စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ပြောလာသူ ကျောင်းသားခေါင်းဆောင်

စစ်အာဏာသိမ်းမှု တစ်နှစ်ကြာလာပြီးတဲ့အချိန် လက်ရှိကြုံတွေ့နေရတဲ့ ပြည်တွင်းနိုင်ငံရေး အကျပ်အတည်းတွေကို နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးအဖြေရှာကြဖို့ ဆိုတဲ့ တိုက်တွန်းသံတွေ ၂၀၂၂ခုနှစ် ပထမသုံးလတာကာလအတွင်းမှာ ခပ်စိပ်စိပ် ထွက်ပေါ်လာပါတယ်။

အဲဒီထဲ မီဒီယာတွေကနေတစ်ဆင့်ရော နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ပါ တွေ့ဆုံဆွေးနွေးရေး နည်းနာကို ဆွေးနွေးချပြလာသူကတော့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်း အချိုးအကွေ့တစ်ခုဖြစ်တဲ့ ၁၉၈၈ ကာလမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင် တစ်ဦးအနေနဲ့ ထိပ်ဆုံးက ပါဝင်ခဲ့တာကြောင့် နှစ်ရှည်ထောင်ဒဏ်တွေနဲ့ အကျဉ်းကျခဲ့ရသူဟာ အခုအများက သတ်မှတ်ထားတဲ့ နွေဦးတော်လှန်ရေးမှာတော့ အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံညှိနှိုင်းရေးလမ်းစဉ်ကို ဦးတည်နေတာကြောင့် လူထုရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရချိန်လည်း ဖြစ်ပါတယ်။

ဒီမိုကရေစီအရေးအတွက် တက်ကြွလှုပ်ရှားသူအဖြစ်ကနေ ပါတီနိုင်ငံရေးသမားအနေနဲ့ ရပ်တည်လာတဲ့ ဦးကိုကိုကြီးအနေနဲ့ကတော့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး၊ လူ့အခွင့်အရေးဆိုတဲ့ ဦးတည်ချက်တွေကနေ ဘယ်တော့မှ သွေဖည်သွားမှာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီကို ဗဟိုပြုထားတဲ့ ကြားကာလ သဘောတူညီချက် ထွက်လာဖို့ ကြိုးပမ်းနေတဲ့ ဦးကိုကိုကြီးရဲ့ ဦးတည်ချက်တွေကရော လက်တွေ့ကျကျ ဘယ်လောက် ဖြစ်လာနိုင်မလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဘာကြောင့် ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို ရွေးချယ်ခဲ့တာလဲ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း မှတ်ပုံတင်ရပ်တည်နေတဲ့ နိုင်ငံရေးပါတီအနေနဲ့ ရှိနေတဲ့ အကန့်အသတ်တွေ ကြားကနေ အခုလို Reform ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

"Reformကို အမြင့်ဆုံး၊ အမြန်ဆုံး ရနိုင်အောင်လို့ ကျွန်တော်တို့ကြိုးစားမယ်။ သို့သော် ဒီတစ်ချီတည်းနဲ့ လိုချင်တာတွေ အားလုံးရမယ်လို့တော့ နဂိုကတည်းက မမျှော်လင့်ထားဘူး" လို့ တည်ထောင်တာ သုံးနှစ်သက်တမ်းရှိပြီ ဖြစ်တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုကြီးက သူ့ရဲ့ ရပ်တည်ချက်ကို ရှင်းပြပါတယ်။

မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေကို လေ့လာကြည့်မယ်ဆိုရင် အခု ကြုံတွေ့နေရတဲ့ အခြေအနေဟာ အသွင်ကူးပြောင်းရေးကာလတွေမှာ စစ်တပ်နဲ့ တိကျတဲ့ သဘောတူညီချက်တွေ မရှိခဲ့တာကြောင့်လို့ သူကဆိုပါတယ်။ ဒါကြောင့် ဒီလို အသွင်ကူးပြောင်းရေးကာလမှာ စစ်တပ်နဲ့ သဘောတူညီချက်ရှိပြီးမှသာ နိုင်ငံရေးလမ်းကြောင်းပေါ် တက်သင့်တယ်လို့ ဦးကိုကိုကြီးက ယူဆထားတယ်လို့ ဆိုပါတယ်။

ဒီလို သဘောတူညီချက်တွေ ခိုင်မာအောင် မလုပ်နိုင်တာကြောင့်လို့ ဆိုထားတဲ့ ဦးကိုကိုကြီးအနေနဲ့ အခုလက်ရှိ အခင်းအကျင်းမှာရော စစ်ကောင်စီနဲ့ တစ်စုံတစ်ရာ သဘောတူညီချက်ရနေပြီလားလို့ ဘီဘီစီကမေးမြန်းတဲ့အခါမှာတော့ တိတိကျကျ ပြန်လည်ဖြေကြားတာမရှိခဲ့ဘဲ လာမယ့် ရွေးကောက်ပွဲကိစ္စတွေနဲ့ ပတ်သက်ပြီး အလွတ်တမ်း ပြောဆိုမှုတွေရှိတယ်လို့သာ ဖြေကြားခဲ့ပါတယ်။

သူနဲ့ စစ်ကောင်စီဘက် အလွတ်သဘော ပြောဆိုမှုအကြောင်း အခုလို ပြန်ပြောပါတယ်။

"ရွေးကောက်ပွဲလုပ်ပြီး နိုင်တဲ့သူ အာဏာလွှဲပေးရုံနဲ့ အများပြည်သူက လက်ခံမှာမဟုတ်ဘူး။ ဒီတော့ နိုင်ငံရေးနည်းလမ်းအရ ကြားကာလ သဘောတူညီချက်ထွက်လာဖို့ဟာ သေရေးရှင်ရေးလောက် အရေးကြီး တယ်လို့ ကျွန်တော် ပြောခဲ့တယ်။"

စစ်တပ်က နိုင်ငံရေးလွှမ်းမိုးတာကို မကြိုက်ပေမဲ့ လက်တွေ့မှာတော့ ဖွဲ့စည်းပုံ Institution အခိုင်အမာနဲ့ စစ်တပ်ဟာ ရပ်တည်နေတယ်လို့ ဦးကိုကိုကြီးက ဘီဘီစီကို ပြောပါတယ်။

ဦးကိုကိုကြီးဘာတွေလုပ်နေလဲ

အာဏာသိမ်းပြီးစ ကာလတွေမှာ ဖမ်းဆီးခံသူတွေ အရေး ရှေ့နေလိုက်ပါဆောင်ရွက်တာတွေ လုပ်ခဲ့တဲ့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီဟာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာတော့ ထူးခြားတဲ့ ခြေလှမ်းတွေကို သိသိသာသာ တွေ့လာရပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်ကူညီဆောင်ရွက်ပေးနေတဲ့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဂျပန်လူမျိုး မစ္စတာဆာဆာကာဝါနဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မှာ တွေ့ဆုံခဲ့သလို စစ်ကောင်စီကပြုလုပ်တဲ့ ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။

မတ်လထဲမှာတော့ ချက်၊ ပြင်သစ်စတဲ့ အနောက်နိုင်ငံက သံအမတ်တွေအပြင် တရုတ်နိုင်ငံ သံအမတ်နဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့သလို မြန်မာ့အရေးကို ကြားခံဖြေရှင်းပေးဖို့ လုပ်ဆောင်နေတဲ့ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရာ့ဆိုခွန်းမြန်မာနိုင်ငံကို လာရောက်စဉ်မှာလည်း နိုင်ငံရေးအစုအဖွဲ့အနေနဲ့ ဦးကိုကိုကြီးက တွေ့ဆုံခဲ့ပါသေးတယ်။

ဒီလို ခပ်စိပ်စိပ် တွေ့ဆုံမှုတွေလုပ်နေတာဟာ ဘယ်လို နိုင်ငံရေးဦးတည်ချက်တွေရှိနေလဲလို့ ဘီဘီစီက မေးမြန်းကြည့်ခဲ့ပါတယ်။

"ပုံမှန်လည်း ကျွန်တော် သံအမတ်တွေ အဖွဲ့အစည်းတွေနဲ့ တွေ့နေကျပါပဲ။ အခုအချိန် နိုင်ငံရေး အကျပ်အတည်း ကြီးတဲ့အချိန်ကြောင့်သာ ပိုပြီး စိတ်ဝင်စားစရာဖြစ်လာတာပါ"လို့ ဦးကိုကိုကြီးက တုံ့ပြန်ဖြေပါတယ်။

"စစ်တပ် ပြိုကွဲသွားမယ်ထင်လားလို့ ကျွန်တော်ဒဲ့ပဲ မေးပါတယ်။ ကျွန်တော်နဲ့တွေ့ခဲ့တဲ့ သံတမန်တွေ ကိုယ်တိုင်ကလည်း အဲဒါလည်း မလွယ်ဘူးဆိုတာ သူတို့လည်း သိပါတယ်။ အဲ့တော့ သူတို့ကိုယ်တိုင် ဘယ်လိုလုပ်မလဲလို့ ကျွန်တော် မေးမြန်းတဲ့ ပုဂ္ဂိုလ်တွေကတော့ တိတိကျကျ End Game ဘာလုပ် မှာလဲဆိုတော့ သူတို့လည်း မရှိပါဘူး။"

"အဲဒီတော့ တွေ့ဆုံဆွေးနွေးရေးလုပ်ကြတဲ့အခါမှ ဒါလည်း ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတစ်ခုအနေနဲ့ သူတို့လည်း ကျွန်တော်နဲ့ ဆွေးနွေးပြောဆိုလာတယ်" လို့ ဦးကိုကိုကြီးက သူနဲ့ တွေ့ဆုံခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြောကြားချက်တွေကို ဘီဘီစီကို ပြန်ပြောပြပါတယ်။

တစ်ဖက်က အာဏာသိမ်းစစ်ကောင်စီရဲ့ တစ်နှစ်ကျော်ကာလအတွင်း မြေပြင်မှာလုပ်ဆောင်မှု၊ စစ်ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေမှာ ဖော်ပြခဲ့တဲ့ သဘောထားတွေအရ စေ့စပ်ညှိနှိုင်းရေးလမ်းစဉ်ဟာ လက်တွေ့မှာ အလုပ်မဖြစ်နိုင်ဘူးလို့ နိုင်ငံရေး စောင့်ကြည်သူတွေကတော့ ထောက်ပြကြပါတယ်။

စိတ်နာတဲ့သဘောကိုအခြေခံလို့မဖြစ်ဘူး

အထူးသဖြင့် လက်ရှိ မြန်မာပြည်မှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ ဒီလို အာဏာသိမ်းစစ်ကောင်စီက တစ်ဖက်၊ ဒီမိုကရေစီအင်အားစုက တစ်ဖက် ရှိနေတဲ့ နိုင်ငံရေး ရပ်တည်ချက်တွေကြားမှာ ဦးကိုကိုကြီး ရွေးချယ်လိုက်တဲ့ လမ်းကြောင်းဟာ တတိယအင်အားစုဆိုတဲ့ သဘောဆောင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

"ရုတ်တရက် အပေါ်ယံကြည့်ရင်တော့ လူတွေရဲ့ ဒုက္ခဆင်းရဲတွေကို လျော့ဖို့ ဒီနည်းလမ်းကို ရွေးချယ်ကြတယ် ပေါ့။ Ethically ကောင်းတယ်၊ Morally ကောင်းတယ်ဆိုတဲ့ သဘောတော့ ဆောင်တယ်။ ဒါပေမဲ့ ဒီလမ်းကြောင်းဟာ အမှန်လို့ ပြောမရဘူး။ မြန်မာ့နိုင်ငံရေးလမ်းကြောင်းမှာ ဒီလို ရွေးခဲ့တဲ့သူတွေရှိတယ်။ လက်တွေ့မှာ မအောင်မြင်ခဲ့ဘူး"လို့ နိုင်ငံရေးစောင့်ကြည့်အကဲခတ်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာစိုင်းကြည်ဇင်စိုးက သူ့အမြင်ကို ပြောပါတယ်။

ဦးကိုကိုကြီးရဲ့ နိုင်ငံရေးဖြတ်သန်းမှု ကာလတွေကို ပြန်လေ့လာကြည့်မယ်ဆိုရင် ကျောင်းသားခေါင်းဆောင်တစ်ဦး ဒီမိုကရေစီအရေးလှုပ်ရှားသူအဖြစ်ကနေ ပါတီနိုင်ငံရေးဘက် ကူးပြောင်းလာခဲ့သူဖြစ်ပါတယ်။ ပါတီထူထောင်ဖြစ်လာတဲ့ အခြေအနေကလည်း ဒီမိုကရေစီ အင်အားစုတွေကြား ညှိနှိုင်းမရတဲ့ အခြေအနေတချို့ကနေ ပြည်သူ့ပါတီဖြစ်လာကာ ဒီကနေ့ရပ်တည်ချက်မျိုး အထိ ဆင့်ကဲဖြစ်တည်လာတာလို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။

"စစ်မှန်တဲ့ ယှဉ်ပြိုင်မှုနဲ့ဆို ကိစ္စမရှိဘူး။ စိတ်ခံစားချက်တစ်ခုခု၊ စိတ်နာတဲ့သဘောမျိုးနဲ့ ရပ်တည်ချက်ကို ရွေးတယ်ဆိုရင်တော့ မှားတတ်တယ်။ ဒီတော့ ဦးကိုကိုကြီးရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို သံသယရှိနေသေးတယ်။ သူ့အနေနဲ့ အများကြီးရှင်းပြဖို့လိုတယ်"လို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက သူ့အမြင်ကို ဆက်ပြောပါတယ်။

လက်ရှိအနေအထားအရ အာဏာသိမ်းစစ်ကောင်စီကရော အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပါ တစ်ဖက်နဲ့တစ်ဖက် အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာထားကြပြီး နှစ်ဖက်ဆွေးနွေးဖို့မရှိဘူးလို့ အတိအလင်း ပြောထားကြပါတယ်။

စစ်တပ်နဲ့တော့နိုင်ငံရေးမဆွေးနွေးနိုင်ဘူးလို့ဆို

ဦးကိုကိုကြီးတို့လို ကျောင်းသားမျိုးဆက်ဖြစ်ပြီး လက်ရှိအများခေါ်ဆိုတဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေမှာ အကြမ်းမဖက် ဆန့်ကျင်တော်လှန်ရေးကို လက်ကိုင်ထားတဲ့ ကိုနန်းလင်းကတော့ နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းရမယ်လို့ ဆိုပါတယ်။

"နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်။ ဒါပေမဲ့ သူတို့ရဲ့ကိုယ်ကျိုးစီးပွားကိုပဲ ကြည့်တတ်တဲ့ စစ်ကောင်စီနဲ့တော့ မဟုတ်ဘူး။ အခုချိန်မှာ ပြည်သူတွေရဲ့ စစ်တပ်ကို ရွံမုန်းစိတ်က အမြင့်ဆုံးဖြစ်နေတာ။ ဒါကိုလုံးဝမေ့ထားလို့ မရဘူး"လို့ လက်ရှိကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုနန်းလင်းက သူရဲ့ တသီးပုဂ္ဂလအမြင်ကို ပြောပါတယ်။

ကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးရဖို့ကြိုးစားကတည်းက မြန်မာ့နိုင်ငံ‌ရေးသမိုင်းမှာ ဒွန်တွဲပါနေတဲ့ စစ်တပ်အတွက် အခုအချိန်ဟာ လူထုထောက်ခံမှု အလျော့ကျဆုံး အနေအထားကို ရင်ဆိုင်နေရပြီး ၂၀၂၁ခုနှစ် အာဏာသိမ်းမှုကြောင့် ထွက်ပေါက်ပိတ်နေတဲ့ အခြေအနေမှာရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။

အရပ်ဘက်နဲ့ အနီးစပ်ဆုံးမှာရှိတဲ့ ၁၉၈၈ မျိုးဆက် တက်ကြွလှုပ်ရှားသူ အများစုနဲ့ စုဖွဲ့ခဲ့တဲ့ ပြည်သူ့ပါတီအနေနဲ့ အခုလို တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို တိုက်တိုက်တွန်းတွန်းရှိလာတာဟာ စစ်ကောင်စီအတွက် နိုင်ငံရေး ထွက်ပေါက်တစ်ခု ဖန်တီးပေးသလို ဖြစ်နိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သူ့အမြင်ကို ပြောပါတယ်။

"တော်လှန်ရေးအင်အားစုတွေကြား သွေးကွဲမှုများလာမယ်။ ဦးဆောင်မှုတွေကလည်း ပြည်သူနဲ့ ကွာဟလာမယ်။ ပြည်သူကလည်း ယုံကြည်ချင်စရာလျော့သွားရင် ဦးကိုကိုကြီးအခုလုပ်နေတဲ့ လမ်းကြောင်း က အားကောင်းသွားနိုင်တယ်"လို့ သူက သုံးသပ်ပါတယ်။

"ကျွန်တော့်အမြင်အရတော့ လောလောဆယ်အထိ ပြည်သူတွေဟာ ကျပ်တည်းမှုကိုရင်ဆိုင်ပြီး အားပါနေတုန်းဆိုတာ အသေအချာပဲ။ အာဏာသိမ်းတစ်နှစ်ကျော်လာတဲ့အတွက် တော်လှန်ရေးပန်းလာတာဖြစ်နိုင်တယ်။ ဒါဟာ NUG၊ CRPH နဲ့ NUCC အပေါ်မှာမူတည်တယ်" လို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက လက်ရှိ အာဏာသိမ်းတစ်နှစ်အကြာ မြေပြင်အခြေအနေကို အခုလို ထောက်ပြပါတယ်။

NUG နဲ့ရော ဆွေးနွေးပြောဆိုမှုရှိလား

လူထုထောက်ခံမှု အားကောင်းတယ်လို့ ဆိုနိုင်တဲ့ NUG၊ CRPH တို့နဲ့ ဆွေးနွေးပြောဆိုမှုရှိတယ်လို့တော့ ဦးကိုကိုကြီးက မပြောခဲ့ပါဘူး၊ ဒါပေမဲ့ သူ့ဘက်ကနေ အမြဲတမ်းတံခါးဖွင့်ထားတယ်လို့ ဆိုပါတယ်။ ပြီးတော့ လက်တွေ့ကျတဲ့ ရလဒ်ကို ဦးတည်တဲ့ ချဉ်းကပ်မှုမျိုးကို ဘက်အသီးသီးက ကာယကံရှင်တွေကိုယ်တိုင်က လေးလေးနက်နက်နားလည်ဖို့နဲ့ စဉ်းစားဖို့ လိုတယ်လို့ ဦးကိုကိုကြီးက ပြောပါသေးတယ်။

"စိတ်ခံစားချက်ကို လှုံ့ဆော်တာထက် ဦးနှောက်ကို ဆွစေချင်တယ်။ ကျွန်တော်တို့က နိုင်ငံရေးသမား တစ်ယောက် အနေနဲ့ ပြည်သူကို ရွေးချယ်စရာကောင်းကောင်း ပေးသင့်တယ်"လို့ ဦးကိုကိုကြီးက သူ့ခံယူချက်အကြောင်း ဘီဘီစီကိုရှင်းပြခဲ့ပါတယ်။

"သူသွားနေတဲ့လမ်းကြောင်းက တိုတိုပြောရရင် မဖြစ်နိုင်ဘူး။ ဆွေးနွေးတယ်ဆိုတာ ဒီအချိန်မှာ မဖြစ်နိုင်ဘူး" လို့ နိုင်ငံရေးစောင့်ကြည့်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ သူ့အမြင်ကို အခိုင်အမာ ပြောပါတယ်။

နှစ်ပေါင်း ၇၀ ကျော် မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့ စစ်ကောင်စီနဲ့ အာဏာသိမ်းပြီးနောက် လူထုထောက်ခံမှု အတော်များများ ရရှိထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကြား တင်းမာမှုတွေက ဆက်တိုက်ဆိုသလို ရှိနေဆဲပါ။

ဒါပေမဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်းရေးဦးတည်နေတဲ့ ဦးကိုကိုကြီးကတော့ လက်တွေ့ကျကျ ရလဒ်ထွက်လာမယ့် တွေ့ဆုံညှိနှိုင်းရေးရဖို့ ဆက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။