မြန်မာစစ်တပ်ကိုလက်နက်ရောင်းချမှုဆိုင်းငံ့ရေး ကမ္ဘာ့နိုင်ငံတွေ ဘယ်လိုရပ်တည်သလဲ

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ဆိုင်းငံ့ဖို့အပြင်၊ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့ အချက်တွေပါ ပါဝင်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၁၈ ရက်မှာ အတည်ပြုပေးလိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံတွေထဲက ၁၁၉ နိုင်ငံက ထောက်ခံပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံက ကြားနေ မဲပေးခဲ့ကာ ဘယ်လာရုဇ်နိုင်ငံတစ်နိုင်ငံတည်း ကန့်ကွက်မဲပေးခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ရပ်တည်ချက်

အထွေထွေညီလာခံတက်ရောက်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှာ ၆ နိုင်ငံက ဒီဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့ပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေထဲက မြန်မာနဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့အပြင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်း စတဲ့ ၄ နိုင်ငံကတော့ မဲမပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မဲမပေးဖို့ဆုံးဖြတ်ခဲ့ကြတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတော့ မြန်မာ့အရေးမှာ အာဆီယံရဲ့ကြားဝင်ညှိနှိုင်း အဖြေရှာမှုကို အလေးထားပြောသွားကြသလို အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ ဘုံသဘောတူညီ ချက် ၅ ချက်ကို အဓိကထားတဲ့အကြောင်း ပြောသွားခဲ့ကြပါတယ်။

မြန်မာ့အရေး ပူးပေါင်းဖို့ အသင့် ဆိုတဲ့ အာရှနိုင်ငံတွေ

ဒီဆုံးဖြတ်ချက်ကို ထောက်ခံတဲ့ အာရှနိုင်ငံတွေထဲမှာ မြန်မာ့အရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပဲ လို့ပြောလာတာက စင်ကာပူနဲ့ ဂျပန်နိုင်ငံတို့အပြင် တောင်ကိုရီးယားနိုင်ငံလည်း ပါဝင်ပါတယ်။

စင်ကာပူနိုင်ငံကတော့ ကုလညီလာခံရဲ့အခုဆုံးဖြတ်ချက်ဟာ အာဆီယံခေါင်းဆောင်တွေကြား ရထားတဲ့ သဘောတူညီချက် ၅ ချက်ပါ အကျဉ်းသားတွေ အားလုံးလွှတ်ပေးရေးတောင်းဆိုချက်လည်း ပါဝင်နေလို့ စင်ကာပူရဲ့ရပ်တည်ချက်ကို ထင်ဟပ်တာကြောင့် ဒီဆုံးဖြတ်ချက်ကို ထောက်ခံတာလို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားအကျဉ်းသားတွေအပါအဝင် ထိန်းသိမ်းခံအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုသလို စင်ကာပူအနေနဲ့ လုပ်နိုင်တဲ့အပိုင်းကို လုပ်ဆောင်ဖို့ အဆင့်ပဲဆိုပြီး ထပ်လောင်းပြောထားပါတယ်။

ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့တဲ့ ဂျပန်နိုင်ငံရဲ့သံတမန်ကတော့ အခုမဲပေးမှုမှာ ဒေသတွင်း နိုင်ငံတချို့ က မဲမပေးဖို့ ဆုံးဖြတ်ခဲ့တာမြင်ရပေမဲ့ မဲထည့်တဲ့နိုင်ငံအတော်များပြားခဲ့လို့ ဒါကို ကြည့်ရင် မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာက ဆန့်ကျင်တယ်ဆိုတဲ့ ဆန္ဒကိုမြင်ရမှာဖြစ်ပြီး စစ်တပ်အနေနဲ့ ဒေသတွင်း နိုင်ငံတချို့ မဲမပေးတာကို ထောက်ခံမှုလို့ မမှတ်ယူသင့်ဘူးလို့ ပြောပါတယ်။

ဂျပန်ဟာ တောင်းဆိုနေကျအတိုင်း မြန်မာစစ်တပ်ကို အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ထပ်လောင်း တောင်း ဆိုသလို ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ တိုက်တွန်း တယ်လို့လည်း သူက ပြောပါတယ်။

မဲမပေးတဲ့ နိုင်ငံတွေကတော့ မြန်မာ့အရေးဟာ ပြည်တွင်းရေးလို့ ထောက်ပြ

မဲမပေးဖို့ ဆုံးဖြတ်ခဲ့ကြတဲ့နိုင်ငံတချို့ကတော့ မြန်မာ့အကျပ်အတည်းဟာ ပြည်တွင်းရေးဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

ဒါပေမဲ့ ဒါကိုတော့ ကနေဒါသံတမန်က ငြင်းပါတယ်။ မြန်မာ့အရေးဟာ နိုင်ငံတနိုင်ငံရဲ့ပြည်တွင်းရေးဆိုတဲ့ခေါင်းစဉ်အောက်ကမသွားဘဲ လူ့အသက်တွေကို ကယ်ဆယ်တာ၊ သတ်ဖြတ်မှုတွေရပ်အောင်လုပ်တာ၊ နိုင်ငံတွေ ငြိမ်းချမ်းအောင်လုပ်တဲ့ခေါင်းစဉ်အောက်က သွားတာဖြစ်တယ်လို့မြင်ဖို့ တိုက်တွန်းပါတယ်။

ဒါ့ပြင် အခုလိုမဲပေးဆုံးဖြတ်တာဟာ နောင်မျိုးဆက်တွေ စစ်ဘေးစစ်ဒဏ်မခံရအောင် ကယ်ဆယ်ဖို့ ဖြစ်ပြီး အခုဆို မြန်မာပြည်မှာ စစ်ဘေးဒဏ်သင့်တဲ့မျိုးဆက်တွေ သက်ရှိထင်ရှားရှိနေတာကို သူက ထောက်ပြပါတယ်။

အစည်းအဝေးပွဲတက် သံတမန်တချို့ကတော့ ကုလရဲ့အခုဆုံးဖြတ်ချက်ဟာ ရခိုင်ပြည်နယ်ထဲက ပဋိပက္ခတွေကြောင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာမွတ်စလင်အရေးဖြေရှင်းမှု မပါဘူးလို့ ထောက်ပြကြပါတယ်။

ဒီလိုထောက်ပြတဲ့ နိုင်ငံတွေထဲမှာ ဒုက္ခသည်တွေကို လက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရခိုင်မှာ အကူအညီပေးတာတွေ လုပ်နေတဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံတို့ ပါဝင်ပါတယ်။

ကုလသမဂ္ဂသံတမန်ဘာပြောလဲ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ခရစ္စတင်းရှနာဘာဂနာကလည်း မြန်မာ့အရေး ဒီ အထွေထွေညီလာခံမှာ သူဆောင်ရွက်နေရတဲ့အခြေအနေကို ရှင်းပြခဲ့ပါတယ်။

"ပြည်တွင်းစစ်ကြီးလာနိုင်တဲ့အန္တရာယ်ရှိပါတယ်။ အချိန်က သိပ်ကို အရေးပါနေပါတယ်။ စစ်အာဏာသိမ်းမှုကို နောက်ကြောင်းပြန်လှည့်ဖို့ အခွင့်အလမ်းက သိပ်ကို ကျဉ်းမြောင်းနေပြီ"လို့ အထူးကိုယ်စားလှယ် က ညီလာခံမှာပြောပါတယ်။

အထူးကိုယ်စားလှယ်ဟာ အဲဒီ ဇွန်လ ၁၈ ရက်နေ့မှာပဲ တစ်ရက်တည်း ကျင်းပတဲ့ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်း အဝေးမှာလည်း မြန်မာနိုင်ငံအခြေအနေကို တင်ပြခဲ့တာရှိပေမဲ့ အဲဒီကောင်စီအစည်းအဝေးအပြီး ကြေညာချက်တစ်စုံတရာတော့ ထွက်လာတာမရှိသေးပါဘူး။

တဖက်မှာလည်း မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အထူးကိုယစားလှယ်ရဲ့ မြန်မာပြည်တွင်းခရီးစဉ် အမြန်ဆုံးပေါ်ပေါက်ရေး အရေးကြီးတယ်ဆိုတာကို အထွေထွေညီလာခံဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ကြတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့အပြင် တောင်ကိုရီးယားနိုင်ငံတို့က လည်း ထောက်ပြခဲ့တာမျိုးရှိပါတယ်။

မြန်မာကို လက်နက်ပို့နေတဲ့ နိုင်ငံကြီးတွေရဲ့ ညီလာခံမှာ တုံ့ပြန်မှု

အထွေထွေညီလာခံဆုံးဖြတ်ချက်ကို မဲမပေးခဲ့ကြတဲ့ နိုင်ငံကြီးတွေထဲမှာ မြန်မာနိုင်ငံနဲ့လက်နက်ရောင်းဝယ်မှုတွေရှိတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့လည်း ပါဝင်ပါတယ်။

ရုရှားသံတမန်ကတော့ "အခုဆုံးဖြတ်ချက်စာသားဟာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံတည်းရဲ့လုံခြုံရေးဆိုင်ရာကိုပဲ ဦးတည်နေသလို နိုင်ငံရေးနွှယ်တဲ့သဘောတရားကြောင့် တစ်ဖက်စောင်းနင်းဖြစ်နေတယ်ပါတယ်။ နေပြည်တော်က အာဏာပိုင်တွေကိုပဲ ဝေဖန်ထားတာတွေ့ရပြီး မြန်မာနိုင်ငံထဲက တခြားနိုင်ငံရေး ဆက်နွှယ်တဲ့ကိစ္စတွေကို ထောက်ပြထားတာမျိုး မရှိဘူး။ ပိတ်ဆို့မှုတွေနဲ့ သံခင်းတမန်ခင်း ဖိအားပေးမှုတွေဟာ မြန်မာနိုင်ငံကို ပြည်တွင်းပဋိပက္ခမြင့်တက်စေတာကိုပဲ ဦးတည်စေပါလိမ့်မယ်" ဆိုပြီးပြောပါတယ်။

တရုတ်နိုင်ငံ သံတမန်ကတော့ မြန်မာ့အရေး အာဆီယံရဲ့ကြားဝင်ဖြေရှင်မှု အရေးကြီးတဲ့အကြောင်းကို အလေးထားပြောသွားသလို ပိတ်ဆို့မှုတွေလုပ်လိုက်တာဟာ ထိရောက်မှုမရှိဘဲ မြန်မာ့ပြည်တွင်းရေး ဆိုးရွားအောင်လုပ်ဆောင်တာဖြစ်တာကို သတိချပ်ဖို့ ပြောပြီး ဆုံးဖြတ်ချက်ကို မဲမပေးတဲ့အကြောင်း ရှင်းသွားပါတယ်။

ဒီအစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကနေ ခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံတမန် ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့ပါတယ်။

ဦးကျော်မိုးထွန်းကတော့ ကုလညီလာခံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ မြန်မာကိုယ်စား ဒီဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ပေမဲ့ သူ့အပြောအရဆိုရင် အနှစ်သာရလျော့သွားတဲ့ အခုဒီဆုံးဖြတ်ချက်ကို ညီလာခံမှာ အတည်ပြုဖို့ အချိန်တွေကြာခဲ့တာကို စိတ်ပျက်မိတယ်ဆိုပြီး ပြောထားပါတယ်။