ဘိုင်ဒင်အစိုးရထံမှာ မြန်မာအရေး ခိုင်မာတဲ့ မူဝါဒတွေ ရှိနေလား

ဓာတ်ပုံ ရင်းမြစ်, Yuichi Yamazaki via Getty
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ၆ ရက်တာ အာရှ ခရီး အဆုံးသတ်ခဲ့ပြီ ဖြစ်တာမှာ ဒီခရီးစဥ်အတွင်း အမေရိကန် သမ္မတထံက ကြားခဲ့ရတဲ့ အဓိက သတင်းစကား ကတော့ ယူကရိန်းထဲ ရုရှား ကျူးကျော်မှုနဲ့ ယှဉ်ထိုးပြီး တရုတ်ကိုလည်း နိုင်ငံတကာ လိုက်နာရမယ့် အခြေခံ ကျင့်ဝတ်တွေကို လေးစားလိုက်နာဖို့ ပြောဆိုတာပဲ ဖြစ်ပါတယ်။
သမ္မတ ဘိုင်ဒင်ရဲ့ အခု အာရှ ခရီးစဉ် အတွင်းမှာပဲ ဂျပန်နိုင်ငံ တိုကျို မြို့တော်မှာ အိမ်ရှင် ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျ တို့နဲ့ အတူ အမေရိကန်က ကမကထလုပ် စုစည်းထားတဲ့ Quad ၄ နိုင်ငံ ထိပ်သီး အစည်းအဝေး ကျင်းပခဲ့ပါတယ်။
အဲဒီ တိုကျို ထိပ်သီးညီလာခံမှာ သမ္မတ ဘိုင်ဒင်က ထိုင်ဝမ် အရေးနဲ့ ပတ်သက်ပြီး တရုတ် ပြည်မကြီး အစိုးရကို သတိပေး ပြောဆိုတာတွေ ဦးတည် ပြုလုပ်ခဲ့ပါတယ်။
Quad အဖွဲ့ဝင် မိတ်ဖက် နိုင်ငံတွေ တည်ရှိတဲ့ အင်ဒို-ပစိဖိတ် ဒေသတလွှား ပွင့်လင်း လွတ်လပ်ဖို့၊ နိုင်ငံတွေကြား ဆက်ဆံရေး ချိတ်ဆက် ကောင်းမွန် နေဖို့၊ လုံခြုံမှု ရှိနေစေဖို့ ဆိုတဲ့အချက်အပေါ် အမေရိကန်က အင်မတန် အရေးထားတယ် ဆိုပြီး သမ္မတ ဘိုင်ဒင်က ဆိုပါတယ်။
အခု တိုကျိုမြို့ Quad အဖွဲ့ ထိပ်သီး အစည်းအဝေး ရှိနေခဲ့ချိန်မှာပဲ NUG ကလည်း အမေရိကန် အပါအဝင် Quad နိုင်ငံတွေအပေါ် မြန်မာအရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးစေလိုတဲ့ အရာတွေကို တောင်းဆိုတာမျိုးတွေ ပြုလုပ် ခဲ့ပါတယ်။
အဓိကကတော့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ စပ်လျဥ်းပြီး မြန်မာစစ်တပ်ရဲ့ တာဝန်ရှိသူတွေအပေါ် အရေးယူရေး ဆိုတဲ့ အချက်အပါအဝင် စုစုပေါင်း ၅ ချက် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUG MOFA
ဒီစီမြို့ အာဆီယံ ထိပ်သီးညီလာခံနဲ့ NUG နိုင်ငံခြားရေး ဝန်ကြီး
အခု Quad အဖွဲ့ ထိပ်သီးညီလာခံ မတိုင်ခင်မှာပဲ သမ္မတ ဘိုင်ဒင် အိမ်ရှင်အဖြစ် အာဆီယံနိုင်ငံ ခေါင်းဆောင်တွေနဲ့ ဝါရှင်တန်ဒီစီမြို့တော်မှာ လူချင်းတွေ့ဆုံပြီး အထူး ထိပ်သီး ဆွေးနွေးပွဲကို အခု မေလလယ်မှာပဲ ကျင်းပ ခဲ့ပါတယ်။
အဲဒီ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေးဟာလည်း အာရုံစိုက် ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေထဲ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင်၊ အမေရိကန်ရဲ့ မကြုံစဖူး ခြေလှမ်းသစ်ကတော့ ဒီ ထိပ်သီးဆွေးနွေးနဲ့ တိုက်ဆိုင်ပြီး NUG ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဝါရှင်တန်ဒီစီမြို့တော်ကို ဖိတ်ခေါ်ပါတယ်။
အမေရိကန် အစိုးရနဲ့ လွှတ်တော်ပိုင်း ထိပ်တန်း တာဝန်ရှိသူတွေဟာ ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံတာမျိုးတွေ ထိပ်သီးဆွေးနွေးပွဲနဲ့ အပြိုင် ပြုလုပ်ပါတယ်။
ဒီတော့ ဘိုင်ဒင်- အာဆီယံ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်ထဲမှာ မြန်မာ့အရေး အာဆီယံ ဘုံ သဘောထား ၅ ချက် ဖော်ဆောင်ရေး ဆိုပြီး မထူးခြားလှတဲ့ ထပ်ကျော့ ပြောဆိုမှုမျိုးတွေကိုသာ ထည့်သွင်း ထားပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ NUG ကိုယ်စားလှယ်ကို တပါတည်း ဝါရှင်တန်ဒီစမြို့တော်မှာ ရှိနေစေတဲ့ ခြေလှမ်းတွေကိုကြည့်ရင် သမ္မတဘိုင်ဒင် အစိုးရဟာ NUG နဲ့ ဆက်ဆံရေးကို အဆင့်မြှင့်တာ ဖြစ်တယ်ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်မှုတွေ ရှိလာခဲ့ပါတယ်။
ဒီတော့ သမ္မတဘိုင်ဒင် ဦးဆောင်တဲ့ အမေရိကန် အစိုးရဟာ မြန်မာအရေးနဲ့ ပတ်သက်ပြီး ဘယ်လို ဦးတည် လှုပ်ရှားနေတာလဲ၊ ခိုင်မာတဲ့ မူဝါဒနဲ့ လမ်းစဉ်တွေ ရှိနေလား ... စတာတွေကို ၂၀၁၆ ကနေ ၂၀၂၀ အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် တာဝန် ထမ်းခဲ့ပြီး လက်ရှိမှာလည်း စတန်းဖို့ဒ် တက္ကသိုလ်နဲ့ ဘိုဝါဂရု(ပ)အေးရှား BGA သုခမိန် အဖွဲ့တို့ မှာ အာရှ ပစိဖိတ် ဒေသဆိုင်ရာ ကျွမ်းကျင်သူ အဖြစ် ဆောင်ရွက်နေတဲ့ မစ္စတာ စကော့ မာဆီရယ်ကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုး မေးမြန်းထားပါတယ်။

မြန်မာအရေး ဘိုင်ဒင်အစိုးရ ဘာတွေ ဦးတည်လုပ်ဆောင်နေလဲ
မြန်မာဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း မစ္စတာ စကော့ မာဆီရယ်နဲ့ ဘီဘီစီမေးမြန်းခန်း


ဓာတ်ပုံ ရင်းမြစ်, ROMEO GACAD via Getty
ဘီဘီစီ။ ။ အမေရိကန် အစိုးရက မြန်မာ့အရေးဆိုင်ရာ ဘာကို ဦးတည် လုပ်နေလဲလို့ စကော့အနေနဲ့ မြင်ထားလဲခင်ဗျ။ အာဆီယံ ခေါင်းဆောင်တွေနဲ့ သမ္မတဘိုင်ဒင် တွေ့ဆုံတဲ့ ကာလမှာပဲ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဝါရှင်တန်ဒီစီမြို့တော်မှာ ရှိနေစေတဲ့ ခြေလှမ်းကိုရော ဘယ်လို သုံးသပ်နိုင်လဲ။
စကော့မာဆီရယ်။ ။ အင်မတန် မြင်သာထင်ရှားတဲ့ အချက်တချို့ ကို ပြောရမယ် ဆိုရင် ပထမဆုံးက အချက်ကတော့ အမေရိကန် အစိုးရရော အမေရိကန် ပြည်သူတွေကပါ မြန်မာပြည်သူတွေနဲ့ ထပ်တူရပ်တည်တယ်။ အပြည့်အဝ စာနာမှု ရှိတယ်ဆိုတာ ပြသတာပါပဲ။
စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကိုရော အဲဒါရဲ့ နောက်ဆက်တွဲ ပြည်သူတွေ အပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုရော လုံးဝ လက်သင့် မခံဘူးဆိုတဲ့ ရပ်တည်မှုကို အမေရိကန်ဘက်က ထင်ထင်ရှားရှား ဆက်လက် ပြသနေတာ ဖြစ်ပါတယ်။
ဒီတော့ အမေရိကန် အစိုးရ အပြုအမူသမျှဟာ ဘာကို ဦးတည် နေသလဲ ဆိုရင် နံပါတ်(၁) မြန်မာပြည်သူတွေကို ကူညီဖို့နဲ့ နံပါတ် (၂) အာဏာသိမ်း စစ်တပ်အပေါ် အဆုံးစွန်သော ဖိအားတွေ သက်ရောက် နိုင်ရေး ဆိုတဲ့ အခြေခံ အချက် ၂ ချက်ကို ဦးတည် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ကျွန်တော် ထင်မြင်ပါတယ်။
နိုင်ငံရေး အာဏာကို ပြည်သူတွေထံ ပြန်ပေးရေး လမ်းကြောင်းဆီ ရောက်အောင် စစ်တပ်အပေါ် တွန်းအားပေးနေတာ ဖြစ်တယ်လို့ မှတ်ယူ နိုင်ပါတယ်။
ဒီတော့ ကျွန်တော်တို့ တွေ့မြင်နေရတဲ့ NUG နဲ့ကြား အမေရိကန် အစိုးရ ထိတွေ့ ဆက်ဆံနေတာတွေဟာ စစ်တပ် အပေါ် ဖိအားပေးတဲ့ ပုံစံတစ်မျိုး ဖြစ်ပါတယ်။ အမေရိကန် အစိုးရအနေနဲ့ စစ်ကောင်စီ မပါဝင်တဲ့ အာဆီယံ အသိုင်းအဝိုင်းနဲ့ တွေ့ဆုံချိန်မှာ၊ NUG ရဲ့ ထိပ်တန်း အဆင့်မြင့် ကိုယ်စားလှယ်နဲ့လည်း တပြိုင်တည်း တွေ့ဆုံလိုတဲ့ သဘောထား ရှိနေတယ်ဆိုပြီး ထင်ထင်ရှားရှား ပြသခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ မြန်မာစစ်တပ်အပေါ် အဆုံးစွန်သော ဖိအားတွေ သက်ရောက်စေရေးလို့ ဆိုတဲ့ နေရာမှာ အမေရိကန် အနေနဲ့ ခိုင်မာတိကျတဲ့ ပြတ်သားတဲ့ မူဝါဒနဲ့ လုပ်ငန်းစဥ်တွေ ရှိတယ်လို့ စကော့ အနေနဲ့ ယူဆပါသလား ခင်ဗျ ...။
စကော့မာဆီရယ်။ ။ ကျွန်တော့်ရဲ့ အမြင်ကတော့ ... လက်ရှိ မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး အကောင်းဆုံး မျှော်လင့်ချက်ဟာ စစ်တပ်ဘက်က အပြောင်းအလဲ တွေ လုပ်ဆောင်လာဖို့ အဆုံးစွန်သော ဖိအားတွေ သက်ရောက် စေရေး အပေါ်မှာ မူတည် နေပါတယ်။
အဲဒီ ဖိအားတွေဟာ နိုင်ငံတကာက လုပ်ဆောင်နေတာကလည်း တစ်ပိုင်း ၊ အဓိကကတော့ မြန်မာပြည်သူတွေကိုယ်တိုင် လှုပ်ရှား ရုန်းကန် နေကြတာတွေဟာ စစ်တပ်အပေါ် ဖိအား သက်ရောက် နေစေတာ ဖြစ်ပါတယ်။
အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေကစလို့၊ လက်နက်ကိုင် ခုံခံတွန်းလှန်တာ အဆုံး စစ်တပ်ဘက်က အပြောင်းအလဲလုပ်ဖို့ ဖိအားတွေ ပေးနေတာ ဖြစ်ပါတယ်။
ဒီတော့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ လုပ်ဆောင်နိုင်တာဟာ မြန်မာပြည်သူတွေရဲ့ လှုပ်ရှားရုန်းကန်မှူတွေ အပေါ် ထပ်ဆောင်း အားဖြည့် ပေးရေး ဖြစ်ပါတယ်။ ဒီတော့ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ကြတယ်၊ စစ်ကောင်စီကို တရားဝင်မှု မပေးဘူး၊ NUG လိုမျိုး မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ သူတွေနဲ့ ဆက်ဆံရေးတွေ တည်ဆောက်တယ် ... အစရှိသဖြင့် လုပ်ဆောင် နေကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် .... အမေရိကန် အစိုးရဆီမှာ "magic bullet" လို့ ခေါ်တဲ့ ရှိသမျှ ပြဿနာတွေ အားလုံးကို အမြန်ဆုံး ပျောက်ကင်း သွားစေနိုင်တဲ့ ဆေးစွမ်းကောင်းမျိုးတော့ ရှိမနေပါဘူး။ လက်ရှိ အတတ်နိုင်ဆုံး လုပ်ဆောင်ရမှာကတော့ ဖိအားတွေ အဆုံးစွန်ပေးရေး ဆိုတာ အပြင် ကျွန်တော် ထပ်ဖြည့် ပြောရရင် စာနာမှု ဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေနဲ့လည်း မြန်မာပြည်သူတွေကို ကူညီနိုင်မယ်လို့ ထင်ပါတယ်။
ဘီဘီစီ။ ။ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ရှာမဲန်နဲ့ ဒေါ်ဇင်မာအောင် တွေ့ဆုံတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန်တဲ့ အခါ ဒီမိုကရေစီအရေး ငြိမ်းချမ်းတဲ့ နည်းတွေနဲ့ ဆောင်ရွက် နေကြတဲ့ အပေါ် ထောက်ခံ အားပေးတယ် ဆိုပြီး ထပ်လောင်း ပြောထားတာ တွေ့ရပါတယ်။
အဲဒီ အဓိပ္ပာယ်ဟာ အခု ပြည်တွင်းမှာ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ခုခံတွန်းလှန် စစ် ဆင်နွှဲ နေတဲ့ လုပ်ရပ်တွေ အပေါ် အမေရိကန် အစိုးရ အနေနဲ့ အားပေး ထောက်ခံတာမျိုး မလုပ်ဘူး ဆိုပြီး ပြောတာလား ... ။
စကော့မာဆီရယ်။ NUG က ပြည်သူ့ ခုခံစစ် ဆင်နွှဲမယ်လို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ တုန်းက ကြေညာခဲ့ချိန်မှာ အမေရိကန်က ဘယ်လို တုံ့ပြန်ခဲ့သလဲ ဆိုတာကို ခင်ဗျား မှတ်မိမယ် ထင်ပါတယ်။
အဲဒီတုန်းကတည်းက လက်နက်ကိုင် နည်းလမ်းအပေါ် အားပေးတဲ့ သဘောထားမျိုး အမေရိကန် အစိုးရဆီမှာ မရှိတာကို တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။
စစ်တပ်က အာဏာစွန့်ပြီး မြန်မာပြည် ဒီမိုကရေစီ လမ်းကြောင်း အပေါ် ပြန်ရောက်ရေး အတွက် ဖိအားတွေ ပေးရမယ် ဆိုတဲ့ ရပ်တည်ချက် ရှိတာ မှန်ပေမယ့် လက်နက်ကိုင် နည်းလမ်းကိုတော့ အားပေး ထောက်ခံတယ် ဆိုပြီး အမေရိကန် အစိုးရက မပြောခဲ့ပါဘူး။
ဒါပေမယ့် အဲဒီ အဓိပ္ပာယ်ဟာ မြန်မာပြည်သူတွေ ခံစား တွေ့ကြုံ နေရတာတွေ အပေါ် မစာနာဘူး၊ နားမလည်ဘူး ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။ အမေရိကန် အစိုးရ အနေနဲ့ အကြမ်းနည်းနာ သုံးခြင်းတွေ အပေါ် ထောက်ခံ အားပေးမှု ပြုဖို့ ဆိုတာ အတော်ခက်ပါတယ်။
မြန်မာအရေးနဲ့ ပတ်သက်ပြီး အဲဒီလိုမျိုး ရပ်တည်မှု အကျဥ်းအကျပ်မျိုး အမေရိကန် အစိုးရကိုယ်တိုင်လည်း ကျရောက်နေပါတယ်။
ကျွန်တော့်ရဲ့ ကိုယ်ပိုင် အမြင်ကတော့ ... အခုလို အခြေအနေမျိုးထိ မြန်မာပြည် ကျရောက် သွားတာဟာ အင်မတန်မှ ဝမ်းနည်းဖွယ်ရာ ကောင်းပါတယ်။ မြန်မာ စစ်တပ်မှာ တာဝန် အလုံးစုံ ရှိပါတယ်။ ငြိမ်းချမ်းစွာ ဖြေရှင်းရေး လမ်းကို သူတို့ ပဲ ဖျက်ဆီးခဲ့တာ ဖြစ်ပြီး၊ မြန်မာပြည်သူတွေ အတွက် တခြား ရွေးစရာလမ်း မရှိ ဖြစ်ရတဲ့ အခြေအနေမျိုး ရောက်အောင် သူတို့ တွန်းပို့ခဲ့တာ ဖြစ်ပါတယ်။
ဒီတော့ ခင်ဗျား မေးခွန်းကို ဖြေရရင် ... ဟုတ်ပါတယ်၊ အမေရိကန် အစိုးရဟာ လက်နက်ကိုင် နည်းလမ်းကို အားပေးထောက်ခံတာ၊ သဘောတူတာမျိုး မရှိပါဘူး။ ဒီ အဓိပ္ပာယ်ဟာ မြန်မာပြည်သူတွေ အပေါ် မစာနာဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးလည်း မသက်ရောက်ပါဘူး။
ဘီဘီစီ။ ။ ဒီလိုဆိုရင် ... လက်ရှိ မြန်မာ့ အကျပ်အတည်း ပြဿနာကို အဖြေရှာရေးမှာ အာဆီယံ နည်းလမ်း၊ အာဆီယံ ကမကထလုပ် ဖြေရှင်းရေး လမ်းကြောင်းကို အားပေးတယ် ဆိုတာထက် ကျော်လွန်တဲ့ စဥ်းစားမှုမျိုးတွေ၊ လုပ်ဆောင်ပေးလိုမှုတွေ၊ လက်တွေ့ အစီအစဥ်တွေရော အမေရိကန် အစိုးရ ဆီမှာ ရှိနေလားခင်ဗျ ... ။
စကော့မာဆီရယ်။ ။ တခြား နိုင်ငံတကာ အစိုးရ အတော်များများ အတိုင်းပဲ အမေရိကန် အစိုးရကလည်း မြန်မာ့အကျပ်အတည်း ဖြေရှင်းနိုင်ရေးမှာ အာဆီယံရဲ့ ကြိုးစားနေမှုတွေ အပေါ် အသိအမှတ်ပြုပြီး၊ အားပေး ထောက်ခံပါတယ်။
ဒါပေမယ့် အဲဒီ အာဆီယံ ကြားဝင်ရေးနည်းပဲ သုံးမယ်၊ ကျန်တာ ဘာမှ မလုပ်ဘူး ဆိုတဲ့ အကန့်အသတ်မျိုးလည်း အမေရိကန် အစိုးရက သူတို့ကိုယ်သူတို့ ကန့်သတ် ချမှတ် ထားတာမျိုး မရှိဘူးလို့ ကျွန်တော် ယူဆပါတယ်။
အဲဒီလို အာဆီယံ အပေါ်မှာပဲ ပုံချထားတဲ့ သဘောထားမျိုး မရှိလို့ပဲ ... အခုလိုမျိုး NUG နဲ့ ဆက်ဆံရေး တည်ဆောက်ပြတာမျိုး၊ မြန်မာ အာဏာသိမ်း စစ်တပ် အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်တာမျိုးတွေ အမေရိကန်က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ကိုယ်ပိုင် အမြင်ကို ပြောရရင်တော့ အာဆီယံ သဘောတူမှု ၅ ချက် ဆိုတာဟာ မြန်မာစစ်ကောင်စီဘက်က ပူးပေါင်း ဆောင်ရွက်ဖို့ ပျက်ကွက်နေတာတွေကြောင့် ဘယ်လိုမှ အရှေ့ကို မရောက်နိုင်ဘူး ဆိုတာ ထင်ရှားပါတယ်။
မြန်မာပြည်တွင်းက လက်တွေ့ မြေပြင် အခြေအနေတွေနဲ့ ဒီ အာဆီယံ သဘောတူမှု ၅ ချက်ဆိုတာ အံဝင်ခွင်ကျ ရှိတယ်၊ ကိုက်ညီတယ်လို့လည်း ကျွန်တော် မထင်ပါဘူး။
လမ်းတွေပေါ် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာတွေကို မြန်မာစစ်တပ်ဘက်က ခွင့်ပြုလာမယ် ... အကြမ်းဖက်တော့မှာ မဟုတ်တော့ဘူး ဆိုတဲ့ အနေအထားမျိုး ဘယ်တော့မှ ရောက်လာမှာ မဟုတ်သလို ....
တခါ၊ စာနာမှုဆိုင်ရာ အကူအညီ ပေးရေးလို ကိစ္စမှာလည်း အဏာသိမ်း စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကနေ လုပ်ဆောင်မယ်ဆိုရင် ဘယ်လိုမှ ထိရောက်နိုင်မှာ မဟုတ်ပါဘူး။
ဒီတော့ ကုလသမဂ္ဂရော၊ အမေရိကန် အပါအဝင် နိုင်ငံတကာ အစိုးရတွေ အနေနဲ့ရော အသေအချာ ပြန်လည် သုံးသပ်ပြီး နည်းလမ်းတွေ ရှာဖွေ သင့်ပြီ ထင်ပါတယ်။ မြန်မာပြည်တွင်း လက်တွေ့ အခြေအနေတွေနဲ့ ကိုက်ညီတဲ့ နည်းလမ်းမျိုးတွေ ပေါ်ပေါက်လာဖို့ ကျွန်တော် ဆိုလိုတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUG MOFA
ဘီဘီစီ။ ။ ဒါဆို ကျွန်တော့်ကို ဥပမာတချို့ ပေးလို့ရမလား စကော့ရေ ... အာဆီယံ အပြင်ဘက် နည်းနာမျိုး ဆိုတာ ဘာတွေ ဖြစ်နိုင်မလဲ ... ဘယ်လို နည်းမျိုးတွေကို စဥ်းစားမိထားလဲ ... ။
စကော့မာဆီရယ်။ ။ ကျွန်တော့်အမြင်ကတော့ ... ပထမဆုံး အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကတော့ NUG နဲ့ကြား ဆက်ဆံရေး ပိုပြီး တိုးမြှင့် လုပ်ဆောင်သင့်ပါတယ်။ မြန်မာပြည်သူတွေကို ကိုယ်စားပြုခွင့် ရှိသူတွေ အဖြစ် လက်ရှိ အသိအမှတ်ပြု ဆက်ဆံနိုင်တာ NUG ဖြစ်တဲ့ အတွက် သူတို့နဲ့ ဆက်ဆံရေး တိုးမြှင့်တည်ဆောက်ပါ .... နောက်ပြီး ကျွန်တော် ထပ်ကျော့ ပြောရရင် မြန်မာ စစ်တပ်အပေါ် ဖိအားတွေ အဆုံးစွန် ပေးပါ။
စစ်တပ်အနေနဲ့ သူတို့ကိုယ်တိုင် ထွက်ပေါက် မရှာလို့တော့ မဖြစ်တော့ဘူး ဆိုပြီး တွေ့ကြုံ ခံစားလာရမယ့် အခြေအနေမျိုးထိ ရောက်အောင် နိုင်ငံတကာ ဖိအားတွေ ဘက်ပေါင်းစုံက ပေးဖို့ လိုပါတယ်။ သံခင်းတမန်ခင်း အသုံးအနှုန်းနဲ့ ဆိုရင်တော့ ဒိုင်ယာလော့ဂ်တွေ ပေါ်ပေါက်လာဖို့ လမ်းခင်း ပေးနိုင်တဲ့ အခြေအနေမျိုး ဖန်တီးပေးနိုင်ရေး ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒိုင်ယာလော့ဂ် ပေါ်ပေါက်လာနိုင်တဲ့ အခင်းအကျင်းမျိုး ရှိမနေသေးပါဘူး။ စစ်တပ်ကို ချည့်နဲ့ သွားအောင် ပြုလုပ်နိုင်မှသာ သူတို့ ကိုယ်တိုင် ထွက်ပေါက်ရရေး ပြုမူလာကြမှာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ စကော့ အနေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် အနေနဲ့ တာဝန် ထမ်းဆောင် ခဲ့စဥ်တုန်းက မြန်မာ စစ်တပ် ဘက်က အခုလိုမျိုး တကျော့ပြန် စစ်အာဏာသိမ်းတာမျိုး လုပ်ဆောင် လာနိုင်တယ်လို့ တွက်ဆ မိခဲ့တာမျိုး ရှိလား။
စကော့မာဆီယဲလ်။ ။ မြန်မာနိုင်ငံကို ကျွန်တော် စရောက်တာ ၂၀၁၆ အစောပိုင်းလတွေမှာပါ။ အဲဒီ အချိန်မှာ မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲတာတွေကို လုပ်ဖို့ စစ်တပ်ဘက်က အတော်အတန် လိုက်လျောနေတဲ့ အချိန် ဖြစ်ပါတယ်။
ကောင်းမွန်တဲ့ ရလဒ်တွေလည်း လက်တွေ့မှာ ရှိနေတာကြောင့် စစ်တပ်အနေနဲ့ အပြောင်းအလဲ ဖော်ဆောင်ရေးမှာ ဆက်ပြီး ပူးပေါင်း ပါဝင်နေမယ် ဆိုပြီး အဲဒီတုန်းကတော့ အကောင်းဆုံးကို မျှော်လင့်ခဲ့ပါတယ်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ သဘောပေါက်လာရတာက "ဒီမိုကရေစီ" အပေါ် မြန်မာ စစ်တပ်အနေနဲ့ တကယ်တမ်း သက်ဝင်ယုံကြည်မှု မရှိဘူး ဆိုတဲ့ အချက်ပါပဲ။ သူတို့ဟာ အာဏာရဲ့ အစိတ်အပိုင်း အတော်များများကို ဆက်လက် ဆုပ်ကိုင်ထားလိုတဲ့ အပြင်၊ ဒီမိုကရေစီရဲ့ အခြေခံ အကျဆုံးဖြစ်တဲ့ အရပ်သား အုပ်ချုပ်မှု၊ ပြည်သူက အာဏာပိုင်စိုးမှုဆိုတဲ့ အချက်ကိုတောင် လက်ခံနိုင်သူတွေ မဟုတ်ကြပါဘူး။
ဒါပေမယ့် သူတို့ စစ်အာဏာသိမ်းတဲ့ အထိ ပြန်လုပ်မယ်လို့ ကျွန်တော် မတွက်ဆမိခဲ့ပါဘူး။ စစ်အာဏာသိမ်းရင် သူတို့ ရမှာထက် ဆုံးရှုံးရမှာ ပိုများတယ်ဆိုတာ သူတို့ သဘောပေါက်ထားကြတယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။
အရပ်သား အုပ်ချုပ်မှု ဖော်ဆောင်မှသာ တိုင်းပြည်ရဲ့ အကျိုးစီးပွား ပိုမို ဖြစ်ထွန်းနိုင်ပြီး၊ တည်ငြိမ်မှုလည်း ပိုမို ရရှိနိုင်မယ်၊ စစ်တပ်အတွက်လည်း အကောင်းဆုံး ထွက်ပေါက် ဖြစ်လိမ့်မယ် ဆိုတဲ့ လမ်းကြောင်း တကယ်တမ်း ဖြစ်မလာခဲ့ပါဘူး။
ဘီဘီစီ။ ။ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အဖြစ် အင်မတန်မှ မလိုလားအပ်ဖွယ် အခြေအနေမျိုးတွေထဲ မြန်မာနိုင်ငံ သက်ဆင်းသွားရတယ်လို့ အကဲခတ်တွေက တညီတညွတ်တည်းပဲ ပြောကြပါတယ်။ အခုလို အခြေအနေမျိူးတွေမှာ မြန်မာကို ဘယ်လို အထိရောက်ဆုံး၊ အကောင်းဆုံး အကူအညီတွေ အမေရိကန် အစိုးရ အပါအဝင် နိုင်ငံတကာအနေနဲ့ ပေးနိုင်မယ် ထင်လဲခင်ဗျ ...။
စကော့မာဆီယဲလ်။ ။ ခင်ဗျားပြောတာ ဟုတ်ပါတယ်။ အခြေအနေတွေဟာ အင်မတန်မှ မလိုလားဖွယ် အခြေအနေတွေဖြစ်ပြီး၊ မြန်မာပြည်သူတွေဟာ နေ့စဥ်နဲ့အမျှ အင်မတန်မှ အတိဒုက္ခတွေ ခံစားနေရပါတယ်။ အားလုံးဟာ စစ်တပ်က ကျူးလွန်တဲ့ မှားယွင်းမှုကြောင့် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ဒီ အခြေအနေကြီးကို ရပ်တန့်နိုင်ဖို့ ဆိုတာက အလွယ်တကူနဲ့တော့ အဖြေရှာနိုင်မှာ မဟုတ်ပါဘူး။ ပဋိပက္ခတွေ၊ လူတွေရဲ့ ဆင်းရဲ ဒုက္ခရောက်မှုတွေကို ဝမ်းနည်းစွာနဲ့ပဲ ကာလတစ်ခုအကြာ ဆက်ပြီး မြင်တွေ့ နေရဦးမယ်လို့ ထင်ပါတယ်။
ဒါပေမယ့် အရေးအကြီးဆုံးကတော့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားနဲ့ ရပ်တည်မှုက ဘာလဲ၊ လက်တွေ့ မြေပြင်မှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာ အမှန်ကန်ဆုံး နားလည် သဘောပေါက်ဖို့ ၊ ဆန်းစစ်သုံးသပ်နိုင်ဖို့ လိုပါတယ်။
တချို့ အစိုးရတွေကတော့ မြန်မာစစ်တပ်ပဲ နိုင်သွားမှာပါပဲ... သူတို့ကို ဘယ်လို အန်တုနိုင်မလဲ ဆိုပြီး အလွယ်ပဲ မှန်းဆ ထင်မြင်တာမျိုးတွေ ရှိနေပါတယ်။ အဲဒီလို မှန်းဆမှုမျိုးတွေကို စပြီး ပြောင်းလဲရပါမယ်။
ကျွန်တော်ကတော့ စစ်ကောင်စီ ဆက်ပြီး တည်မြဲနေမယ်၊ အုပ်ချုပ်နေနိုင်မယ် ဆိုပြီး မယုံကြည်ပါဘူး။ ပြည်သူတွေဟာ စစ်တပ်အပေါ် မနက်ဖြန် သန်ဘက်ခါ အောင်ပွဲခံတော့မယ်လို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ... စစ်တပ် အုပ်ချုပ်မှုကို တွန်းလှန်ဖို့ရာ မြန်မာပြည်သူတွေ ဘယ်လောက် စည်းလုံး ညီညွတ်နေကြသလဲ ... ဘယ်လောက် စိတ်အားထက်သန်နေကြလဲ .... စိတ်ပိုင်းဖြတ်ထားလဲ ဆိုတာကို သဘောပေါက်သင့်ပါတယ်။
ဒီတော့ ပထမအဆင့် အနေနဲ့ မှန်းဆတာမျိုးတွေကို စွန့်လွှတ်ပြီး မြန်မာပြည်သူတွေရဲ့ ရုန်းကန်မှုတွေ အပေါ် အရင်းခံအတိုင်း သဘောပေါက် နားလည်သင့်ပါတယ်။ မြန်မာပြည်သူတွေဘက်က အပြည့်အဝ ထောက်ခံ အားပေး ရပ်တည်ရမှာ ဖြစ်ပါတယ်။
ခက်ခဲလှတဲ့ ကာလကြီးကို မြန်မာပြည်သူတွေ ကြံ့ကြံ့ခံ ဖြတ်ကျော်နိုင်ဖို့ စာနာမှုဆိုင်ရာ အကူအညီတွေရဖို့လည်း အင်မတန် လိုအပ်လှပါတယ်။ နိုင်ငံရေး အရ ဆိုရင်လည်း ကျွန်တော် အစောပိုင်းက ပြောခဲ့သလို စစ်တပ် အပေါ် ဖိအား အဆုံးစွန် သက်ရောက်စေတာ၊ တရားဝင်မှု လုံးဝ မပေးတာမျိုးတွေ လုပ်ရမှာ ဖြစ်သလို တစ်ဖက်မှာလည်း NUG နဲ့ NUCC အပါအဝင် လူမျိုးစု လက်နက်ကိုင် အင်အားစုတွေလို ထိတွေ့ ဆက်ဆံ သင့်တဲ့ သူတွေနဲ့ ဆက်ဆံရေး တိုးမြှင့် တည်ဆောက်တာမျိုးတွေ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ပြုလုပ်ပေးနိုင်ပါတယ်။










