နေပြည်တော် ခြံအမှတ်(၁)က ပို့သတဲ့ မေတ္တာ

ပြီးခဲ့တဲ့ ရုံးချိန်းတွေက တရားလိုတွေ အကြောင်း အမှုတွေအကြောင်း သက်သေ အကြောင်းတွေကိုသာ များသောအားဖြင့် ကြားရလေ့ရှိတဲ့ နေပြည်တော် ခြံအမှတ်( ၁ )တရားရုံးချိန်းရဲ့ အခုတစ်ပတ် ဇွန်လ ၂၈ ရက် ရုံးချိန်းချိန်းအပြီးမှာ အဲ့ဒီ အကြောင်းတွေ မဟုတ်ပဲ ထူးခြားတဲ့ သတင်းတစ်ခု ရှေ့နေတွေက တစ်ဆင့် ဒီကနေ့ကြားခဲ့ရပါတယ်။

အဲဒါကတော့ စစ်အာဏာသိမ်းပြီနောက်ပိုင်း ဇွန်လလယ်လောက် ကတည်းက တစ်ရိပ်ရိပ် တက်လာနေခဲ့တဲ့ မြန်မာနိုင်ငံက ကိုဗစ်ရောဂါဖြစ်ပွားမှုတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်တဲ့ မေတ္တာစကားလို့ မှတ်ယူလို့ရတဲ့ စကားဖြစ်ပါတယ်။

"အမေက သူက တအားစိတ်ပူနေတယ်၊ ကိုဗစ်နဲ့ ပတ်သက်လို့ ပြည်သူတွေအားလုံး ဂရုတစိုက်နေကြဖို့ကိုလည်း မှာပါတယ်ရှင့် "လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ဒီကနေ့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မနေ့က ဇွန်လ ၂၇ ရက်နေ့မှာတော့ စစ်ကောင်စီအာဏာသိမ်းပြီး ငါးလခန့်အတွင်း မြန်မာနိုင်ငံမှာ ကူးစက်မှုနှုန်း ၁၇ ရာခိုင်နှုန်းကျော်ရှိတာတွေ့ရပြီး ကိုဗစ် တတိယလှိုင်းမှာ အများဆုံး ပိုးတွေ့ရာနှုန်းလည်းဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ‌‌ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ ဖေ့ဘုတ်မှာ ရေးခဲ့ပါတယ်။

"တစ်နိုင်ငံလုံး အတိုင်းအတာမှာ ကိုဗစ် ဘယ်လိုဖြစ်နေပြီဆိုတဲ့ အနေအထားရယ်၊နေပြည်တော်က ကိုဗစ် အခြေအနေကို သူက သိချင်လို့မေးတာရှိပါတယ်"လို့လည်း ဒေါ်မင်းမင်းစိုးကပြောပါတယ်။

"ခါတိုင်း သူပြောနေသလိုပါပဲ၊ နှာခေါင်းစည်းတပ်ဖို့၊ လက်ဆေးဖို့ကို လည်း ပြောပါတယ် ။ကျွန်မတို့ရှေ့နေတွေကိုလည်း ဂရုစိုက်ကြဖို့ အခုကာလမှာ ပိုပြီး ဂရုစိုက်ကြဖို့ကိုလည်း မှာခဲ့တယ်"လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခုလို မှာကြားခဲ့တာကတော့ နေပြည်တော်မှာ ဒီက‌နေ့ ဇွန်လ ၂၈ ရက်မှာ စတင်ခဲ့တရားခွင် မစတင်ခင်သီးသန့်တွေ့တဲ့ အချိန်မှာ ပြောကြားခဲ့တာဖြစ်တယ်လို့လည်း ဒေါ်မင်းမင်းစိုးကပြောပါတယ်။

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရတဲ့ အချိန်က ခါတိုင်းလောက် တွေ့ခွင့်မရခဲ့ဘဲ မိနစ် ၂၀ ကျော်လောက်ဘဲ တွေ့ခွင့်ရခဲ့တယ်လို့ လည်း ဒေါ်မင်းမင်းစိုး ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ကိုဗစ် ရောဂါစစ်ဆေး သူ ၄၆၂၉ ဦးမှာ ပိုးတွေ့သူ ၈၀၄ ဦး ရှိပြီး ပိုးတွေ့ သူရာခိုင်နှုန်း (၁၇.၃၇%) ရှိပြီး အခုကိုဗစ်တတိယလှိုင်းကာလမှာ လက်ရှိအချိန်ထိ အများဆုံး ပိုးတွေ့ရာနှုန်းလည်းဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့ဘုတ်မှာ ရေးပါတယ်။

ဇွန်လ ၂၇ ရက်နေ့က ပိုးတွေ့သူအများဆုံးမြို့ကတော့ စစ်ကိုင်းတိုင်း ကလေးမြို့ဖြစ်ပြီး တစ်နိုင်ငံလုံး ကိုဗစ်အတည်ပြုပိုးတွေ့သူလူနာရဲ့ ၁၀ ရာခိုင်နှုန်းခန့်လည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကိုဗစ် အတည်ပြုလူနာ ၈၃ ဦးနဲ့ အများဆုံးဖြစ်ပြီးတော့ တမူးမြို့က ၄၁ ဦးဖြစ်ပါတယ်။

ဇွန်လ ၂ ၇ ရက်နေ့က stay at Home သတ်မှတ်ခဲ့တဲ့ လောက်ကိုင်ကတော့ ပြီးခဲ့တဲ့ ၂၆ ရက်နေ့ က လူ၅၀ ကျော်ကူးစက်ခဲ့ပါတယ်။

ဇွန်လ ၂၇ ရက်နေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ နေပြည်တော်က ကူးစက်ခံရသူ အတည်ပြုလူနာ ၁၂ ဦးပဲရှိခဲ့ပါတယ်။

ဒါပေမယ့် နေပြည်တော်မှာ ဇွန်လ ၂၅ ရက်နေ့က ဇမ္ဗူသီရီမြို့နယ်မှာ လူတစ်ရာကျော် ကိုဗစ်အတည်ပြုလူနာ အဖြစ်တွေ့ရှိခဲ့ပါတယ်။

ဇွန်လ ၂၅ ရက်နေ့က ကလေးမြို့ခရစ်ယာန်သုသာန်မှာ လူ ၁၆ ယောက်ကို သင်္ဂြိုဟ်ခဲ့ပါတယ်။ အများစုဟာ ကိုဗစ်လက္ခဏာပြပြီး သေဆုံးခဲ့သူတွေလို့ မြို့ခံတွေကဆိုကြပါတယ်။ တခြားသုသာန်တွေမှာ သင်္ဂြိုဟ်ခဲ့သူတွေကိုပါ ထည့်တွက်ရင် စုစုပေါင်း ၂၂ ဦးရှိတယ်လို့ဆိုပါတယ်။ ဇွန်လ ၂၄ ရက်နေ့ကလည်း ၁၄ ဦးသေဆုံးခဲ့ပါတယ်။

ကလေးမြို့ အိတ်စွပ်ကိုဗစ်စင်တာမှာ ပြုစုထားတဲ့ ကိုဗစ်နဲ့သေဆုံးသူစာရင်းကတော့ စုစုပေါင်း ၃၀ ကျော်ပဲရှိပါသေးတယ်။ ဒါပေမဲ့ ဆေးရုံလည်းမတက် ကိုဗစ်စင်တာကိုလည်း မလာဘဲ ရပ်ကွက်ထဲမှာ သေဆုံးနေသူ အရေအတွက်က ပိုများနေတယ်လို့ ကလေးမြို့ခံ တစ်ဦးဖြစ်တဲ့ ဒေါ်အေးက ဘီဘီစီကို ပြောခဲ့ပါတယ်။

ဒါအပြင် ဇွန်လ ၂၆ ရက်နေ့က အောင်မင်္ဂလာ အဝေးပြေးကားပေါ်မှာလည်း အဝေးပြေးကားမောင်းသူတစ်ဦး ကားပေါ်မှာ သေဆုံးနေတာတွေ့ခဲ့ပြီး စစ်ကြည့်တဲ့ အခါမှာ ကိုဗစ် ရောဂါကူးစက်နေတာ တွေ့ရတယ်လို့ အဝေးပြေးယာဥ်လိုင်းတွေထံက သိရပါတယ်။

ဆေးရုံတွေမှာ လက်ခံနိုင်တဲ့ လူနာအရေအတွက်က အကန့်အသတ်ဖြစ်နေသလို ရန်ကုန်ဆေးရုံကြီးလို ပြည်သူအများစု အားထားရတဲ့ ဆေးရုံတွေကလည်း ၂၄ နာရီ ကျန်းမာရေးစောင့်ရှောက်မှုရဖို့ အခက်အခဲတွေရှိနေတယ်လို့ ဆေးရုံကြီးဝန်ထမ်း အချို့က ဘီဘီစီကိုပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ မတ်လက ကိုဗစ်ရောဂါဖြစ်ပွားမှုတွေနဲ့ ပတ်သက်လို့ ပြည်သူလူထုကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းတွေပြောခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၀ မေလ ကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်က ဆစ်ဆင့် ဖိတ်ခေါ်ထားပြီး ကိုယ်တိုင်ဖန်တီးတဲ့ Mask နှာခေါင်းစည်းချုပ်ပြိုင်ပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။

နိုင်ငံ အနှံ့ကိုဗစ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး လူထုနဲ့ အွန်လိုင်းက တိုက်ရိုက် ပြောဆိုဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ သူ့ကို ပုဒ်မ ၆ ခု၊ အမှု ၇ မှုနဲ့ တရားစွဲ ခံထားရပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတချို့ကို ဇွန်လ ၁၄ ရက်က ပထမဆုံး စတင် ကြားနာစစ်ဆေးခဲ့ပါတယ်။

သူ့ကို စွဲထားတဲ့ အမူတွေထဲမှာ တော့ ကိုဗစ်ကာလ စည်းကမ်းတွေချိုးဖောက်တယ်ဆိုပြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ နဲ့ ရဲမှူး မြင့်နိုင်နဲ့ ဦးထွန်းမြင့်အောင်တို့က စွဲဆိုထားတာဖြစ်ပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ကို စက်တင်ဘာ ၉ ရက်နေ့က NLD ပါတီရဲ့ လူ ၇၀၀ ကျော်ပါဝင်တဲ့ မဲဆွယ် ယာဉ်တန်းကို ကြိုဆိုနှုတ်ဆက်ခဲ့တာကြောင့် သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ အရေးယူထားတာဖြစ်တယ်လို့ စစ်ကောင်စီကကြေညာခဲ့ပါတယ်။

နေပြည်တော်မှာ ပြီးခဲ့တဲ့ ၂၀၂၁ မေလ ကစပြီး ခြံနံပါတ် (၁) တရားခွင်မှာ သူ့ရဲ့အမှုကို စစစ်ပါတယ်။ အိမ်တစ်လုံးထဲက အခန်းတစ်ခန်းကို တရားခွင်ပုံစံ အားချင်းပြင်ဆင်ထားတဲ့ တရားခွင်ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒါကို အထူးတရားရုံးလို့ အမည်တပ်ပါတယ်။

ဒီကနေ့ ဇွန်လ ၂၈ ရက်နေ့ ကတော့ တရားလိုပြ သက်သေတွေကို စစ်ဆေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

"ကျန်းကျန်းမာမာရှိပါတယ်၊ လန်းလန်းဆန်းဆန်း သွက်သွက်လက်လက်ရှိပါတယ် ၊ဆင်စွယ်ရောင်ရင်ဖုံး အရှည်လေးနဲ့ နက်ပြာအခံ ဆင်စွယ်ချိတ်ကလေးဝတ်ထားပါတယ်လို့ "လည်းသူကပြောပါတယ်။

ရဲမှူးမြင့်နိုင်က ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ ကိုဗစ်ကာလ စည်းကမ်းဖောက်လို့ဆိုတဲ့ ကြိုဆိုနှုတ်ဆက်ခဲ့တာကြောင့် သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ပတ်သက်ပြီးတော့ သက်သေ ၉ ဦးတင်ထားပြီး ၄ ဦးစစ်ပြီးပြီလို့လည်း ရှေ့နေတွေက ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၂၈ ရက် ရှေ့နေတွေနဲ့ သီးသန့်တွေ့ခွင့်ရတဲ့ တရားရုံးချိန်းမတိုင်ခင်တွေ့ဆုံမှုမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာမှာ ကိုဗစ် ဘယ်လိုဖြစ်နေတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေဂရုစိုက်ကြဖို့မှာလိုက်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

အားလုံး Mask တပ်ကြပါ၊ လက်ဆေးကြပါလို့ ပိုပြီးတော့ဂရုစိုက်ကြပါလို့ လည်းဒေါ်အောင်ဆန်းစုကြည်က မှာခဲ့တယ်လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။