သက်ပြည့်ပင်စင် ၆၂ နှစ် ဘယ်သူတွေပါလို့ ဘယ်သူတွေကျန်မလဲ

မြန်မာနိုင်ငံမှာ အစိုးရဝန်ထမ်းတွေ သက်ပြည့် ပင်စင်ယူနိုင်တဲ့ အသက်ကို အသက် ၆၀ ကနေ ၆၂ နှစ်ကို တိုးမြှင့် သတ်မှတ်လိုက်တဲ့အတွက် ဝန်ထမ်းတွေ၊ အထူးသဖြင့် ပင်စင်သွားဖို့ လပိုင်းလောက်ပဲ လိုတော့တဲ့ ဝန်ထမ်းတွေကြားမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပါတယ်။

ဒီလို တိုးမြှင့်ကြောင်း မတ်လ ၃၁ ရက်နေ့က ကြေညာပြီးတဲ့နောက်မှာ အသက် ၆၀ ပြည့်ခါနီး ဝန်ထမ်းတွေ အတွက် မရှင်းလင်းသေးတဲ့ အချက်အလက်တွေ ပေါ်ပေါက်လာခဲ့လို့ မေးခွန်း ထုတ်စရာတွေ ဖြစ်လာပါတယ်။

အထူးသဖြင့် အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်တဲ့ကာလ Leave Preparatory Retirement သတ်မှတ်ထားတဲ့ ၄ လ အတွင်းခွင့်ရက်ရှည် ခံစားနေကြသူတွေက အခု ပြင်ဆင်သတ်မှတ်ချက်ဟာ သူတို့နဲ့ရော အကျုံးဝင်သလားလို့ သိချင်လာကြတာပါ။

တချို့က ဒီလို ပင်စင်ယူဖို့ ကြိုတင် ခွင့် ခံစားနေကြပေမဲ့ အသက် ၆၀ လို့ သတ်မှတ်ထားလို့သာ ပင်စင် ယူကြရတာဖြစ်ပြီး ဖြစ်နိုင်လို့ လုပ်ခွင့်ရရင် ဆက်လုပ်ချင်သေးတဲ့သူတွေ ရှိသလို တချို့က ပင်စင်ယူပြီး နားမယ်၊ ကိုယ်လုပ်ဖို့ ရည်ရွယ် ထားတာလေးတွေ လုပ်မယ်လို့ စိတ်ကူးယဉ် ထားကြသူတွေလည်း ရှိပါတယ်။

အဲဒီလူတွေက အခု ပြင်ဆင်သတ်မှတ်ချက်ကြောင့် နောက်ထပ် ၂ နှစ် ဆက်လုပ်ရဦးမလားလို့ စိုးရိမ် လာကြပါတယ်။

အခု လတ်တလောမှာ လိုက်နာ ဆောင်ရွက်ရမယ့် နည်းဥပဒေဆိုင်ရာ အမိန့် ကြေငြာစာ ထွက်မလာသေးတဲ့အတွက် ရှင်းရှင်းလင်းလင်း မရှိကြသေးပါဘူး။ မကြာခင်မှာ ထွက်လာလိမ့်မယ်လို့ တော့ သိရပါတယ်။

ဘယ်နေ့က စတင် အကျုံးဝင်လဲ၊ ဘယ်သူတွေ အကျုံးဝင်လဲ

နိုင်ငံဝန်ထမ်းဆိုင်ရာ နည်းဥပဒေ ပြင်ဆင်ချက် စတင်ပြုလုပ်လိုက်တဲ့မတ်လ ၃၁ ရက်နေ့က စတင်ပြီး အသက်ဝင်တယ်လို့ မြန်မာနိုင်ငံရာထူးဝန်အဖွဲ့ ဒုတိယ အတွင်းဝန် ဦးမြင့်ဆွေက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ် ပင်စင်ယူမယ့်ရက်ကိုတွက်ပြီး LPR ကြိုတင် ခံစားနေကြသူတွေ အနေနဲ့ အသက် ၆၂ နှစ်မှာမှ ပင်စင် ယူချင်တယ်၊ နောက် ၂ နှစ် ဆက်အလုပ်လုပ်ချင်သေးတယ် ဆိုရင် တစ်လ ဖြစ်စေ၊ နှစ်လ ဖြစ်စေ၊ လေးလ ပြည့်ခါနီး ရက်ပိုင်း အလိုမှာ ဖြစ်စေ သူတို့ ဆန္ဒအရ လုပ်နိုင်ခွင့်ရမယ်၊ အဲဒီ ခွင့်ခံစားနေကြသူတွေထဲက အသက် ၆၀ မှာပဲ ပင်စင်ယူကိုယူမယ် ဆိုတဲ့သူတွေ ကလည်း သက်ဆိုင်ရာ ရုံး ဌာနတွေက ပင်စင်ပေးဖို့ ခွင့်ပြုမိန့် ထုတ်ထာပြီး ဖြစ်တဲ့ အတွက် အသက် ၆၀ မှာပဲ ပင်စင် ယူနိုင်တယ်လို့ သူက ပြောပါတယ်။

မတ်လ ၃၁ ရက် မတိုင်ခင် LPR ခံစားခွင့်စတင်ဖို့ ရက်ပိုင်းပဲ လိုသူတွေ၊ တိတိကျကျ ပြောရရင် ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး LPR ခံစားခွင့် စတင်မယ့်သူတွေ ကတော့ ပြင်ဆင်လိုက်တဲ့ နည်းဥပဒေအရသာ လိုက်နာ လုပ်ဆောင်ရမှာ ဖြစ်လို့ အသက် ၆၂ ကျမှသာ ပင်စင်ယူကြရတော့မှာ ဖြစ်ပါတယ်။

အခု လတ်တလော LPR ခံစားနေကြသူတွေထဲမှာ ဘယ်သူတွေက မူလ အစီအစဉ်အတိုင်း အသက် ၆၀ မှာ ပစ်စင်ယူကြမလဲ၊ ဘယ်သူတွေက နောက်ထပ် ၂ နှစ် တိုး အလုပ်လုပ်ဦးမလဲ ဆိုတာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အလိုက် စာရင်းပြုစုနေတယ်လို့ အစိုးရ အရာရှိကြီးတွေရဲ့ အပြောအရ သိရပါတယ်။

အခု ပြင်ဆင်လိုက်တဲ့ နည်းဥပဒေက သက်ပြည့်ပင်စင် သက်တမ်းကို ၂ နှစ် ထပ်တိုးတာသာဖြစ်ပြီး လုပ်သက်ပြည့်ပင်စင် အပါအဝင် တခြားပင်စင်ခံစားခွင့်တွေ ကတော့ အရင်အတိုင်းပဲလို့ ဒုတိယ အတွင်းဝန် ဦးမြင့်ဆွေက ပြောပါတယ်။

သက်ပြည့် ပင်စင်ယူနိုင်တဲ့ အသက် သတ်မှတ်ချက်ကို အသက် ၆၀ ကနေ နောက်ထပ် တိုးမြှင့်လိုက်တဲ့ အကြောင်းတွေထဲမှာ ပင်စင်အသုံးစရိတ် လျှော့ချနိုင်ရေး ကလည်း အကြောင်းတစ်ချက် အနေနဲ့ ပါတယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။

ပင်စင်စား ဦးရေ တစ်သန်း နီးပါးရှိတဲ့ မြန်မာနိုင်ငံမှာ ပင်စင်အသုံးစရိတ် ကုန်ကျငွေက တစ်နှစ်ကို ကျပ် ဘီလျံတစ်ထောင်ကျော် ရှိနေပြီး ဒီပမာဏက တစ်နိုင်ငံလုံး GDP ရဲ့ ခြောက်ပုံ တစ်ပုံလောက် ရှိတယ်လို့ အရင်အစိုးရ လက်ထက်က ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်ခဲ့ပြီး အခု လက်ရှိ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဋ္ဌာနက အမြဲတမ်းအတွင်းဝန် ဒေါ်ဝါဝါမောင်က ပြောပါတယ်။

သက်ပြည့် ပင်စင်ယူနိုင်တဲ့ အသက် သတ်မှတ်ချက်ကို အသက် ၆၀ ကနေ နောက်ထပ် တိုးမြှင့်ဖို့ အရင် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်နဲ့ NLD အစိုးရ လက်ထက် တုန်းကလည်း စဉ်းစားခဲ့ဖူးတာ ရှိတယ်လို့ သူက ပြောပါတယ်။

ပင်စင်သက်အခုလို တိုးလိုက်တဲ့ အတွက် နောက်က ရာထူးတိုးကိုစောင့်နေကြတဲ့ ‌‌‌ဝန်ထမ်းတွေအတွက် နောက်ထပ် နှစ်နှစ် ထပ်စောင့်ရဖို့ရှိကြောင်း ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ကထိက တစ်ဦးက ပြောပါတယ်။

သက်ပြည့်ပင်စင်ကို ၆၀နှစ် အသက် သတ်မှတ်ထားတာ အနှစ် ၅၀ ကျော်လာခဲ့ပြီဖြစ်ပြီး အငြိမ်းစားယူရမယ့် အသက်ကို လွှတ်တော်မရှိတဲ့ အရေးပေါ်ကာလမှာ ၆၂ နှစ်ကို ပြောင်းလဲ လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက်ကတည်းက မြန်မာနိုင်ငံက သက်ပြည့်ပင်စင်ကို အသက် ၆၀ နှစ်ကနေ အသက် ၆၃ နှစ်ကို ပြင်ဖို့လွှတ်တော်မှာ ကြိုးပမ်းခဲ့တာ ရှိပါတယ်။

ပြည်သူ့လွှတ်တော်က ကြယ်ပွင့်ပြမေးခွန်း နှစ်ကြိမ် အထိ မေးခဲ့ပြီး အဲ့ဒီနောက် ပြည်ထောင်စုလွှတ်တော်မှာလည်း အသက် ၆၀ အတိုင်းပဲထားဖို့ အရေးကြီးအဆို တစ်ကြိမ်တင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ဇူလိုင်လမှာတော့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အသက် ၆၀ အတိုင်းဆက်ထားဖို့ ထောက်ခံမဲ ၃၇၀ ကျော်နဲ့ အနိုင်ရခဲ့ပြီး အသက် ၆၃ နှစ် သက်ပြည့်ပင်စင် ပြောင်းဖို့အရေးက မအောင်မြင်ခဲ့ပါဘူး။

အခုလို သက်ပြည့်ပင်စင်ကို ၆၂ နှစ်အထိ တိုးရတာဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဝန်ကြီးဌာန အသီးသီးမှာ CDM လုပ်တဲ့ဝန်ထမ်းတွေ များလာတဲ့အတွက် လိုအပ်ချက်ကိုဖြည့်ဖို့ သက်ပြည့်ပင်စင်ယူမယ့်သူတွေကို သက်တမ်းတိုးပြီး ဆက်လက်တာဝန်ပေးတာလို့ ဝေဖန်မှုတွေရှိပေမယ့် ပြည်ထောင်စုရာထူးဝန် အဖွဲ့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေက ဝန်ထမ်းလိုအပ်ချက်ကြောင့် မဟုတ်ဘဲ ကျန်းမာရေးကောင်းပြီး အတွေ့အကြုံရှိသူတွေ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ဖို့အတွက် ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

မတ်လ ၃၁ ရက်နေ့ စတင် အသက်ဝင်မယ့် ဒီကြေညာချက်က သက်ပြည့် ပင်စင်တစ်ခုတည်း အတွက်ဖြစ်ပြီး ကျန်ပင်စင်အမျိုးအစားတွေအတွက်အ ပြောင်းအလဲမရှိဘူလို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ဦးမြင့်ဆွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၆၀ နှစ်နဲ့ အထက် သက်ကြီးရွယ်အိုဦးရေ ၄.၅ သန်း ခန့်ရှိပြီး၊ ၂၀၅၀ ပြည့်နှစ်မှာ သက်ကြီးရွယ်အို (၁၃)သန်း ရှိနိုင်တယ်လို့ ခန့်မှန်း ထားကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရဲ့ သက်ကြီးရွယ်အိုများအကြောင်း သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။

ဒီသုတေသန စာတမ်းဟာ ၂၀၁၄ ခုနှစ်မြန်မာနိုင်ငံမှာ ကောက်ယူခဲ့တဲ့ လူဦးရေ သန်းခေါင်စာရင်းကို အခြေခံပြီးတော့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

၂၀၅၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့ အသက်ဖွဲ့စည်းမှုပုံစံဟာ ယနေ့ခေတ် စင်ကာပူနိုင်ငံရဲ့ အသက်ဖွဲ့စည်းမှုပုံစံနှင့် တူညီနေမှာဖြစ်ပြီး အသက် ၆၀ နှစ်နဲ့အထက်မှာ လူဦးရေ ၂၀ ရာခိုင်နှုန်းခန့် ပါဝင်နေမှာဖြစ်ကြောင်းနဲ့၊ ၂၀၅၀ ပြည့်နှစ်မှာ သက်ကြီးရွယ်အို အရေအတွက်နဲ့ အသက် ၁၅ နှစ်အောက် ကလေးအရေအတွက် တူညီလုနီးပါး ဖြစ်နေမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ သုတေသနစာတမ်းအရ ၁၉၇၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အတွင်း နှစ်စဉ်စုစုပေါင်း လူဦးရေတိုးနှုန်း ၁.၄ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း အသက် ၆၀ နှစ်နဲ့အထက် လူဦးရေဟာ နှစ်စဉ် ၂.၄ ရာခိုင်နှုန်းနဲ့ တိုးတက်လာခဲ့ကြောင်း၊ မြို့ပြမှာ ကျေးလက်ထက် သက်ကြီးရွယ်အို ဦးရေပိုများကြောင်း သိရှိရပြီး မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်း ဒေသကြီးတို့မှာ သက်ကြီးရွယ်အိုဦးရေ ပမာဏတိုးပွားလာမှု အမြင့်ဆုံးဖြစ်ကြေင်း၊ လက်ရှိနှုန်း အတိုင်းဆက်လက်တိုးသွားမယ်ဆိုရင် ၂၀၃၀ ပြည့်နှစ်မှာ အချက်အချာကျတဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်များမှာ စုစုပေါင်း လူဦးရေလျော့နည်းလာခြင်းနဲ့အတူ အသက် ၆၀ နှစ်နဲ့ အထက် သက်ကြီးရွယ်အိုဦးရေ တိုးနှုန်းအမြင့်ဆုံးဖြစ်နိုင်တဲ့ အခြေအနေတွေကို ကြုံတွေ့လာမှာ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ မျှော်မှန်း လူသက်တမ်းကတော့ ၆၇ နှစ်ကျော်ဖြစ်ပြီး အရှေ့တောင်အာရှ အာဆီယံ နိုင်ငံတွေထဲမှာ လူ့သက်တမ်းအတိုဆုံး နိုင်ငံတစ်နိုင်ငံထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။