နယ်စပ်လမ်းကဘဝများ - သွေးနဲ့ရေးတဲ့ စုတ်ချက်တွေ

ထိုင်း-မြန်မာနယ်စပ် မြို့ကလေးရဲ့ မြို့စွန်ရပ်ကွက် တစ်နေရာက ဆယ်ပေ ပတ်ချာလည် အခန်းကျဉ်းလေးဟာ ဧပြီလ အပူချိန်အောက်မှာ ချွေးတဒီးဒီးကျရတဲ့အထိ ပူလောင်နေပါတယ်။
အခန်းထောင့်က လျှပ်စစ်ပန်ကာနှစ်လုံးက တကျီကျီနဲ့ မြည်အောင်အသံထွက်ပြီး လေပူတွေ မှုတ်ထုတ်နေပေမယ့် ၃၅ ဒီဂရီလောက်ပူနေတဲ့ အခန်းထဲက နွေရဲ့အပူဒဏ်ကတော့ လျော့မသွားခဲ့ပါဘူး။
အခန်းထဲမှာတော့ တစ်ပေသာသာ စားပွဲခုံလေးပေါ်မှာ ပန်းချီကားချပ်တစ်ခုကို ခုံပေါ်တင်ပြီး ပုံဆွဲနေသူ မြန်မာအမျိုးသမီး တစ်ဦးရှိပါတယ်။
သူက စုတ်တံတစ်ချောင်းနဲ့ ဟန်ပါပါရေးဆွဲနေတဲ့ ပန်းချီကားကတော့ မိသားစုသုံးဦး ပုံလေးပါ။
ဒီအမျိုးသမီးက သူဟာ ပန်းချီပညာကိုနည်းစနစ်ကျကျ သင်ခဲ့ရတာမဟုတ်ဘဲ အွန်လိုင်းယူကျုပေါ်ကနေ လေ့လာရင်း ပန်းချီဆွဲတတ်လာတာလို့ ဆိုပါတယ်။
သူ ဘာကြောင့် ပန်းချီဆွဲနေရတာလဲလို့ ဘီဘီစီကမေးတဲ့အခါမှာတော့ တော်လှန်ရေးအတွက် အလှူငွေ ရအောင်ပန်းချီဆွဲနေတာလို့ ခပ်တိုတိုပြန်ဖြေပါတယ်။
အသက်သုံးဆယ်ဝန်းကျင်ရှိတဲ့ မသီတာ (အမည်လွှဲ)ဟာ ကိုယ်တိုင်ကလည်း အကြမ်းမဖက် အာဏာဖီဆန်ရေး CDM ပါဝင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဇနီးမယားဖြစ်ပါတယ်။ သူ့အမျိုးသား ဒီလို CDM ပါဝင်လာဖို့လည်း သူကိုယ်တိုင် ဦးဆောင် ချိတ်ဆက်ပေးခဲ့တာဖြစ်ပြီး အခုလည်း အလှူငွေရှာဖွေဖို့ ကိုယ်တိုင်ပန်းချီတွေဆွဲနေခဲ့တာလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Facebook
"ဒီမှာ နေတဲ့လူ(၅)ယောက်လောက်စုပြီး ပန်းချီဆွဲကြတယ်၊ သွေးနဲ့ရေးတဲ့စုတ်ချက်ဆိုတဲ့ ဖေ့ဘွတ်ခ် ပေချ်ထောင်ထားပြီး လိုက်ဖ်လွှင့် လေလံတင် ပန်းချီရောင်းပါတယ်။ လုပ်တာမကြာသေးပါဘူး" လို့ မသီတာရဲ့ခင်ပွန်းလည်းဖြစ်၊ CDM ရဲတပ်သားလည်းဖြစ်တဲ့ ကိုမြင့် (အမည်လွှဲ)က ဘီဘီစီကို ပြောပါတယ်။
ကိုမြင့်ဟာ မန္တလေးတိုင်း၊ မိုးကုတ် မြို့မ ရဲစခန်းကနေ CDM ပါဝင်လာခဲ့တဲ့ ရဲတပ်သားတစ်ဦး ဖြစ်ပါတယ်။
ကိုမြင့်က ဒီလိုပန်းချီဆွဲရတဲ့အကြောင်း ဘီဘီစီကို ရှင်းပြနေတဲ့အချိန်မှာတောင် မသီတာက ပန်းချီကို စိတ်ဝင်တစား ဆက်ဆွဲနေခဲ့ပါတယ်။ မသီတာအသုံးပြုတဲ့ ရေဆေးတွေကလည်း ပန်းချီဆရာတွေ အသုံးပြုကြတဲ့ ရေဆေးကောင်းကောင်းတွေ မဟုတ်ပါဘူး။ ပန်းချီဆွဲတဲ့ စုတ်တံတွေကလည်း အရွယ်စုံရှိမနေဘဲ သုံးလေးချောင်းနဲ့ သူ့ပန်းချီကားတွေကို စိတ်ကြိုက် အရောင်ခြယ်နေပါတယ်။
ပန်းချီဆွဲနေတဲ့ မသီတာအနားက ပန်ကာရှေ့မှာ လေးနှစ်အရွယ်သားလေးက တယ်လီဖုန်းဂိမ်းကို ကစားနေခဲ့ပါတယ်။ နွေရာသီအပူချိန် ၃၅ဒီဂရီ စင်တီဂရိတ်ရှိတဲ့ ဒေသက သူတို့မိသားစု နေထိုင်ရတဲ့ ဒီအခန်းလေးဟာ ပန်ကာမဖွင့်ထားရင် အသက်ရှုမဝတော့တဲ့အထိ လှောင်ပိတ်ပိတ် အနေအထားမှာ ရှိပါတယ်။
ဒီလို အခန်းကျဉ်းကနေ ပိုပြီး သက်သောင့်သက်သာရှိတဲ့ နေရာကို သူတို့ဇနီးမောင်နှံ ပြောင်းရွှေ့ဖို့ကလည်း မလွယ်ကူပါဘူး။ ဒီဇနီးမောင်နှံမှာ ကိုယ်စီအလုပ်တွေလည်း မရှိကြသလို ဝင်ငွေလည်းမရကြပါဘူး။ ဘာကြောင့်လဲဆိုတော့ CDM ပါဝင်ရင်း ထိုင်း - မြန်မာ နယ်စပ်တစ်နေရာမှာ နေထိုင်နေရတာကြောင့် သူတို့ဟာ တရားမဝင်နေထိုင်သူအဖြစ် ရပ်တည်နေရတာပါ။
"ဝင်ငွေလည်းမရှိဘူး၊ စောင့်ရှောက်ပေးသူက ပေးသလောက်သုံးရတယ်။ အပြင်လည်းမထွက်ရဲဘူး၊ ဒီက အာဏာပိုင်ရဲတွေ ဖမ်းမှာကလည်း ကြောက်နေရတယ်"လို့ မြန်မာပြည်က CDM ရဲတပ်သားကိုမြင့်က သူ့ရဲ့ ပကတိအခြေအနေကို ရှင်းပြပါတယ်။
ဒီ အခြေအနေဟာ ကိုမြင့်တို့ မိသားစုသာမက ဒီနယ်စပ်မှာ လာရောက်ခိုလှုံနေရတဲ့ CDM ရဲ၊ စစ်သားတွေအပါအဝင် ခိုလှုံသူတိုင်း ရင်ဆိုင်နေရတဲ့ လက်တွေ့အခြေအနေ ဖြစ်ပါတယ်။

နယ်စပ်မှာ ဘယ်လိုနေထိုင်ကြရလဲ
ဘတ် ၁၀၀၀ ကျော် ၂၀၀၀ ဝန်းကျင်ကအစ ဘတ် ၄၀၀၀၊ ၅၀၀၀ အထိ ငှားခပေးရတဲ့ အခန်းလေးတွေမှာ မိသားစုလိုက်ဖြစ်စေ၊ အုပ်စုဖွဲ့ ဖြစ်စေ သူတို့ နေထိုင်ကြရပါတယ်။ ဧည့်ခန်း၊ အိပ်ခန်း၊ ထမင်းစားခန်းဆိုပြီး သီးသန့် မရှိကြဘဲ အဆင်ပြေသလို ကျောတစ်ခင်းစာ အိပ်စက်နိုင်ဖို့က သူတို့အတွက် အဓိကဖြစ်နေပါတယ်။ စားရေးသောက်ရေးအတွက်ကလည်း အလှူရှင်တွေရဲ့ ထောက်ပံ့မှုကို အဓိက အားထားနေရပြန်ပါတယ်။
"စားဝတ်နေရေးက အလှူရှင်လှူတယ်၊ ဆန် ဆီ အသားငါးလှူကြတယ်" လို့ ကိုမြင့်က စားဝတ်နေရေး ဖြေရှင်းရပုံကို ရှင်းပြပါတယ်။
ကိုမြင့်နဲ့ မသီတာတို့ ဇနီးမောင်နှံနေထိုင်တဲ့ နေရာတစ်ဝိုက်မှာ တခြား CDM စစ်သား၊ ရဲသားတွေအပါအဝင် လူဆယ်နဲ့ချီရှိနေပြီးသူတို့အားလုံးရဲ့ ထမင်းတစ်နပ်စာကို ဘတ် ၃၅၀၀နဲ့ လှူဒါန်းလို့ရတယ်လို့ ဆိုပါတယ်။ မြန်မာငွေနဲ့ တွက်ချက်မယ်ဆို ကာလတန်ဖိုး နှစ်သိန်းကျော် ကျသင့်ပါတယ်။ ဒါပေမဲ့ ဒီလိုအဖွဲ့အစည်းတွေနဲ့ မချိတ်ဆက်ထားဘဲ စားဝတ်နေရေးအတွက်ပါ ရုန်းကန်ရှာဖွေနေရပြီး အခက်အခဲတွေ ခါးစည်းခံနေရတဲ့ ထိုင်း မြန်မာ နယ်စပ်ရောက် CDM သမားတွေ အများကြီး ရှိနေပါသေးတယ်။
နေ့စဉ်သုံးစွဲဖို့ ငွေကြေးလိုအပ်သူတွေအတွက် ဒီနယ်စပ်ဒေသမှာ အလုပ်ဝင်လုပ်ဖို့ရာမှာလည်း အဆင်မပြေမှုတွေ အများကြီး ကြုံတွေ့ရတယ်လို့ နယ်စပ်ရောက် CDM သမားတွေက ဘီဘီစီကိုပြောပါတယ်။
တစ်ရက်ကို လုပ်အားခ ဘတ် ၁၀၀ ကျော်ရဖို့ ရေသန့်စက်ရုံ၊ ဆောက်လုပ်ရေးတွေအပြင် ယာလုပ်ငန်းဖြစ်တဲ့ ပြောင်းဖူးချိုးရ လယ်လုပ်ရတာတွေအထိပါ လူမသိသူမသိအောင် လုပ်ကိုင်ကြရပါတယ်။
ဒီထိုင်းနိုင်ငံမှာ တစ်ရက်လုပ်ခလစာဟာ ခရိုင်အလိုက်သတ်မှတ်ချက်အရ အနည်းဆုံး ဘတ် ၃၀၀ ပေါက်စျေးရှိပါတယ်။
ဒီလို အလုပ်လုပ်ကိုင်လို့ဖြစ်စေ၊ အပြင်သွားလာရင်းဖြစ်စေ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရရင် သူတို့အတွက် တစ်ပူပေါ်နှစ်ပူဆင့်သလို အခက်အခဲတွေ ဆက်တိုက် ကြုံတွေ့ လာရနိုင်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ အခက်အခဲတွေ ကြုံတွေ့နေရချိန်မှာတောင် အာဏာသိမ်းမှု ဆန့်ကျင်ရေး စိတ်ဓာတ်တွေက ကိုမြင့်နဲ့ မသီတာတို့ ဇနီးမောင်နှံမှာသာမက နယ်စပ်ရောက်နေသူတွေမှာ အခိုင်အမာရှိနေကြဆဲပါ။ မသီတာတစ်ယောက် အလှူငွေရဖို့ အွန်လိုင်းကပန်းချီဆွဲနည်းသင်ပြီး နေ့နေ့ညည ရေဆေးပန်းချီထိုင်ဆွဲ နေတာက သက်သေတစ်ခုပဲ ဖြစ်ပါတယ်။

"လစာက တစ်ယောက်စာပဲရတယ်၊ အလုပ်ကကျ သူရော ကျွန်မရော လုပ်ရတယ်။ လိုင်းခန်းမှာ နေရတယ်ဆိုပေမဲ့ တစ်နေကုန် သူတို့ အလုပ်တွေ လုပ်ရတယ်၊ ကလေးကြည့်ချိန် တောင်မရဘူး" လို့ ရဲတပ်သားတစ်ဦးရဲ့ ဇနီးမယားအဖြစ် ဝန်ထမ်းအိမ်ရာမှာ နေထိုင်ခဲ့ရချိန်က အခြေအနေကို မသီတာက ပြောပြပါတယ်။
တချိန်က ရဲဝန်ထမ်းအိမ်ရာမှာ နေထိုင်ရတာထက် ထိုင်း-မြန်မာနယ်စပ်က ဒီအခန်းကျဉ်းလေးထဲ နေထိုင်ရတာက မသီတာအတွက် ပိုပြီး သက်သောင့်သက်သာ ရှိနေပုံပေါ်ပါတယ်။ သူတို့ရဲ့ လေးနှစ်သားကလေးရဲ့ ရှေ့ရေးအတွက်လည်း ဇနီးမောင်နှံနှစ်ယောက် သေချာ စဉ်းစားတိုင်ပင်ထားပြီးပြီလို့ ကိုမြင့်ရော မသီတာကပါ ဘီဘီစီကို ပြောပါတယ်။
"တတိယနိုင်ငံသွားမှာပါ။ သြဇီ( သြစတေးလျ )ကို ဖောင်တင်ထားပါပြီ။ ဟိုရောက်ရင် ကလေးကိုကျောင်းထားမယ်၊ ကျွန်တော်တို့အလုပ်လုပ်ကြမယ်၊ လုပ်အားခကို တော်လှန်ရေးအတွက် ထောက်ပို့လုပ်မယ်"
ဒါဟာ CDM ရဲတပ်သား ကိုမြင့်တစ်ယောက် ရည်စူးထားတဲ့ အနာဂတ်စဉ်းစားချက်တစ်ခုလို့ဆိုပါတယ်။
CDM ပြည်သူ့စစ်သား၊ ရဲသားတွေရဲ့ တတိယနိုင်ငံအိပ်မက်
အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့တာကြောင့် ရာထူးစွန့်ခွာခဲ့ကြတဲ့ CDM ပါဝင်လာတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် တစ်သောင်းနီးပါး ရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။
အဲဒီထဲ CDM ရဲတပ်ဖွဲ့ဝင်အင်အား သီးသန့်က သုံးထောင်နီးပါးရှိနေပြီး NUG ပြည်ထဲရေးဝန်ကြီးဌာနရဲ့ CDM ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေး ကော်မတီနဲ့ ချိတ်ဆက်ကာ ကျရာ တာဝန်ထမ်းဆောင်နေကြပြီလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတုန်းဖြစ်ပေမဲ့ ပြည်သူ့ဘက်က ရပ်တည်နေတဲ့ Pre-CDM ရဲတပ်ဖွဲ့ဝင်အင်အား ၃၄ ဦးထိရှိပြီလို့လည်း NUG ဘက်က တရားဝင်ပြောထားပါတယ်။
ဒီလို အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်ကို စွန့်ခွာလာသူတွေဟာ လက်နက်ကိုင်ပြီး စစ်ကောင်စီကို ပြန်တိုက်ခိုက်နေတဲ့သူတွေ၊ နေရာအစုံကနေ နွေဦးတော်လှန်ရေး ကျရာကဏ္ဍ ကနေ ပါဝင်သူတွေရှိသလို သိုသိုသိပ်သိပ် နေထိုင်တဲ့သူတွေလည်းရှိတယ်လို့ CDM စစ်သားနဲ့ ရဲအသိုင်းအဝိုင်းက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, FB
အဲ့ဒီလို ရွေးချယ်ခွင့်တွေထဲက တစ်ခုဖြစ်တဲ့ တတိယနိုင်ငံတစ်ခုကိုသွားကာ အလုပ်လုပ်ကိုင် ဘဝအသစ် တစ်ခုစဖို့ ရွေးချယ်သူတွေလည်း ရှိကြပါတယ်။ CDM ရဲတပ်သားဖြစ်တဲ့ ကိုမြင့်ကတော့ ဒီလမ်းကြောင်းကို ရွေးချယ်ထားသူတွေထဲက တစ်ဦးဖြစ်ပါတယ်။
"လက်နက်ကိုင် ပြန်တိုက်ဖို့ကြတော့ မိသားစုရှိတာရော၊ ကျွန်တော်ကိုယ်တိုင်ကရော အဆင်မပြေဘူး။ အခု နိုင်သလောက် ထောက်ပို့ကူနေတယ်၊ တတိယနိုင်ငံရောက်ရင်လည်း လုပ်အားခနဲ့ ထောက်ပို့ပြန်လုပ်မယ်" လို့ ကိုမြင့်က သူ့ယူဆချက်ကို ပြောပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်အဖြစ်ကနေ စွန့်ခွာပြီး CDM ဝင်လာသူတွေနဲ့ ပြည်တွင်းမှာ မလုံခြုံမှုတွေနဲ့ ပြန်လည်ဖမ်းဆီးမှုတွေကြောင့်ပါ နေထိုင်ဖို့ အဆင်မပြေတာကြောင့် သူတို့နယ်စပ်ဒေသတွေကိုရောက်လာပြီး ခိုလှုံကြရပါတယ်။ ဒါပေမဲ့လည်း ဒီလိုနယ်စပ်မှာနေထိုင်ရင်း တရားမဝင်ရောက်ရှိမှု၊ မလုံခြုံမှုတွေကြောင့်ပဲ တတိယနိုင်ငံသွားဖို့ ရွေးချယ်ခဲ့ကြရပြန်ပါတယ်။ CDM ပါဝင်လာတဲ့ စစ်သားနဲ့ ရဲတွေဟာ ထိုင်း-မြန်မာနယ်စပ်မှာသာမက အိန္ဒိယ-မြန်မာနယ်စပ်မှာပါ ရှိနေကြဆဲဖြစ်ပါတယ်။
အဲဒီထဲက ထိုင်း-မြန်မာနယ်စပ်မှာ တတ်စွမ်းသလောက် ကူညီထောက်ပံ့ရင်း တတိယနိုင်ငံ ခိုလှုံခွင့်ရဖို့ ကိုမြင့်တို့ မိသားစု စောင့်ဆိုင်းနေကြပါတယ်။
"ဗီဇာဖောင်လည်းကျပြီ၊ Skype ကလည်း အင်တာဗျူးပြီးပြီ၊ ဆေးစစ်ဖို့ပဲကျန်တော့တယ်"လို့ ကိုမြင့်က ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကောင်စီကစွန့်ခွာလာကြဖို့ ကြိုဆိုနေကြသူများ
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ CDM ပါဝင်ဖို့ လှုပ်ရှားသူတွေက တိုက်တွန်းခဲ့ကြပါတယ်။ လက်ရှိအချိန်မှာ CDM ပါဝင်လာတဲ့ စစ်သားတွေကို ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်စတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ အကူအညီပေးနေကြပြီဖြစ်သလို ရှေ့တန်းကို ရောက်ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေ လက်နက်နဲ့တကွ ခိုလှုံလာခဲ့ရင် လုံခြုံရေးအတွက်ရော ငွေကြေးပါထောက်ပံ့မယ်လို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေဘက်ကလည်း ကြေညာထားတာကို တွေ့ရပါတယ်။
အဲ့ဒီလို ဖိတ်ခေါ်ချက်တွေအပြင် ထူးခြားချက်အနေနဲ့ ပြီးခဲ့တဲ့ မတ်လအတွင်း သြစတြေးလျနိုင်ငံကနေ CDM စစ်သားနဲ့ ရဲတွေကို ခိုလှုံခွင့်ပေးမယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ်။ ဒီလို သြစတြေးလျနိုင်ငံကလက်ခံ တယ်ဆိုတဲ့ သတင်းကလည်း စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်ဆဲသူတွေကြား ဂယက်ရိုက်ခဲ့တဲ့အထိ ခပ်မြန်မြန် သတင်းပျံ့ခဲ့တယ်လို့ CDM စစ်သားအသိုင်းအဝိုင်းက ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ တပ်ကို စွန့်ခွာထွက်ပြေးလာသူတွေဘယ်လောက်ရှိပြီဆိုတာ တိတိကျကျထုတ်ဖော် ပြောကြားတာမရှိသေးပါဘူး။
"နောင်မျိုးဆက်တွေ ကောင်းစားဖို့ ကျွန်တော်တို့လိုလူမျိုးတွေ အများကြီးပေါ်ဖို့လိုတယ်၊ အမှန်တရား ပြည်သူ့အတွက် လုပ်တာဖြစ်လို့ ကြုံနေရတာတွေဟာ အခက်အခဲမဟုတ်ဘူး။ ရင်ဆိုင်သွားမယ်။ စစ်ကောင်စီ ဒေါက်တိုင်တွေ မရှိကြဖို့ လိုတယ်"
၂၀၂၁ခုနှစ်၊ မတ်လ ၄ ရက်မှာ CDM ဝင်ခဲ့တဲ့ ကိုမြင့်တစ်ယောက် CDM သက်တမ်းတစ်နှစ်ကျော် ကြာလာပေမဲ့ သူ့ရဲ့ရွေးချယ်မှုအပေါ် နောင်တမရှိဘဲ ရင်ဆိုင်ဖြတ်သန်းနေတဲ့ အကြောင်း အခုလို ဘီဘီစီကို ပြောပြခဲ့တာဖြစ်ပါတယ်။
ကိုမြင့် CDM ရဲသားတစ်ဦးဖြစ်အောင် ဦးဆောင်ကူညီပေးခဲ့တဲ့ မသီတာကလည်း သူ့ရွေးချယ်မှုကို နောင်တမရဘူးလို့ ထပ်တူပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နွေရာသီရဲ့ ပူပြင်းမှုကြား ချွေးတွေ အဆက်မပြတ်ထွက်နေရင်း သူတို့ ဘဝဇာတ်ကြောင်းတွေကို ပြန်ပြောပြလိုက်၊ ပန်းချီဆွဲလိုက်နဲ့ မသီတာတစ်ယောက် ပေါ့ပေါ့ပါးပါး ရှိနေပါတယ်။
ကိုမြင့်ကလည်း လေးနှစ်သားလေးကို တယ်လီဖုန်းဂိမ်းကို အကြာကြီးမဆော့ဖို့ပြောရင်း နေ့လယ်စာ ထမင်းကျွေးဖို့ ပြင်ဆင်နေပါတယ်။ သားအဖနှစ်ယောက် အပြန်အလှန် ပြောဆိုတာကို ခဏ ခေါင်းမော့ကြည့်ပြီး ခပ်ပြုံးပြုံးလုပ်ကာ မသီတာ ပန်းချီဆက်ဆွဲနေပြန်ပါတယ်။
" ပန်းထိုးတာလောက်ပဲ လုပ်တတ်ခဲ့တာ။ အခုတော့ ပန်းချီသင်နေပြီ၊ စိတ်ဝင်စားတယ်လေ" လို့ မသီတာက ဘီဘီစီကို ပြောပြရင်း ခပ်သဲ့သဲ့ရယ်ကာ ဆေးရောင်ပေနေတဲ့ စုတ်တံကို ရေခွက်ထဲနှစ်ကာ မွှေနေခဲ့ပါတယ်။
ပိုင်ဆိုင်မှုအကုန်လုံးကို ရဲဝန်ထမ်းလိုင်းခန်းထဲမှာ ထားခဲ့ရပြီး တစ်နှစ်ကျော်လောက် လမ်းခရီးအစုံဖြတ်၊ တိုင်းတစ်ပါးနယ်စပ်မြို့လေးမှာ ရပ်တည် ဖြတ်သန်းနေရတဲ့ အခက်အခဲတွေဟာ သူ့ရဲ့ရယ်သံတွေကြားက လေးလေးလံလံ ရှိနေဆဲ ဖြစ်ပါတယ်။




