စစ်ကိုင်း ခင်ဦးအနှံ့က ထိုးစစ်တွေကြောင့် လူသောင်းချီ စစ်ရှောင်နေရ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦး မြို့နယ်သတင်းမှန်ပြန်ကြားရေး
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးဘက်က ရွာတွေကို စစ်ကောင်စီက တောက်လျှောက်ထိုးစစ်ဆင်နေပြီး ရွာပေါင်း ၃၀ ကျော်ကို အခု တစ်လအတွင်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အင်းပက်ကျေးရွာ၊ သံဘိုကျေးရွာ၊ ငါးတင်းကြီးကျေးရွာ၊ ကုလားလူးကျေးရွာ၊ တမုတ်ကျေးရွာ၊ ရှားလွင်ကျေးရွာစတဲ့ ရွာပေါင်း ၃၀ ကျော်ကို စစ်ကောင်စီက မီးရှို့ခဲ့ပြီး အိမ်ခြေပေါင်း ၁၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ခင်ဦးဒေသကာကွယ်ရေးတွေထံက သိရပါတယ်။
အခုလို ဆက်တိုက် တစ်ရွာပြီးတစ်ရွာ နေ့စဉ်မီးရှို့နေတာဟာ ဒေသကာကွယ်ရေးတပ်တွေကို ထောက်ပံ့နေတာကြောင့်လို့ ပြောဆို စွပ်စွဲပြီး အိမ်တွေက တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ယူပြီး နေအိမ်တွေကို မီးနဲ့ ရှို့ခဲ့တာလို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကောင်စီကဘက်ကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ တိုက်ခိုက်မှုတွေ ရှိနေတဲ့အကြောင်းကို ပြောထားပေမဲ့ လတ်တလော ဒီဒေသဘက်က အခြေအနေတွေကို ပြောဆိုထားတာ မရှိသေးပါဘူး။ တိုက်ပွဲနဲ့ ရွာမီးလောင်မှုတွေမှာလည်း နှစ်ဖက် အပြန်အလှန် စွပ်စွဲထားတာတွေလည်း ရှိပါတယ်။
" စစ်တပ်က မီးရှို့တဲ့ ရည်ရွယ်ချက်ကတော့ ပိုက်ဆံရှိမယ်ထင်တဲ့ အိမ်ကြီးအိမ်ကောင်းတွေပေါ်ကို တက်တယ်။ ပစ္စည်းယူတယ်။ အိမ်ကိုမီးရှို့ခဲ့တယ်။ သူတို့ယူဆတာကတော့ ပိုက်ဆံမရှိရင် ထောက်ပံ့မှုတွေ မလုပ်နိုင်တော့ဘူးလို့ ထင်နေပုံပါပဲ။ ပါးစပ်ကလည်း အဲဒီလို အော်ဟစ်ပြောဆိုတာတွေရှိတယ် " လို့ ခင်ဦးမြို့နယ် မဒေါင်းလှရွာက အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
အခု မေလ ဆန်းပိုင်းမှာ ခင်ဦးဘက်က ဒေသကာကွယ်ရေးတပ်တွေရဲ့ လက်နက်ပစ္စည်းတွေထားတဲ့ နေရာတွေကိုလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာကြောင့် လက်နက်တွေအများစု ဆုံးရှုံးသွားပြီးတဲ့နောက်မှာ ဒေသကာကွယ်ရေးတပ်တွေဘက်က တိုက်ခိုက်ရေးတွေ အနည်းငယ် ရပ်နားဖို့ရှိတယ်လို့ ထုတ်ပြန်လိုက်တာတွေ ရှိပါတယ်။
အဲဒီနောက်ပိုင်း စစ်ကောင်စီက ပိုပြီး အင်အားတိုးနေရာယူလာပြီး အရင်ထက် ရွာတွေကို မီးရှို့တာ ပစ္စည်းယူတာတွေ ဆက်တိုက်ပိုဖြစ်လာတာလို့ ဒေသခံတွေက ယူဆပြောဆိုနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ခင်ဦး မြို့နယ်သတင်းမှန်ပြန်ကြားရေး
"ပိုဆိုးလာတာပေါ့။ မနက်ဆိုလည်း ၄နာရီလောက်ဆို ရွာထဲ၀င်လာတာတွေ ရှိတယ်။ ၀င်လာပြီးရင်တော့ ကောင်းကောင်းပြန်မထွက်သွားဘူး။ မီးရှို့ခဲ့တော့တာပဲ။ ကျွန်မတို့တွေလည်း ပြေးနေရတာ။ ရွာထဲ ပြန်မ၀င်နိုင်ဘူး။ ဘယ်လိုပိုဆိုးလာလဲဆိုတော့ စစ်ကြောင်းတွေ့ရင် ပြေးသာပြေးတော့ အရိပ်မြင်တာနဲ့ ပစ်သတ်တော့တာပဲ။"
"နောက် မြို့ပေါ်တွေမှာလည်း ပေါ်ပေါ်ထင်ထင်သွားလာလို့ မရတော့ဘဲ ဂိတ်တွေထားပြီး စစ်ဆေးလာတယ်။ ပစ္စည်းယူတယ်။ အရက်ဆိုင် အရက်၀င်သောက်တယ်။ မပေးဘူးဆို ပါးရိုက်တယ်။ အမျိုးသမီးတွေဆိုရင် ထိကပါး ရိကပါးလုပ်တယ်။ အများကြီးပဲ ခံနေရတာ " လို့ ခင်ဦးဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
ခင်ဦးဘက်က ရွာတွေမှာ စစ်ကောင်စီအပါအ၀င် စစ်ကောင်စီကို ထောက်ခံတဲ့ ပျူစောထီးအင်အားကလည်း လူဦးရေ မနည်းတာကြောင့် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဆိုကြပါတယ်။
မဒေါင်းလှရွာဆိုရင် အိမ်ခြေ ၁၃၀ ရှိတဲ့ ရွာဖြစ်ပြီး အိမ်ခြေ ၁၀၀ လောက်က စစ်ကောင်စီတပ်တွေကို ထောက်ခံတဲ့ နေအိမ်တွေဖြစ်ပြီး ကျန်အိမ်ခြေ ၃၀ ကျော်က လူတွေ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ပျူစောထီးတွေကလည်း စစ်ကောင်စီလိုပဲ နေအိမ်တွေက ပစ္စည်းတွေ လုယူတာ၊ဖျက်ဆီးတာတွေအပြင် တိမ်းရှောင်နေကြရတဲ့ ဒေသခံတွေရဲ့ ကျန်ခဲ့တဲ့ မရိတ်သိမ်းနိုင်သေးတဲ့ စပါးတွေ ပဲတွေကအစ ယူရိတ်သိမ်းလိုက်တာတွေရှိတဲ့အပြင် လယ်တွေကိုပါ လက်စဖျောက် မီးရှို့တာတွေ တွေ့နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
မဒေါင်းလှရွာက ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
" ထွက်ပြေးကြရတော့ မရိတ်လိုက်ရတဲ့ စပါးတွေကိုလည်း ပျူတွေရဲ့ ပျူခေါင်းဆောင်က ရိတ်ပစ်ပြီး ရောင်းစားပစ်တယ်။ အိမ်တွေမှာ ကျန်ခဲ့တဲ့ လယ်ထွန်စက်၊ သွင်းအားစု စတာတွေကိုလည်း အကုန်သိမ်းတယ်။ တော်တော်များများကတော့ နေကိုမနေရဲလို့ တောထဲပြေးပြီ။ ကျန်ခဲ့တာတော့ ပျူတွေများတယ်။ "
သူကဆက်ပြီး " ဘာတွေကြုံလဲဆိုတော့ ပျူတွေက ပျူခေါင်းဆောင်ကို ဗိုလ် ၊ သူ့မိန်းမကို ဗိုလ်ကတော် ခေါ်ခိုင်းတယ်။ ဒုတိယခေါင်းဆောင်ဆိုလည်း ဒုဗိုလ်၊ သူ့မိန်းမကို ဒုဗိုလ်ကတော် ခေါ်ခိုင်းတယ်။ တစ်ရွာလုံးကို အုပ်ချုပ်နေတယ်" လို့ ကြုံရပုံကို ပြောပြတာပါ။
မြို့တွေ ရွာတွေအပြင် လမ်းဘေးမှာ တဲထိုးပြီး စစ်ရှောင်နေတဲ့ နေရာတွေအထိလိုက်ပြီး ကျွဲ၊နွား၊၀က်၊ကြက် စတာတွေကို သေနတ်နဲ့ပစ်သတ်ပြီး ရိက္ခာအဖြစ် ယူဆောင်သွားတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် စားသောက်စရာတွေကို အပိုမထားရဲလောက်တဲ့အထိဖြစ်လာတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
" ဆန်တွေ့ ဆန်ယူတယ်ဗျာ၊ ကျွဲတွေ့ ကျွဲပစ်သတ်တယ်။ ၀က်တွေ့ ၀က်ပစ်သတ်ပြီး တင်သွားတယ်။ ဘာမှ အပိုမထားရဲလောက်အောင်ပဲ။ လူလည်းပြေး ရိက္ခာလည်းမရှိတဲ့ အနေအထားနဲ့ ကြုံနေရတယ် " လို့ တိမ်းရှောင်နေတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။
လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာတွေလည်း ရှိနေပြီး လက်နက်ကြီးတွေနဲ့ ရွာတွေကို တည်ပြီး ပစ်ခတ်တာကြောင့်လည်း အရပ်သားနဲ့ ဒေသကာကွယ်ရေးတပ်က ရဲဘော်တွေ သေဆုံးသူ စုစုပေါင်း ၁၅၀ ကျော် အထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၉၀ ကျော် ရှိနေပြီလို့ သိရပါတယ်။
အခုလို နယ်မြေ အသာစီးရဖို့စစ်ကောင်စီက အင်အားတိုးချဲ့ပြီး မီးရှို့တာတွေ ဆက်တိုက်လုပ်နေတဲ့ အပေါ် ခင်ဦးဒေသကာကွယ်ရေးတပ်တွေဘက်က အခုလို ပြောလာပါတယ်။
ခင်ဦး ဘက်က ဒေသကာကွယ်ရေး တာ၀န်ခံက " ကျွန်တော်တို့လက်နက်နဲ့ သူတို့နဲ့ မမျှလို့ ခဏ တိမ်းပေးတဲ့ သဘောပါပဲ။ ကျွန်တော်တို့နယ်မြေကို ကျွန်တော်တို့ လက်လွတ်မခံပါဘူး။ ပြန်ရအောင် ယူမှာပါ" လို့ ဆိုပါတယ်။
ရေဦး-ခင်ဦး-ရွှေဘို-ညောင်ပင်သာ ကားလမ်း တစ်လျှောက်မှာ အရင်က ဒေသကာကွယ်ရေးတပ်တွေ နယ်မြေအသာစီးရထားပေမယ့် အခုနောက်ပိုင်း မေလထဲကစပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ အင်အားပိုတိုးချဲ့လာတာတွေ ရှိပြီး စစ်အင်အား ၂၀၀ ကျော်လောက်အထိ ရေဦး-ခင်ဦး ကားလမ်းတစ်လျှောက်ကရွာတွေအနီးမှာ တပ်စွဲထားပြီး စစ်ကောင်စီက နယ်မြေစိုးမိုးဖို့ ကြိုးစားနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ခင်ဦး မြို့နယ်သတင်းမှန်ပြန်ကြားရေး
မေလ ၁၂ ရက်နေ့မှာလည်း ခင်ဦးဘက်ကကျေးရွာ လေးရွာကို မီးရှို့ပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့ပါတယ်။
ဒေသခံ ၆ ဦးကိုလည်း ဖမ်းဆီးသွားပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
လက်ရှိမှာတော့ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ တပ်တွေကြား ထိတွေ့တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ခဲ့တယ်လို့ အဲဒီဒေသက အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ ဒေသအဖွဲ့အစည်းတွေထံက သိရပါတယ်။
ခင်ဦးမြို့နယ်ဟာ နောက်ဆုံးကောက်ယူထားတဲ့ စာရင်းအရ လူ တစ်သိန်းကျော် ရှိပါတယ်။
အခုဆိုရင် ခင်ဦးအနောက်ဘက်ခြမ်းမှာ ရွာပေါင်း ၄၀ ကျော်ရှိတဲ့အနက် ပျူစောထီးတွေနဲ့စစ်ကောင်စီတပ်စွဲထားတဲ့ ပျဉ်ထောင်၊ မဒေါင်းလှ၊ ရသေ့ကုန်း၊ မန်ကျီးတုံ ရွာတွေကလွဲလို့ ရွာပေါင်း ထက်ဝက်ကျော် တိမ်းရှောင်နေကြရတယ်လို့ ဒေသအဖွဲ့အစည်းတွေထံက သိရပါတယ်။










