ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖိအားမျိုးစုံ ဘက်စုံကကြုံနေရတဲ့ CDM နဲ့ non-CDM ဝန်ထမ်းတွေ
ကယားပြည်အတွင်းက အစိုးရဝန်ထမ်းတွေအနေနဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး တာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့ စစ်ကောင်စီဘက်က ညွှန်ကြားထားပါတယ်။ တစ်ဘက်မှာလည်း စစ်ကောင်စီလက်အောက်မှာ ဝန်ထမ်းမလုပ်ဘဲ အရပ်ဘက်အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်ကြဖို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက ထုတ်ပြန်လာပါတယ်။
ပြင်းထန်တိုက်ပွဲတွေ နေ့စဉ်နီးပါး လချီတဲ့အထိ ရှိလာနေပြီဖြစ်တဲ့ ကယား (ကရင်နီ) ဒေသမှာ မြို့တိုင်းလိုလိုက ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။ ဒီလို အခြေအနေမှာ ဖေဖော်ဝါရီလဆန်းက စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကယားပြည်နယ်မြို့တော် လွိုင်ကော်ကို သွားရောက်ခဲ့ပြီး ပြည်နယ်တွင်းမှာ ရှိတဲ့ အစိုးရဝန်ထမ်းတွေ ပြန်လည်တာဝန်ထမ်းဆောင်ကြဖို့ ဆော်သြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဖေဖော်ဝါရီ ၂၅ ရက်နောက်ဆုံးထားပြီး ရုံးပြန်တက်ကြဖို့ ညွှန်ကြားချက်တွေထွက်လာခဲ့ပါတယ်။
လုံခြုံရေးအာမခံချက်မရှိ
ဒါပေမဲ့ CDM မလုပ်သူတွေကို လုပ်ကြဖို့ ဒေသခံကာကွယ်ရေးတပ်တွေက သတိပေးမှုတွေ ရှိနေပြီး လုပ်ထားသူတွေက တာဝန်ပြန်ထမ်းဆောင်ဖို့ ဆိုတာလည်း လုံခြုံရေးအတွက် စိုးရိမ်စရာ ရှိပါတယ်လို့ ဘီဘီစီက စကားပြောလို့ရခဲ့တဲ့ ဝန်ထမ်းတွေက ပြောပါတယ်။ ဒါကြောင့် အခုလိုအချိန်မှာ စစ်ကောင်စီဘက်က အပြည့်အဝ လုံခြုံရေးလည်းမပေးနိုင်ဘဲ ရုံးပြန်တက်ဖို့ပဲ ဖိအားပေးနေလို့ စိတ်မသက်မသာဖြစ်ရတယ်လို့ ဆိုကြပါတယ်။
တစ်ခါ တိုက်ပွဲတွေက မြို့တွင်းထဲအထိ ဖြစ်နေပြီး နေ့စဉ်လိုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုပါ ရှိနေချိန် အသက်လုပြီးပြေးနေရတဲ့ ကရင်နီပြည်နယ်မှာ တကယ်ပဲ တာဝန်ထမ်းဆောင်ကြဖို့ မဖြစ်နိုင်ဘူးလို့ပြောကြပါတယ်။ လွိုင်ကော်မြို့က လက်ရှိတာဝန်ထမ်းဆောင်ဆဲ အကြီးတန်း ဝန်ထမ်းတဦးကတော့
"ကျွန်တော်တို့ကို ဇန်နဝါရီ ၂၅ရက်ကထဲက ပြန်လာဖို့ပြောလို့ ပြန်လာခဲ့ရတယ်။ အရင်ကဆို ဝန်ထမ်းတွေပဲ အများစုဒီမှာရှိတော့တာ၊ ကျန်တာအကုန် စစ်ပြေးနေကြ တာလေ။ မြို့ခံတွေက အခုမှ နည်းနည်းစီ ပြန်ရောက်လာကြတာ။ တိုက်ပွဲတွေလည်းရှိတော့ အခုချိန်ထိ ပြန်မလာသေးတဲ့ ဝန်ထမ်းတွေရှိပေမဲ့ သူတို့ကိုသက်ညှာပေးဖို့ လုပ်သက်ခွင့်ပေးဖို့ဆိုတာမျိုးတွေ တင်ပြရမှာပေါ့။ သူ့ သက်ဆိုင်ရာဌာနအလိုက်က ပြန်လာဖို့ခေါ်နေကြပြီ။ တာဝန်ထမ်းဆောင်ဖို့ ကြေညာတဲ့သူတွေ ကလည်း တကယ်တမ်းကျ မြို့ထဲမနေကြဘူးလေ၊ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို နိုင်ငံတော်က လည်းအာမ မခံဘူး၊ တော်တော်ကိုခက်ခဲပါတယ်။ ဒီလိုပုံစံနဲ့က ဘာယန္တရားမှ ပြန်မလည်ပတ်နိုင်ပါဘူး။" လို့ပြောပြပါတယ်။
တချို့တွေကတော့ ပြန်လာပြီး လုပ်ငန်းခွင်ဝင်ဖို့ ဘက်စုံအခက်အခဲရှိနေသေးလို့ လုပ်သက်ခွင့်ယူတာ၊ လစာမဲ့ ခွင့်ယူတာတွေ ရှိနေတယ်လို့ဆိုပါတယ်။ တချို့ကတော့ ရုံးပြန်တက်ဖို့ညွှန်ကြားလို့ ရုံးပြန်တက်သူတွေရှိကြတယ်လို့ဆိုပါတယ်။ သူတို့ပြောတဲ့အကြောင်းပြချက်ကတော့ သူတို့တတ်တဲ့ ပညာနဲ့အပြင်မှာ လုပ်ကိုင်စားသောက်ဖို့အခွင့်အလမ်းနည်းတာ၊ နောက် ကြိုးကြိုးစားစား အလုပ်လုပ်လာခဲ့ကြပြီးမှ အသက်အရွယ် ရလာကြတဲ့အချိန် လက်ရှိရောက်တဲ့ နေရာက ရာထူးလေးတွေ ပြုတ်သွားမှာ၊ မိသားစု စားဝတ်နေရေး အခက်အခဲဖြစ်မှာကိုလည်း စိုးရိမ်ကြတယ်လို့ ဆိုပါတယ်။
ရုံးမတက်ဘဲ အာဏာဖီဆန်ရေးကို ရဲဝန်ထမ်းတွေ အပါအဝင် အစောဆုံးစခဲ့တဲ့ ဒေသတွေထဲက တစ်ခုဖြစ်တဲ့ ကယား(ကရင်နီ) ပြည်နယ်မှာ အခုလို ဝန်ထမ်းတွေ လုပ်ငန်းပြန်ဝင်ဖို့ စစ်ကောင်စီဘက်က ညွှန်ကြားနေပေမဲ့ CDM ကနေ Non CDM ပြောင်းလဲတာမျိုးကတော့ သိပ်အများကြီး မရှိကြပါဘူးလို့ ကရင်နီအရပ်ဖက် အဖွဲ့အစည်းတွေ ကဆိုပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီရဲ့ရုံးပြန်တက်ကြဖို့ ညွှန်ကြားမှုနောက်မှာတော့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ဘက်ကလည်း စစ်ကောင်စီလက်အောက်က စစ်ဘက်၊ အရပ်ဘက်ဝန်ထမ်းအားလုံး CDM ပါဝင်ဖို့ ထပ်မံတိုက်တွန်းစာကို ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါ တယ်။
CDM ဖြုတ်သူနည်းပါတယ်
ပြည်တွင်းမှာ စစ်တပ်က အာဏာသိမ်းထားတာ တစ်နှစ်ပြည့်ပြီဖြစ်ပေမဲ့ CDM ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်မဝင်ကြလို့ စစ်ကောင်စီဟာ CDM ဝန်ထမ်းတွေကို ရာထူးက ထုတ်ပယ်တာ၊ ဝန်ထမ်းအိမ်ရာတွေက ဖယ်ခိုင်းတာ၊ ဖမ်းဆီးထောင်ချတာ အပါအဝင် နည်းလမ်းမျိုးစုံနဲ့ ဖိအားပေး အရေးယူတာတွေလည်း လုပ်နေပါတယ်။
လက်ရှိမှာ CDM ပါဝင်သူတွေကို ထောက်ပံ့တာတွေ အရင်ကထက်စာရင် နည်းလာပေမယ့်လည်း CDM အင်အားကောင်းနေဆဲဖြစ်တယ်လို့ CDM ကူညီသူတစ်ဦးဖြစ်တဲ့ ကိုအောင်ကြီးက ခုလိုဆိုပါတယ်။
"သိသိသာသာလျော့နည်းသွားတာမျိုးတော့ မရှိပါဘူး။ ထပ်တိုးလာတာတွေပဲ ရှိတယ်။ CDM လုပ်နေတဲ့သူတွေထဲမှာလည်း တချို့ဆို တစ်ခါပဲ ရဖူးတာရှိတယ်၊ တချို့လည်း တစ်ခါမှ မရဖူးကြဘူး။ ဒါပေမဲ့လည်း သူတို့က အားမလျှော့ကြပါဘူး၊ အားလုံးပါပဲ။ CDM လုပ်နေတဲ့သူက ခန့်မှန်းခြေဆိုရင် ၆၅-၇၀ ရာခိုင်မှုန်းလောက်တော့ ရှိမယ်။"
တာဝန်ပြန်ထမ်းဆောင်နေပြီဖြစ်တဲ့ လွိုင်ကော်က အရာထမ်းကလည်း ကယားပြည်နယ်ထဲမှာ ကျောင်းတွေလည်း ပြန်မဖွင့်နိုင်သေးသလို ပြန်ဖွင့်တဲ့ ရုံးနဲ့ ဌာနဆိုင်ရာတွေမှာလည်း ဝန်ထမ်းအင်အားက နည်းနည်းပဲ ရှိပြီး ရုံးခန်းတွေ တံခါးပိတ်လို့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ရုံးအတက်ပြနေရတာမျိုးလောက်ပဲ လုပ်နေရတယ်လို့ ပြောပါတယ်။ ဒီကြားထဲမှာ တိုက်ပွဲတွေက လက်တစ်ကမ်းမှာ လာဖြစ်နေသလို ဘယ်က ဘယ်သူ့ကို ကြောက်ရမှန်းမသိ ကျီးလန့်စာစား တထိတ်ထိတ်နဲ့ နေနေရတဲ့ အခြေအနေပါလို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီဥက္ကဋ္ဌနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ တွေ့ဆုံပွဲမှာလည်း CDM ပြုလုပ်သွားတဲ့ ကျန်းမာရေးနဲ့ပညာရေး ဝန်ထမ်းတွေ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဝိုင်းဝန်း ဆောင်ရွက်ပေးဖို့ ဆိုပြီး စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောသွားပါသေးတယ်။ ဒီလို စစ်ကောင်စီအကြီးအကဲတွေက CDM ပါဝင်သူတွေ ရုံးပြန်တက်အောင်လုပ်ဖို့ ထုတ်ဖော်ပြောကြားမှုတွေ ရှိလာတာကြောင့် မြေပြင်မှာ ဖမ်းဆီးရှာဖွေမှုတွေဆက်တိုက်ပြန်ရှိလာမှာကိုလည်း စိုးရိမ်မှုရှိနေကြ တယ်လို့ CDM လုပ်နေကြတဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီအုပ်ချုပ်ရေးမလည်ပတ်နိုင်တဲ့ ချင်း၊စစ်ကိုင်းနဲ့ကရင် ဒေသတွေထဲက မြို့နယ်အချို့မှာတော့ စစ်ကောင်စီလက်အောက်က ဌာနဆိုင်ရာတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ဝန်ထမ်းတွေ သူတို့ဒေသထဲကနေထွက်ခွာကြဖို့ သတိပေးတာတွေရှိပါတယ်။ တခါ ဆက်လက်တာဝန် ထမ်းဆောင်နေရင်လည်း နုတ်ထွက်ကြဖို့ ပြောဆိုတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။