လို့ကတိပြုထားတဲ့ ၂၀၂၃ ရွေးကောက်ပွဲအလွန်မှာ တပ်နဲ့ပေါင်းပြီးအစိုးရဖွဲ့ဖို့ ကြံ့ခိုင်ရေးခေါင်းဆောင်ပိုင်းက တွက်ဆမျှော်လင့်ထားပြီးဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဟာ ကြံ့ခိုင်ရေးပါတီ နဲ့ ခပ်ကင်းကင်းနေနေပုံ ရပါတယ်။ နိုင်ငံတော်အဆင့် အခမ်းအနားတွေမှာ တွေ့တာကလွဲလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သီးသန့်တွေ့ဆုံတာမျိုးမရှိဘူးလို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဘီဘီစီနဲ့သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာဖြေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDP
တပ်မတော်က တည်ထောင်ခဲ့တဲ့ပါတီဖြစ်ပေမယ့် လက်ရှိအချိန်မှာ တပ်ကသပ်သပ် ပါတီလိုင်းကသပ်သပ် သွားချင်နေသလို ဖြစ်နေတယ်လို့ ဦးလှဆွေ ကပြောပါတယ်။
'ဦးမြင့်ဆွေတို့၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ဆီက အကြံဉာဏ်ယူသင့်တာပေါ့' လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေကလို တပ်မတော်အရာရှိကြီးတွေပါတီဘက်ကိုများများစားစား ရောက်မလာတော့တာ တွေ့ရပါတယ်။
လက်ရှိ ပါတီဗဟိုကော်မတီအစည်းအဝေးမှာလည်း တပ်မတော်ကနေ ပါတီမှာ တာဝန်ထမ်းဆောင်ဖို့ စေလွှတ်တာမျိုး မရှိဘူးလို့ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။
'တပ်ကလည်း သူ့အလုပ်သူလုပ်နေတယ်။ ပါတီကလည်း ပါတီ အလုပ်လုပ်နေတယ်' လို့သူကပြောပါတယ်။
ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီအနေနဲ့ တပ်မတော်ထောက်ခံပွဲတွေ နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးထောက်ခံပွဲတွေကို တက်တက်ကြွကြွဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။
ဗိုလ်တစ်ထောင်ပါတီ
'ဗိုလ်တစ်ထောင်ပါတီ' လို့ ဗဟိုကော်မတီဝင်ဟောင်း တစ်ဦးကအမည်ပြောင်ပေးထားပြီး ပါတီရဲ့အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အရေအတွက်က ၆၀ အထိ ရှိပါတယ်။
ဗဟိုကော်မတီဝင်နဲ့ အရန်ဗဟိုကော်မတီဝင် စုစုပေါင်း ၃၅၀ အထိ ရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တည်ထောင်ပေးခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်ပိုင်းဟာ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေက ပဲ ဆက်လက်လွှမ်းမိုးထားပါတယ်။
ဗဟိုကော်မတီအစည်းအဝေးကို လာတက်ခဲ့တဲ့သူတွေထဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့သူအများအပြားကို ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDP
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် ကာကွယ်ရေးဦးစီးချုပ်(လေ)ဖြစ်ခဲ့တဲ့ ဦးမြတ်ဟိန်း၊ ဒုသမ္မတဟောင်း ဦးဉာဏ်ထွန်း၊ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းဇော်၊ သမ္မတရုံးဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးလှထွန်းနဲ့ ဦးစိုးသိန်း၊ စိုက်ပျိုးရေးဝန်ကြီးဟောင်း ဦးမြင့်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဉာဏ်ဝင်း၊ သစ်တောဝန်ကြီးဟောင်း ဦးသိန်းအောင် စတဲ့ လူဟောင်းတွေ လာတက်ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း NLD လွှတ်တော်မှာ အတိုက်အခံအမတ်အဖြစ် ထင်ရှားခဲ့ကြတဲ့ ပျော်ဘွယ်အမတ်ဦးသောင်းအေး နဲ့ မင်းကင်းအမတ် ဦးမောင်မြင့်၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ အငြိမ်းစားဗိုလ်ချုပ် ဦးတင်အောင်ချစ် နဲ့ ဘူးလက်လှဆွေ လို့ လူသိများတဲ့ ဦးလှဆွေတို့ကိုလည်း တွေ့ရပါတယ်။
ပါတီမှာတာဝန်အရှိဆုံးအစုအဖွဲ့ကတော့ ဥက္ကဋ္ဌ ဦသန်းဌေး၊ဒုဥက္ကဋ္ဌတွေဖြစ်ကြတဲ့ ဦးခင်ရီ၊ဦးမြတ်ဟိန်းနဲ့ ဦးလှထွန်း၊အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဦးသက်နိုင်ဝင်းတို့ပဲဖြစ်ပါတယ်။
ဒါပေမဲ့ ပါတီညီလာခံနဲ့ပြန်ရွေးရင်လည်း အငြိမ်းစားစစ်ဗိုလ်ချုပ်တွေထဲကပဲ ပါတီကို ဆက်ဦးဆောင်သွားမှာအသေအချာပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။








