တိုက်ပွဲတွေဆက်နေတဲ့ စစ်ကိုင်းတိုင်း

စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်နေတဲ့ စစ်ကိုင်းတိုင်းမှာ ဒီကနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့က တန့်ဆည် ကသာနဲ့ ဟုမ္မလင်း စတဲ့ဒေသတွေမှာ တိုက်ပွဲတွေဆက်ပြီး ဖြစ်နေခဲ့ပါတယ်။

ဒီအထဲမှာ ထူးခြားတာက စစ်ကိုင်းတိုင်း အထက်ပိုင်းက ဟုမ္မလင်းမြို့က ဟုမ္မလင်း PDF ပွဲဦးထွက်တိုက်ပွဲ ဝင်လာတာလည်း ဖြစ်ပါတယ်။

ကျောက်စိမ်းနဲ့ ရွှေထွက်တဲ့ ချင်းတွင်းမြစ် အထက်ပိုင်းက အဲ့ဒီ‌ဒေသမှာ ရှမ်းနီ နဲ့ ချင်းလူမျိုးတွေ အများအပြားနေထိုင်ကြပြီး အရင်က တစ်စုတစ်ဖွဲ့ ကိုယ့်အဖွဲ့နဲ့ကိုယ်တိုက်ကြတာဖြစ်ပေမဲ့ အခုတော့ ဟုမ္မလင်း PDF ဆိုပြီး စုတိုက်ကြတာလည်း ဖြစ်ပါတယ်။

ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဟာ ဒီကနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစပြီး စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် လက်နက်ကိုင်လုပ်ငန်းစဥ်ကို စပြီလို့ လည်း ဟုမ္မလင်း PDF ကထုတ်ပြန်ချက်မှာ ရေးပါတယ်။

ဟုမ္မလင်း PDF က စစ်ကောင်စီတပ်တွေကို နမ်ပတ်ကား ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့လည်း သူတို့ကပြောပါတယ်။

ဟုမ္မလင်းမှာ စစ်ကောင်စီကားတွေ တွေ့ရင် ရှောင်ကြဖို့ အုပ်ချုပ်ရေး ယန္တရားများဖြစ်တဲ့ ရဲစခန်းနဲ့ စစ်ကောင်စီ စခန်းချတဲ့နေရာတွေကို ရှောင်ရှားနေထိုင်ကြဖို့ ကားနဲ့ခရီးသွားရင် မှန်ချပြီး မောင်းဖို့ကိုလည်း သူတို့က သတိပေးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမြို့တော် မုံရွာမှာလည်း မ‌နေ့က ဇန်နဝါရီလ ၁၇ ရက်နေ့ညက လယ်ဇင်ရွာက PDFစခန်း တစ်ခု တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီနောက်ပိုင်း ဒေသခံတွေ အပြင်မထွက်ကြဖို့ ဒေသ ကာကွယ်ရေးတပ်တွေက သတိပေးထုတ်ပြန်တာတွေ ရှိပါတယ်။

မနေ့က မုံရွာမြို့နဲ့ ၂ မိုင်လောက်သာ ဝေးတဲ့ စစ်ကိုင်းတိုင်း မုံရွာ၊ လယ်ဇင် ကျေးရွာမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက် ပိတ်ဆို့ ဖမ်းဆီးလို့ သေဆုံးသူတွေနဲ့ ဖမ်းဆီးခံရတာတွေရှိသလို၊ ရွာလည်းမီးရှို့ခံခဲ့ရပါတယ်။ ဒီကနေ့မှာတော့ သေဆုံးသူတွေရဲ့နာရေးတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် ကသာမြို့ မှတ်တိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် ဒေသခံတွေ ထိခိုက်ဒဏ်ရာ ရတာတွေ ရှိခဲ့ပါတယ်။

မုံရွာမြို့အဝင် ကုန်ကားနဲ့ လူစီးခရီးသည်ကားတွေကို စစ်ကောင်စီက မုံရွာမြို့တော်ခန်းမအထိ လာရောက်ပြီး အစစ်ခံရမယ်လို့ ညွှန်ကြားတာကြောင့် ကားဂိတ်အချို့ ပိတ်တာတွေရှိတယ်လို့ မုံရွာမြို့ခံလုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲ့ဒီလို အစစ်ခံရမယ့်ကားတွေထဲမှာ ရန်ကုန်ကလာတဲ့ ခရီးသည်တင်ယာဥ်တွေလည်းပါတယ်လို့ သူတို့ကပြောပါတယ်။

လယ်ဇင်မှာ ဖမ်းဆီးမှုဖြစ်ပြီးတဲ့နောက်မှာ အချို့လည်း ထွက်ပြေးတိမ်းရှောင်နေကြပြီး အချို့ကတော့ ရွာကို မပြန်ရဲကြတော့ဘဲ မုံရွာမှာ သောင်တင်နေတယ်လို့ သိရပါတယ်။

မုံရွာနဲ့ စစ်ကိုင်းတိုင်းနေရာဒေသအချို့မှာ စစ်ကောင်စီနဲ့ ‌ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေရှိပြီးနောက် စစ်ကောင်စီက ဒေသကာကွယ်ရေးတပ်စခန်းတွေကို ပိတ်ဆို့ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။

မုံရွာ အထက် တန့်ဆည်မှာတော့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးလို့ခေါ်ကြတဲ့ စစ်ကောင်စီထောက်ခံတဲ့ ဒေသလက်နက်ကိုင် ၃၀ခန့်ပါတဲ့ စစ်ကြောင်းကို တန့်ဆည်မြို့နယ် သဲစားကျေးရွာ အရှေ့ဘက် ဆည်ဘောင်အနီးမှာ တန့်ဆည် PDF တပ်ရင်း(၁၀)နဲ့ မဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။

စစ်ကိုင်းတိုင်းထဲကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက အင်အားအများအပြားသုံးကာ စစ်ဆင်ရေးလုပ်နေပေမယ့် အခုထိ ဒေသခံတွေရဲ့ လက်နက်ကိုင် ခုခံတော်လှန်မှုတွေကို ငြိမ်သက်သွားအောင် မလုပ်နိုင်သေးပါဘူး။

ဒီဒေသဘက်ကို ဦးစီး စစ်ဆင်နေတဲ့ မုံရွာမြို့အနီးမှာ အခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တိုင်းမှူး အပြောင်းအလဲတောင် စစ်ကောင်စီဘက်က လုပ်ထားနေရတဲ့ အခြေအနေပါ။

ဒီကနေ့အထိ စစ်ကိုင်းတိုင်းကို စစ်ကောင်စီတပ်တွေက နေရာအနှံမှာ စစ်ကြောင်းထိုးပြီး ဖိနှိပ်ဖို့ကြိုးစားနေပေမဲ့လည်း မြို့နယ်အများစုမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေ ၊ဒေသခံ PDF တွေ၊ပြောက်ကျားတပ်ဖွဲ့တွေ ခုခံတိုက်ခိုက်နေဆဲ ဖြစ်ပြီးတော့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေလည်း ရှိနေပါတယ်။