ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပရီးမီးယားလိဂ် ချန်ပီယံ၊ ထိပ်ဆုံး ၄ သင်းနဲ့ အတန်းဆင်းမယ့် အသင်းတွေ အဖြေထုတ်ပေးမယ့် ပွဲစဥ် ၃၈
ဒီ ၂၀၂၁- ၂၂ ရာသီ ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံး ပွဲစဥ်တွေ ဒီကနေ့ ကစားကြတော့မှာပါ။
မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ အကြား ဘယ်သူက ချန်ပီယံ ဖြစ်မလဲ။ တော့တင်ဟမ်နဲ့ မြောက်လန်ဒန်ပြိုင်ဘက် အာဆင်နယ်တို့ ကြားမှာရော ဘယ်သူက ချန်ပီယံလိဂ် ဝင်ခွင့်ရမလဲ။ ချန်ပီယံရှစ် အတန်းကို ဆင်းရမှာကရော ဘန်လေလား လိဒ်စ် လား။
နောက်ဆုံးနေ့မှာ အဖြေမျိုးစုံကို ထုတ်ပေးသွားတော့မှာ ဖြစ်ပါတယ်။ ဒီလို ချန်ပီယံဆု၊ ထိပ်ဆုံး ၄ သင်းနဲ့ အတန်းဆင်းမယ့် အသင်း အကုန် ရာသီနောက်ဆုံးနေ့အထိ စောင့်ပြီးမှ အဖြေထုတ်နိုင်ခြင်း ဟာ ဒါဟာ ၁၀ နှစ်အတွင်း ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
မန်စီးတီးရဲ့ လက်ထဲမှာ
ဒီရာသီရဲ့ နောက်ဆုံးပွဲစဥ်တွေကို ကစားချိန်မှာ မန်ချက်စတာ စီးတီးက ဒုတိယနေရာက လီဗာပူးလ်ကို ၁ မှတ်အသာနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် သမိုင်းမှာ နောက်ဆုံးပွဲစဥ် ကစားတဲ့ အခါမှာ ဘယ်အသင်းမှ ဇယားထိပ်ဆုံးကနေစပြီး အောက်ဆင်းသွားရတာမျိုး မရှိခဲ့ဖူးတော့ မန်ချက်စတာ စီးတီးဟာလည်း သူ့လက်ထဲ ရောက်လုနေတဲ့ ဖလားကို အဆုံးရှုံးခံမယ့် ပုံတော့ မရှိပါဘူး။
ဒီရာသီမှာ စီးတီးဟာ ၂၈ ပွဲ အနိုင်နဲ့ ဇယားထိပ်မှာ ရပ်တည်နေနိုင်ပြီး လီဗာပူးလ်ကတော့ စီးတီးနောက်မှာ ဂဏန်း ၂ လုံးလောက် အမှတ်ပြတ်နေခဲ့ပြီးမှ တရိပ်ရိပ်နဲ့ ပြန်လိုက်လာခဲ့တာ ဖြစ်ပါတယ်။
မေလ ၂၂ ရက် တနင်္ဂနွေနေ့မှာ ပက်ပ်ဂွာဒီယိုလာရဲ့ အသင်းဟာ အက်စတန်ဗီလာ ကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပြီး နိုင်ခဲ့ရင် လီဗာပူးလ်က သူ့အိမ်ကွင်းမှာ ဝို့လ်ဗ်စ်ကို နိုင်ဦးတောင်မှ ၁ မှတ်အသာနဲ့ စီးတီး ချန်ပီယံ ဖြစ်ပါပြီ။ ဒီလိုသာ ဆိုရင် စပိန်လူမျိုး နည်းပြ ဂွာဒီယိုလာဟာ စီးတီးကို သူ ကိုင်နေတဲ့ ၆ နှစ်အတွင်း ၄ ကြိမ်မြောက် အမှတ်ပေး ချန်ပီယံဆုကို ရရှိသွားမှာပါ။
ပရီးမီးယားလိဂ် ချန်ပီယံသာ ဖြစ်ခဲ့ရင် စီးတီးအတွက် အက်ဖ်အေ ဖလားမှာ လီဗာပူးလ်ကို ရှုံးကြွေးဆပ်လိုက်သလိုလည်း ဖြစ်သွားနိုင်သလို ရီးယဲလ်မဒရစ်ကို ချန်ပီယံလိဂ်မှာ ရှုံးခဲ့ရတဲ့ ဒဏ်ရာတွေကိုလည်း သက်သာသွားစေမှာ ဖြစ်ပါတယ်။
နောက်ပြီး ဒီရာသီမှာ ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလားတွေ ရပြီး ဖြစ်ကာ ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲ ရောက်နေပြီမို့ သမိုင်းတွင်နိုင်မယ့် ဖလား ၄ လုံး ရရေး ချိန်နေတဲ့ ယာဂန် ကလော့ပ်နဲ့ သူ့အသင်းရဲ့ အိပ်မက်တွေကိုလည်း ရိုက်ချိုးလိုက်သလို ဖြစ်သွားမှာပါ။
ဆိုတော့ လီဗာပူးလ်က ဘာလုပ်နိုင်မလဲ။ သူ့အလုပ် သူလုပ်ရပါမယ်၊ ဝို့လ်ဗ်စ် ကို နိုင်အောင်ကစားဖို့ လိုပါတယ်။ ပြီးရင် အက်သီဟဒ်ကွင်းမှာ သူတို့ အသင်းခေါင်းဆောင်ဟေင်း စတီဗင် ဂျယ်ရတ်ဒ် နည်းပြလုပ်နေတဲ့ ဗီလာက သူတို့ကို ကူညီပေးသွားမလား မျှော်လင့်ရုံပဲ ရှိပါတယ်။ သူတို့ သရေကျပြီး စီးတီးက ရှုံးခဲ့ရင်တောင် ဂိုးကွာခြားချက် ရှိသေးတော့ သိပ်မျှော်လင့်လို့ မရပါဘူး။
ဒါပါနဲ့ဆို သူတို့ ၂ သင်း ထိပ်ဆုံး ၄ သင်း ဝင်တာ ၄ ရာသီ ရှိပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ တုန်းကလည်း ဒီလိုပဲ သူတို့ ၂ သင်း ၁ မှတ် အကွာနဲ့ အကြိတ်အနယ်ပြိုင်ခဲ့ရဖူးပါတယ်။
မြောက်လန်ဒန်က စတုတ္ထနေရာအတွက် လွန်ပွဲ
စပါးစ်အသင်းကို လှောင်ကြတဲ့ Spursy ဆိုတဲ့ စကားလုံး တစ်လုံး ရှိပါတယ်။ ဆိုလိုတာက တကယ် နိုင်ခါနီး အချိန်ကျမှ ရထားတဲ့ ဦးဆောင်မှုကို လက်လွှတ်ပေးလိုက်ရတာ အနိုင်ကနေ အရှုံးနဲ့ ကြုံလိုက်ရတာမျိုးပါ။
အခုတခါလည်း စပါးစ် ချန်ပီယံလိဂ်နေရာကို လက်လွှတ်ဖို့ ဆိုတာဟာ Spursy ကို အထူးစပယ်ရှယ်လုပ်မှပဲ ဖြစ်မှာပါ။
ပြီးခဲ့တဲ့ တနင်္ဂနွေက သူတို့က ဘန်လေအသင်းကို အနိုင်ရခဲ့ပြီး နောက်ရက်မှာ အာဆင်နယ်က နယူးကာဆယ်ကို ရှုံးခဲ့တာကြောင့် တော့တင်ဟမ်သည် ရာသီရဲ့ နောက်ဆုံးပွဲစဥ်ကို အာဆင်နယ်အထက် ၂ မှတ်အသာက ကစားရမှာ ဖြစ်ပါတယ်။
ဂိုးကွာခြားချက်ကလည်း အာဆင်နယ်ထက် သာနေတာကြောင့် နောက်ဆုံးနေ့မှာ ကွန်တေရဲ့ အသင်းက အတန်းဆင်းရမယ့် နောရစ်ချ်ကို သရေကစားရင်တောင် အခြေအနေ ကောင်းနေဦးမှာပါ။
အာဆင်နယ်ကတော့ အဲဗာတန်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပြီး အနိုင်ရဖို့ လိုပါတယ်။ တကယ်လို့သာ နောရစ်ချ်က မထင်မှတ်ဘဲ ကြောင်သေ ထခုတ်သလို စပါးစ်ကို အနိုင်ကစားလိုက်ပြီး အာဆင်နယ်ကလည်း အဲဗာတန်ကို နိုင်ခဲ့မယ်ဆိုရင်တော့ သူတို့ စတုတ္ထနေရာကို ရသွားနိုင်ပါတယ်။
ချန်ပီယံ ဖြစ်ရေးနဲ့ ချန်ပီယံလိဂ် ဝင်ရေးတွေသာမက နံပါတ် ၆ နဲ့ ၇ နေရာတွေကလည်း အကြိတ်အနယ် ရှိနေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်ကနံပါတ် ၆ ပါ၊ ဝက်စ်ဟမ်းက နံပါတ် ၇ ဖြစ်ပြီး သူတို့ ၂ သင်း တနင်္ဂနွေနေ့မှာ ရလာမယ့် အဖြေတွေက ယူရိုပါလိဂ် နဲ့ ပြိုင်ပွဲအသင်း ယူရိုပါ ကွန်းဖရန့်စ် လိဂ် ဘယ်အသင်း ဘယ်ပြိုင်ပွဲ ဝင်ရမလဲ ဆိုတာ အဖြေထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ယူနိုက်တက်အတွက် ခရစ္စတဲလ်ပဲလေ့စ်မှာ အနိုင်ကစားနိုင်ခဲ့ရင် သူတို့အတွက် စိတ်ပျက်စရာကောင်းတဲ့ ဒီဘောလုံး ရာသီကို ယူရိုပါလိဂ် ဝင်ခွင့်နဲ့ ပိတ်လိုက်နိုင်မှာ ဖြစ်ပါတယ်။ အဲလိုမဟုတ်ဘဲ တခြားရလဒ်တွေ ဆိုရင်၊ ဥပမာ သရေကျရင်တောင် ဂိုးကွာခြားချက်သာတဲ့ ဝက်စ်ဟမ်းကသာ ဘရိုက်တန်ကို အဝေးကွင်းပွဲ နိုင်လို့ကတော့ ကွန်ဖရန့်စ်လိဂ်ပဲ ကန်ခွင့် ရတော့မှာ ဖြစ်ပါတယ်။
နောက်ပြီး ရာသီနောက်ဆုံးနေ့မှာ အဆင့်တက်ဖို့ ကြိုးစားကြမယ့် အသင်းတွေကိုလည်း မြင်ရဦးမှာပါ၊ မြင်ရဆို တစ်ဆင့်တက်တိုင်း ပေါင် ၃ သန်း ရမှာ ဖြစ်လို့ပါ။ ဥပမာ ပြရရင် အက်စတန်ဗီလာ ဆိုပါစို့၊ သူတို့ဟာ လက်ရှိ နံပါတ် ၁၄ မှာပါ၊ တကယ်လို့သာ သူတို့ဟာ ၃ မှတ်ရအောင် ကစားနိုင်ရင် နံပါတ် ၁၀ အထိ တက်လာမှာ ဖြစ်ပါတယ်။ ဆိုတော့ ပေါင် ၁၂ သန်း ထပ်ဝင်မှာပါ။
တန်းဆင်းမှာက ဘန်လေလား လိဒ်စ်လား
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဂွတ်ဒင်ဆင် ပါ့ခ်မှာ အဲဗာတန်က ခရစ္စတဲလ်ပဲလေ့စ်ကို အရှုံးကနေ အနိုင်ရတဲ့ အထိ လိုက်ကစားပြီး ၃ မှတ် ယူသွားတဲ့ နောက်မှာ ဘန်လေနဲ့ လိဒ်စ်တို့ပဲ အတန်းမဆင်းရေး အကြိတ်အနယ် ကစားကြရတော့မှာ ဖြစ်ပါတယ်။
သူတို့ ၂ သင်းဟာ ၃၅ မှတ် ရတာချင်း တူပေမယ့် ဘန်လေက ဂိုးကွာခြားမှုမှာ သာပါတယ်။ ဆိုတော့ နောက်ဆုံးနေ့မှာ လိဒ်စ် ဘယ်လို ရလဒ်ပဲ ရရ အဲဒီအတိုင်း ဘန်လေကလည်း ရသွားရင် ပရီးမီးယားလိဂ်မှာ ဘန်လေပဲ ကျန်ခဲ့မှာ ဖြစ်ပါတယ်။
နောက်ပြီး တနင်္ဂနွေနေ့မှာ သူတို့က အိမ်ကွင်းမှာ ကစားရမှာပါ၊ တခုပဲ ရှိပါတယ်။ သူတို့နဲ့ တွေ့မှာက ဇယားရဲ့ ထိပ်ဆုံး ၁၀ သင်းထဲ ဝင်ချင်နေတဲ့ နယူးကာဆယ် ဖြစ်ပါတယ်။
ဂျက်ဆီမာ့ရှ်နဲ့ သူ့ရဲ့ လိဒ်စ်အသင်းကတော့ ဘရဲန့်ဖို့ဒ်မှာ သွားကစားရမှာ ဖြစ်ပါတယ်။ ဘရဲန့်ဖို့ဒ်ဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၄ ပွဲမှာ ဂိုးမပေးထားပါဘူး။ လိဒ်စ်ကလည်း ၁၉၅၀ နောက်ပိုင်း အဲဒီကွင်းမှာ မနိုင်ဖူးတော့ အခြေအနေတွေက လိဒ်စ်ဘက်မှာ ရှိမနေပါဘူး။
ရွှေဖိနပ်၊ ရွှေလက်အိတ်နဲ့ တခြား စိတ်ဝင်စားစရာ
မန်ချက်စတာ စီးတီးနဲ့ လီဗာပူးလ် တို့ဟာ ချန်ပီယံ ဖြစ်ရေးသာ ပြိုင်နေတာ မဟုတ်ပါဘူး။ သူတို့ ဂိုးသမား နှစ်ယောက်ကလည်း ဂိုးမပေးရတဲ့ ပွဲ ၂၀ စီ ရထားပြီး ဖြစ်တာကြောင့် ရွှေလက်အိတ်ဆုကို အပြိုင်ချိန်နေကြတာ ဖြစ်ပါတယ်။
ရွှေဖိနပ် ဆုမှာတော့ စီးတီးက ကစားသမားမပါပေမယ့် လစ်ဗာပူးလ်က မိုဟာမက် ဆာလာနဲ့ တော့တင်ဟမ်က ဆန်ဟျွန်မင်းတို့ ကြားမှာ ဂိုးက တစ်လုံးပဲကွာတာ ဖြစ်ပါတယ်၊ ဆာလာ ရရင် သူ့အတွက် ၂၀၁၇-၁၈ နဲ့ ၂၀၁၈- ၁၉ ရာသီတွေအပြင် တတိယမြောက် ရွှေဖိနပ်ဆုကို ရတာ ဖြစ်ပါလိမ့်မယ်။ ဆန်ဟျွန်မင်းက ဆာလာကို ကျော်သွားနိုင်ရင် သူ့အတွက် ပထမဆုံး ရွှေဖိနပ်ကို ရမှာ ဖြစ်ပါတယ်။
Golden boot 2021-22
PlayerTeamGoals
Mohamed SalahLiverpool22
Son Heung-minTottenham21
Cristiano RonaldoManchester United18
၁၈ ဂိုးသွင်းထားတဲ့ သူကတော့ ဖန်တီးမှုနည်းပြီး ခြေပျက်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရုန်းရင် ကန်ရင်းနဲ့ ဂိုးတွေ သွင်းထားပေးတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုပဲ ဖြစ်ပါတယ်။ ယူနိုက်တက်မှာ နည်းပြသစ် အဲရစ် တန်ဟဂ် ရောက်လာပြီ ဖြစ်ပြီး ခြေစွမ်းမပြနိုင်တဲ့ အသင်းကို မြေလှန်ပစ်တော့မယ်လို့ ပြောနေကြတော့ ၃၇ နှစ်သားကြီးကို နောက်ရာသီမှာ ဒီအသင်းမှာ တွေ့ရဖို့ သိပ်မသေချာသလို ဖြစ်နေပါတယ်။
ရော်နယ်ဒို အသင်းက ခွာမလား အသင်းပြောင်းမလား သေချာ မပြောနိုင်သေးပေမယ့် အသင်းကနေ အသေအချာ ထွက်သွားမယ့် ကစား သမားတွေလည်း ရှိပါတယ်။ မန်ယူကသာ မက တခြား အသင်းတွေကလည်း ထွက်သွားကြမယ့် ကစားသမားတွေ ရှိကြပါတယ်။ အဲဒီထဲမှာ ချဲလ်ဆီးက နောက်ခံလူ အန်တိုနီယို ရူဒီဂါလည်း အပါအဝင် ဖြစ်ပါတယ်။ သူ့ကို နောက်ရာသီမှာ ချဲလ်ဆီးရဲ့ အပြာအစား အဖြူ ထက်အောက် ဆင်တူဝတ်ပြီး ရီးယဲလ်မဒရစ်မှာ ကစားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းက ဘရိုက်တန်နဲ့ ကစားမယ့် ပွဲဟာလည်း သူတို့ရဲ့ ကစားသမား နှစ်ဦးအတွက် အသင်းမှာ နောက်ဆုံး ပွဲတွေ ဖြစ်လာနိုင်ပါတယ်။ မာ့ခ်နိုဘဲလ်က အနားယူတော့မှာ ဖြစ်ပြီး အောန်ဒရေ ယာမာလန်ကိုက စာချုပ်စေ့သွားပြီ ဖြစ်ပါတယ်။
နောက် အာဆင်နယ်မှာရော အလက်ဇန္ဒား လက်ကာဇက်နဲ့ အက်ဒီအန်ကက်တီးယားတို့ အသင်းကို နှုတ်ဆက်သွားတော့မလား။ လီဗာပူးလ်က ဒီဗော့ သြော်ရီဂီရော့ နောက်ဆုံးပွဲစဥ်မှာ ပရိတ်သတ်ကို နှုတ်ဆက်နိုင်မလား။
ဘရဲန့်ဖို့ဒ်မှာ ခြေစွမ်းပြနေတဲ့ ခရစ္စတီယန် အဲရစ်ဆင်ရော သူ့ ဘောလုံးတစ်ကျော့ပြန် ခရီးကို ကူညီပေးခဲ့ကြတဲ့ ဒီအသင်းနဲ့ ပရိတ်သတ်တွေကို ကျေးဇူးပါ၊ သွားလိုက်ဦးမယ်နော်လို့ နှုတ်ဆက်သွားတော့မလား။
မေးခွန်းများစွာရဲ့ အဖြေများကို ၂၀၂၁- ၂၂ ပရီမီးယားလိဂ်ရဲ့ နောက်ဆုံးပွဲစဥ် ၃၈ ကျင်းပမယ့် ဒီ မေလ ၂၂ ရက် တနင်္ဂနွေနေ့မှာ ထုတ်ပေးသွားတော့မှာပါ။