မင်းတပ်တစ်မြို့လုံးဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့နေရ

မုတ်သုံမိုးနဲ့လေပြင်းကြောင့် တောထဲပုန်းရှောင်နေသူတွေ ဒုက္ခပိုရောက်ကြရ

ဓာတ်ပုံ ရင်းမြစ်, CDF

ဓာတ်ပုံ ပုံစာ, မုတ်သုံမိုးနဲ့လေပြင်းကြောင့် တောထဲပုန်းရှောင်နေသူတွေ ဒုက္ခပိုရောက်ကြရ

မေလ ၁၈ ရက်ညနေမှာ မင်းတပ်မြို့ကနေ အလံဖြူထောင်ပြီး ထွက်ခွာသွားကြသူမြို့သူမြို့သား အများအပြားရှိခဲ့ပါတယ်။

“ကျွန်တော်တို့မြင်ရတဲ့ ဘက်ကနေ ထွက်သွားကြတာကတော့ လေးထောင်၊ ငါးထောင် လောက်ရှိမယ်။ လူတွေက လမ်းမျိုးစုံကနေ ပုံစံမျိုးစုံကနေ ထွက်ခွာနေကြတာ။ အားလုံးစုစုပေါင်း ဘယ်လောက် ရှိမယ်ဆိုတာတော့ ဘယ်သူမှ မပြောနိုင်ဘူး။ စစ်တပ်က အလံဖြူထောင်ပြီး ထွက်ရင် ညနေ ၄ နာရီအထိထွက်ခွင့်ပေးမယ်လို့ ပြောထားပါတယ်။”

လမ်းမကြီးတွေကနေ အလံဖြူထောင်ပြီး ဆိုင်ကယ်တွေနဲ့ ထွက်ခွာသွားကြသူတွေရှိသလို၊ နီးစပ်ရာရွာတွေကို နီးစပ်ရာလမ်းတွေကနေ ထွက်ခွာသွားကြသူတွေလည်း ရှိပါတယ်။ ကိုယ်နဲ့နီးတဲ့နေရာကနေ လူဘယ်လောက် ထွက်ခွာသွားတယ်ဆိုတာသာ ပြောနိုင်ပြီး စုစုပေါင်း ဘယ်လောက်ရှိမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးလို့ မင်းတပ်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မင်းတပ်ကာကွယ်ရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဆလိုင်းတူးမီးကလည်း မြို့ထဲကနေ လူ ၇၀ ရာနှုန်းလောက်ထွက်သွားပြီလို့ ခန့်မှန်းရပေမဲ့ အတိအကျကိုတော့ ဘယ်သူမှမသိဘူးလို့ ဆိုပါတယ်။

“မြို့ထဲမှာက သေနတ်သံတွေ ကြားနေရသေးတယ်။ သေနတ်သံတွေကြားရတယ်ဆိုတာက တိုက်ပွဲဖြစ်နေတာမဟုတ်ဘူး။ စစ်ကောင်စီလူတွေက ခြောက်လှန့်ပစ်ခတ်နေတာ။ အိမ်တွေကိုလည်း ပစ်တယ်။ မိုးပေါ်လည်းထောင်ပစ်တယ်။ အရပ်ထဲသွားတဲ့ ဆိုင်ကယ်တွေ ပစ်တယ်။ ကားတွေကို ပစ်တယ်။ လူ ငါးဆယ်၊ ခြောက်ဆယ် လောက်နဲ့ လိုက်ပစ်တာလည်း ရှိတယ်။”

အဲသလို လိုက်ပစ်တဲ့အပြင် မြို့ထဲမှာ ရေမရတော့တဲ့အတွက် အခက်အခဲ ကြီးကြီးမားမားရှိပါတယ်။ မြို့ထဲသောက်သုံးဖို့ ပိုက်ကနေ ဖြန့်ဖြူးတဲ့ရေကို စစ်ကောင်စီက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ဖြတ်တောက်ထားတယ်လို့ မင်းတပ်မြို့သူမြို့သား အများအပြားက ယုံကြည်ကြပါတယ်။

မင်းတပ်မြို့ကနေ အလံဖြူထောင်ပြီး ထွက်ခွာသွားကြသူမြို့သူမြို့သား

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မင်းတပ်မြို့ကနေ အလံဖြူထောင်ပြီး ထွက်ခွာသွားကြသူမြို့သူမြို့သား အချို့

“ရေရဖို့အတွက် မြို့အပြင်ထွက်ပြီး ရေခပ်တဲ့လူတွေကိုလည်း စစ်တပ်က လိုက်ပစ်တယ်ဗျ။ အဲဒီတော့ တော်တော်ခက်ခဲပါတယ်။ ရေခပ်တဲ့လူတွေကိုလိုက်ပစ်ရာမှာ အသေအပျောက်၊ ထိခိုက်ဒဏ်ရာရမှုရှိမရှိဆိုတာ ကျွန်တော်တို့ မသိသေးဘူး။ ဒီအချိန်မှာ သိဖို့ခက်တယ်။ ကိုယ်နဲ့ ဖုန်းဆက်လို့ရတဲ့သူ၊ ကိုယ်တိုင်မြင်လိုက်တဲ့သူက ပြောပြမှပဲ သိနိုင်တယ်။” လို့လည်း ဆလိုင်းတူးမီးကဆိုပါတယ်။

တောထဲတောင်ထဲမှာလည်း သွားလာနေသူတွေ ပုန်းခိုနေတဲ့သူတွေ အများအပြားရှိပါတယ်။ မင်းတပ်မြို့က တင်ထားတဲ့ ဗွီဒီယို တစ်ခုထဲမှာတော့ မိုးရာသီကာလမို့ မိုးသဲကြီးမဲကြီးရွာသွန်းပြီး လေပြင်းတိုက်ခိုက်နေတာကို မြင်တွေ့ရပါတယ်။

“လေတွေမိုးတွေလာနေတဲ့အပြင် အစားအသောက်ကိုလည်း ချွေတာ စားနေရတယ်။ တချို့ အစားအသောက်ပြတ်လပ်နေတယ်။ ညဆိုကြယ်မြင်လမြင် အိပ်ရတယ်။ နေ့ခင်းမှာလည်း မိုးထဲလေထဲမှာပဲ နေရတယ်။ ညဘက်မိုးရွာရင်ပိုဆိုးတယ်။ ဖျားနာနေကြတဲ့သူတွေလည်းရှိတယ်။ ဒီနေ့ ဆိုရင် အသက် ၁၃ နှစ်အရွယ်လူငယ်လေး တစ်ယောက် ဝက်ရူးပြန်ပြီး ချောက်ထဲလိမ့်ကျလို့သေသွားတယ်။” လို့လည်း စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

မြို့အနောက်ဘက် ၁၇ မိုင်အနီးနားက အိမ်တွေထဲဝင်ပြီး စစ်ကောင်စီစစ်သားတွေက ကောင်းနိုးရာရာ ပစ္စည်းတွေကို ယူနေကြတယ်လို့လည်း ဆလိုင်းတူးမီးကဆိုပါတယ်။ တချို့အိမ်တွေကို ဖျက်ဆီးတာ၊ မီးရှို့တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မေလ ၁၈ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲ မဖြစ်ပွားပါဘူး။ မေလ ၁၇ ရက်နေ့ကတော့ မြို့အနောက်ဘက် မိုင်တိုင် ၄၀ ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ရင်းဆုတ်ခွာပြီး နောက်ဆုံးမှာ တိမ်းရှောင်သွားခဲ့ကြပါတယ်။

စစ်ကောင်စီစစ်သားတွေက အိမ်တွေထဲဝင်ပြီး ပရိဘောဂတွေကိုဖျက်ဆီး

ဓာတ်ပုံ ရင်းမြစ်, CDF

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီစစ်သားတွေက အိမ်တွေထဲဝင်ပြီး ပရိဘောဂတွေကိုဖျက်ဆီး

မေလ ၁၂ ရက် ညှိနှိုင်းမှုပျက်ပြားပြီးနောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ကျဆုံးသူ ၁၄ ယောက်လောက်ရှိသွားပြီလို့ ဆလိုင်းတူးမီးကဆိုပါတယ်။

မိုင်တိုင် ၄၀ အနီးပတ်ဝန်းကျင်မှာ ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဓာတုလက်နက် အသုံးပြုမှုရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဆလိုင်းတူးမီးက စွပ်စွဲပါတယ်။

“သူတို့က အာပီဂျီတွေ၊ အမြောက်တွေနဲ့ ပစ်ကြတာဗျ။ အရင်ရက်တွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်နေကျဆိုတော့ ကျွန်တော်တို့က လက်နက်ကြီးကျည်တွေနဲ့ ယဥ်ပါးနေပါပြီ။ အရင်ကဆိုရင် လက်နက်ကြီးကျည်ကျလာရင် အသံကျယ်မယ်၊ ဗုံးဆန်ကျလာရင် လွတ်အောင်ရှောင်ရတာပဲ ရှိပါတယ်။ အခုဟာက အဲသလိုမဟုတ်ဘူး။ လက်နက်ကြီးကျည်ကျပြီး အနားကလူတွေ မူးဝေအော့အန်ကြတယ်။ အင်အားချည့်နဲ့သွားပြီး လမ်းမလျှောက်နိုင်အောင် ဖြစ်သွားတယ်။ နီးရာလူက တွဲခေါ်ကြရတယ်။ အဲသလိုမျိုး သုံးခါ၊လေးခါ လောက် ပေါက်ကွဲပြီး မူးဝေအော့အန်တဲ့လူကလည်း ငါးယောက်၊ခြောက်ယောက် လောက်ရှိတယ်။” လို့ ဆလိုင်းတူးမီးကဆိုပါတယ်။

စစ်ကောင်စီဗိုလ်ကြီးဆီက ဖမ်းဆီးရမိတယ်ဆိုတဲ့ စိတ်ကြွေဆေးတွေ

ဓာတ်ပုံ ရင်းမြစ်, CDF

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီဗိုလ်ကြီးဆီက ဖမ်းဆီးရမိတယ်ဆိုတဲ့ စိတ်ကြွေဆေးတွေ

မြို့အရှေ့ဘက်မှာ စစ်ကား ၆ စီးကို မီးရှို့ဖျက်ဆီးခဲ့စဉ်က WY အမှတ်တံဆိပ်ပါ စိတ်ကြွဆေးတချို့နဲ့ ကာမအားတိုးဆေးတွေကို ဖမ်းဆီးသိမ်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။

“ကားပေါ်ကဆေးတွေကတော့ မီးလောင်ပျက်စီးတဲ့အထဲမှာ ပါသွားတယ်။ ကျွန်တော်တို့ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးတစ်ယောက်ရဲ့ အိတ်ထဲကနေ ဆေးပြားတွေ ဖမ်းမိထားတာကိုတော့ ကျွန်တော်တို့ ဓာတ်ပုံသက်သေနဲ့ ပြနိုင်ပါတယ်။” လို့သူကဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

မေလ ၁၇ ရက်နေ့က မင်းတပ်မြို့ထဲမှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ၁၀ နှစ်အရွယ် မိန်းကလေးတယောက် လည်ပင်းကို သေနတ်ထိမှန်ခဲ့ရာမှာ ပခုက္ကူဆေးရုံကိုပို့ပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။ အခုတော့ အဲဒီမိန်းကလေးဟာ အဖျားတက်နေပြီး မသက်သာတဲ့အတွက် ညောင်ဦး၊ မြင်းခြံလမ်းကတစ်ဆင့် မန္တလေးဆေးရုံကို ဆက်လက်ပို့ဖို့ ပခုက္ကူက ပရဟိတအဖွဲ့တခုရဲ့ အကူအညီနဲ့ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။