စစ်ကောင်စီ ပြဋ္ဌာန်းလိုက်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ပုဒ်မတွေ

တိုင်းရင်းသားလူနည်းစု၊ လူမျိုးရေးနဲ့ ဘာသာရေးအစုအဖွဲ့တွေအပေါ်မှာ လူမျိုးတုံးသတ်ဖြတ်တဲ့ ကျူးလွန်မှုတွေကို သေဒဏ်အထိ အပြစ်ပေးအရေးယူနိုင်တဲ့ ပုဒ်မတွေကို စစ်ကောင်စီက သြဂုတ်လ ၂၄ ရက်မှာ ရာဇသတ်ကြီးဥပဒေထဲမှာ ဖြည့်စွက် ပြဋ္ဌာန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ဆိုပြီး အိုင်စီဂျေ နိုင်ငံတကာတရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့အချိန်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် စစ်ကောင်စီကို အိုင်စီစီ နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာ အမျိုးသားညီညွတ်ရေးအစိုးရက တရားစွဲဆိုဖို့ ပြင်ဆင်နေချိန်မှာပဲ မြန်မာနိုင်ငံတွင်းမှာ ပထမဆုံးအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ဆိုင်တဲ့ ပုဒ်မတွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာ ပြင်ဆင်ပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက်ဟာ ပြည်တွင်းမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ကိုင်တွယ်ဆောင်ရွက်တာတွေ ရှိနေပြီဆိုတဲ့အကြောင်း နိုင်ငံတကာကို ပြသဖို့နဲ့ စစ်ကောင်စီတပ်တွေကို ဆန့်ကျင်သူတွေအပေါ် ဖိနှိပ်အရေးယူဖို့ သက်သက်သာ ဖြစ်တယ်လို့ ဥပဒေ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

"အိုင်စီစီနဲ့ အိုင်စီဂျေမှာ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီရဲ့ အခြေအနေအပေါ်မှာ သင့်တင့်မျှတတဲ့ ကုစားမှု လျော့ပါးမှု ရနိုင်ဖို့ ရည်ရွယ်တယ်။ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့လည်း စစ်ကောင်စီအနေနဲ့ အလေးထားပြီးဆောင်ရွက်နေတယ်ဆိုတာကို ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့နိုင်ငံတွေကို ပြယုဂ်အနေနဲ့ ပြချင်တဲ့ အနေအထားလည်း ရှိတယ်။ နောက်တခါ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဥ်တွေအရ စစ်ကောင်စီရဲ့ လက်အောက်ခံ သတင်းပေးတွေ၊ ဒလန်တွေ၊ ကျေးလက်အုပ်ချုပ်ရေးမှူးတွေ သူတို့ကို ထောက်ခံနေတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေအပေါ်မှာ သတ်ဖြတ်တဲ့ ကျူးလွန်မှုတွေကိုလည်း ဒီလို ပြဋ္ဌာန်းပြီးတော့ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူချင်တဲ့ ရည်ရွယ်ချက်လည်း ပါတယ်" လို့ ဥပဒေရေးရာ ပညာရှင် ဦးခင်မောင်မြင့်က ထောက်ပြပါတယ်။

လူနည်းစု တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ မြန်မာနိုင်ငံတွင်မှာ နေထိုင်သူတွေအားလုံးကို လူမျိုးတုံး သတ်ဖြတ်မှုအန္တရာယ်ကနေ အကာကွယ်ပေးနိုင်မယ့် ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်မှာလည်း ကြိုးစားခဲ့တာတွေ ရှိပါတယ်။

ဒါပေမဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆိုင်တဲ့ ဥပဒေဟာ ရာဇသတ်ကြီး ဥပဒေထဲမှာ ဖြည့်စွက်ထည့်သွင်းလိုက်ရုံနဲ့ မလုံလောက်ဘဲ တိုင်းရင်းသားမျိုးနွယ်စုတွေသာမက အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံအတွင်းမှာ ရောက်ရှိနေတဲ့ တခြားလူ့အဖွဲ့အစည်းတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ ဒီထက်ကျယ်ပြန့်တဲ့ ခိုင်ခိုင်မာမာရှိတဲ့ ဥပဒေတရပ်အဖြစ် ပြဋ္ဌာန်းပေးဖို့ လိုအပ်တယ်လို့လည်း ဦးခင်မောင်မြင့်က ဆိုပါတယ်။

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကလည်း "ဒါဟာ အိုင်စီဂျေ တရားရုံးမှာ မြန်မာဘက်က ပြန်လည် ချေပခွင့် တင်ရမယ့်အချိန်နဲ့တွက်ပြီး လုပ်တာဖြစ်တယ်။ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို တရားစီရင်ပေးဖို့ NUG အစိုးရက အိုင်စီစီမှာ တောင်းဆိုထားတဲ့အချိန်မှာ စစ်ကောင်စီတပ်တွေဘက်က ကြိုပြီး ပြင်ဆင်တာ ဖြစ်နိုင်တယ်။ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ရာဇသတ်ကြီးဥပဒေမှာ ပြဋ္ဌာန်းပြီး တရားစီရင်နိုင်အောင် ပြင်ဆင်ထားပါတယ်ဆိုတာကို ပြသချင်တာ ဖြစ်တယ်" လို့ သုံးသပ်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ အခုလိုမျိုး ဥပဒေတွေ ရှိဖို့ လိုအပ်ပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ဆောင်မှုနဲ့ ဒီပုဒ်မတွေ ပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက်တွေကိုတော့ လူအများက ဝေဖန်ပြောဆိုနေကြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီ ပြန်ကြားရေးဌာနကတော့ မြန်မာနိုင်ငံဟာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့သက်ဆိုင်တဲ့ ဂျနီဗာကွန်းဗန်းရှင်းအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တာကြောင့် ကာကွယ်ရေးနဲ့ ပြစ်ဒဏ်ပေးရေးအတွက် ဒီဥပဒေကို ပြဋ္ဌာန်းပေးလိုက်တာလို့ တုံ့ပြန်ပြောဆိုထားပါတယ်။

ပြင်ဆင်လိုက်တဲ့ ပုဒ်မတွေ

လူသတ်ဓားပြမှုတွေ ကျူးလွန်သူတွေကို ထောင်တသက်တကျွန်းနဲ့ ငွေဒဏ်တွေ ချမှတ်နိုင်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၁၁ အောက်မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆိုင်တဲ့ ပုဒ်မခွဲတွေကို စစ်ကောင်စီက ဖြည့်စွက်ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။

၃၁၁ - က မှာ အပိုဒ်ငယ် ၅ ခု ပါ၀င်ပြီး နိုင်ငံသားတွေ၊ တိုင်းရင်းသား၊ လူမျိုးရေးနဲ့ ဘာသာရေး အစုအဖွဲ့တခုလုံး ဒါမှမဟုတ် တစိတ်တပိုင်းကို ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီသူတွေကို သတ်ဖြတ်တာ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိခိုက်နာကျင်အောင် လုပ်တာ၊ တည်ဆဲဥပဒေတွေနဲ့ မညီဘဲ ကလေးမွေးဖွားနှုန်းကို တားမြစ်ဖို့အတွက် စည်းကမ်းချက်တွေ သတ်မှတ်တာ၊ ကလေးသူငယ်တွေကို အဖွဲ့တဖွဲ့ကနေ တဖွဲ့ အတင်းအဓမ္မ ပြောင်းရွှေ့တာဟာ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်တာ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပုဒ်မ ၃၁၁-က၊ ပုဒ်မခွဲ (က) အရ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တဲ့ ဘယ်သူ့ကို မဆို သေဒဏ် နဲ့ ငွေဒဏ်ပါ ချမှတ်အရေးယူနိုင်တယ်လို့ ပုဒ်မ ၃၁၁-ခ မှာ ပြဋ္ဌာန်းထားပါတယ်။

ဒါ့အပြင် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိခိုက်နာကျင်အောင်လုပ်တဲ့ ကျန်ပုဒ်မခွဲငယ်တွေအရ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်သူတွေကို ထောင် တသက်တကျွန်း နဲ့ ငွေဒဏ်ချမှတ်သွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံကလူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့သက်ဆိုင်တဲ့ ဂျနီဗာကွန်းဗန်းရှင်းကို ၁၉၄၉ ခုနှစ်ကတည်းက ကနဦး လက်မှတ်ရေးထိုးပြီး ၁၉၅၆ ခုနှစ်မှာ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပေမယ့် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ဆိုင်တဲ့ ပုဒ်မတွေကိုတော့ အာဏာသိမ်းစစ်တပ်က အခုအချိန်ကျမှ ပထမဆုံးအကြိမ် ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။