ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြို့တွင်းပစ်ခတ်မှုတွေကြောင့် ပဲခူးမြို့ခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရ
ပဲခူးက သပိတ်ခံတပ်နေရာတွေကို ဧပြီလ ၉ ရက် မနက်ငါးနာရီခန့်မှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက ဝင်ရောက်ပစ်ခတ် ဖြိုခွင်းတာကြောင့် သေဆုံးသူဦးရေဟာ ဒါဇင်ချီရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဒါကြောင့် သေဆုံးသူအရေအတွက် အတိအကျနဲ့ပတ်သက်လို့ ဘီဘီစီက ဧပြီလ ၁၀ ရက်ထိ ဆက်လက်စုံစမ်းပြီး သိရသမျှကို ဖြည့်စွက်ဖော်ပြထားပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေရဲ့ အဓိကခံတပ်တွေကို စစ်ကောင်စီ တပ်တွေဘက်က လိုက်လံ ဝင်ရောက်စီးနင်းတိုက်ခိုက်တာတွေ လုပ်နေချိန်မှာပဲ မနေ့က မနက်ပိုင်းမှာ ပဲခူးမြို့က ခံတပ်တွေကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ခုလို သေဆုံးထိခိုက် ဒဏ်ရာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပဲခူးမြို့ ရွှေမော်ဓောဘုရားနဲ့ လိပ်ပြာကန်အနီး ဆံတော်တွင်း၊ မဂ္ဂတစ် အင်းဝင် ၊ ပုဏ္ဍားစု၊ မှော်ကန် ၊ လိပ်ပြာကန် ရပ်ကွက်တွေကို မနက် ၅ နာရီ ဝန်းကျင်မှာ စစ်ကောင်စီ တပ်တွေက ဝင်ရောက် စီးနင်းခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
မြို့ခံ လူထုဘက်က ဆိုရှယ်လစ် မဂ္ဂတစ် နဲ့ ဆံတော်တွင်း ရပ်ကွက်တွေထဲမှာ အခိုင်အမာ အခုအခံ ခံတပ်တွေ လုပ်ပြီး တည်ဆောက်ထားတဲ့ အတွက် အဲဒီခံတပ်အတားအဆီးတွေကို ကာကွယ်နေတဲ့ လူငယ်တွေနဲ့ စစ်ကောင်စီတပ်တွေက အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း အခင်းဖြစ်နေရာမှာ ရှိနေခဲ့တဲ့သူတွေက ပြောပါတယ်။
ဒါပေမဲ့ လက်နက်အင်အားနဲ့ လူအင်အားမမျှတဲ့အတွက် ခံတပ်တွေကနေ ဆုတ်ခွာရသလို စစ်ကောင်စီတပ်တွေဘက်ကတော့ စနိုက်ပါအပြင် တခြား အမည်မသိ လက်နက်ကြီးတွေလည်း သုံးခဲ့တယ်လို့ ရုပ်အလောင်းတွေကောက်တဲ့ ပရဟိတသမားတစ်ဦးက ခုလို ပြောပါတယ်။
"မဂ္ဂတစ်ထိပ်က ဘန်ကာကိုဆိုရင်ပထမဆုံး မရှင်းဂန်းလို့ ယူဆရပါတယ်။ အဲဒါနဲ့ ဆက်တိုက်ပစ်ပါတယ်။ ကျည်ကပ်ကုန်တဲ့အထိပစ်ပြီးမှ လက်နက်ကြီးနဲ့ ပစ်ပြီး ဘန်ကာကို ဖြိုခွဲပါတယ်။ အဲဒီဘန်ကာနားမှာကပ်နေတဲ့ ကလေးအယောက် ၃၀ ကျော်ရှိပါတယ်။ အဲဒီ အယောက် ၃၀ ကျော်ရဲ့ သတင်းကို ခုညနေ ငါးနာရီခွဲတဲ့အထိ လုံးဝမရသေးတာပါ။ လမ်းထိပ်တွေမှာ သဲအိတ်တွေကာထားတဲ့ နေရာမှန်သမျှကို လက်နက်ကြီးနဲ့ ပစ်ပါတယ်။ နောက် လမ်းပေါ်မှာ ခေါင်းပြူကြည့်တဲ့ ရိပ်ခနဲမြင်လိုက်ရတာကိုကအစ ပစ်ခံရပါတယ်။ အဲဒါကြောင့် လမ်းဖြတ်တွေမှာ တစ်အိမ်နဲ့တစ်အိမ်ကြား ဖြတ်ကူးမိတဲ့သူတွေလည်း ထိပါတယ်။ ခံတပ်တွေမှာ စောင့်နေတဲ့ကလေးတွေလည်း တော်တော်များများဆုံးပါတယ်" လို့ သူကပြောပြပါတယ်။
သေဆုံးသူဦးရေဟာ အယောက် ၄၀ ကျော်နိုင်တယ်လို့လည်း သူက ပြောပါတယ်။ သေဆုံးသူတွေကို မျက်မြင်တွေ့ရတဲ့ အခြေအနေမှာတော့ ရှိမနေပေမယ့် ရုပ်အလောင်းတွေထားရှိရာ နေရာက အလုပ်သမားတချို့ထံ ဖုန်းနဲ့ဆက်သွယ်မေးမြန်းချက်အရ သိရှိရတာလို့လည်း သူက ဘီဘီစီကို ပြောပါတယ်။
"အခု အလောင်းတွေပုံထားတဲ့နေရာက အလုပ်သမားတချို့နဲ့ ကျွန်တော် ဖုန်းအဆက်အသွယ် ရပါတယ်။ ဇေယျာမုနိ ဘုရားဝင်းထဲမှာ အလောင်း ၄၀ ကျော် ပုံထားတယ်လို့ ပြောပါတယ်။ ဒါကျွန်တော်တို့ လမ်းကြားတွေထဲမှာ တစ်လောင်းစ နှစ်လောင်းစ ကောက်ထားတာ မပါသေးဘူး" လို့ သူက ပြောပါတယ်။
မနက် ၅ နာရီခွဲမှာ စတင်ပစ်ခတ်ပြီးတဲ့နောက် ၁၀ နာရီ ခွဲမှာတော့ ခံတပ်တစ်ချို့ကနေ ဆုတ်ပေးခဲ့ရပြီး ဆုတ်ပေးတဲ့ လူငယ်တွေရှိတဲ့ ရပ်ကွက်တွေထဲထိ တပ်တွေက လိုက်ပြီးပစ်ခတ်တာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေလည်း များပြားခဲ့ပါတယ်။
ပဲခူးကနောက်ထပ်ပေးပို့လာတဲ့ သတင်းရင်းမြစ်တချို့ထံကသိရတာကတော့ ညနေအထိ ပဲခူးမှာ ပစ်ခတ်ခံရတာကြောင့် ကျည်ထိသူနဲ့ သေဆုံးသူ ၃၇ ယောက် ရှိနေတယ်လို့လည်း ဆိုပါတယ်။
ပဲခူး က NLD ပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေပုံက ဒီနေ့ မွန်းလွဲပိုင်းအထိ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူဦးရေ ၂၀ ကျော်ခန့်ရှိပြီး ဒဏ်ရာရသူ ၃၀ ခန့်ရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒါကြောင့် သေဆုံးအရေအတွက် အတိအကျနဲ့ပတ်သက်လို့ ဘီဘီစီဘက်က သီးခြားအတည်ပြုချက်ရဖို့ ဆက်လက် ကြိုးစားခဲ့ပါတယ်။
ဧပြီ ၉ ရက် ည ၁၀ နာရီခွဲ အချိန်အထိ ဘီဘီစီက ဆက်သွယ်မေးမြန်းချက်အရ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးသူ ဒေသခံတစ်ဦးက သူသိရှိထားရသမျှ သေဆုံးသူ ၆ ဦး ရှိပြီလို့ ဆိုပါတယ်။
ဇေယျာမုနိဘုရားဝင်းထဲမှာ အလောင်းတွေစုပုံထားတယ်ဆိုတာကိုတော့ ကြားသိထားခြင်းမရှိဘူးလို့လည်း သူက ဆိုပါတယ်။
ဧပြီလ ၁၀ ရက် ဆက်လက်မေးမြန်းစုံစမ်းမှုတွေအရ စစ်တပ်က ပြန်ရုပ်သွားတဲ့ နေရာတွေကို ပဲခူးမြို့ခံတွေက နောက်တစ်နေ့ ဧပြီ ၁၀ ရက်မှာ ဝင်ရောက်ကြည့်ရှုတဲ့အခါ အစုလိုက်အပြုံလိုက် ရုပ်အလောင်းတွေထားရှိတဲ့ လက္ခဏာမျိုး မတွေ့ရဘူးလို့ ဘီဘီစီကို ပြောပါတယ်။
မနေ့က သေဆုံးသူနဲ့ ဒဏ်ရာရသူဦးရေ အတိအကျသိရဖို့ ဘီဘီစီဘက်က ဧပြီ ၁၀ ရက်မှာ ထပ်မံ စုံစမ်းမေးမြန်းရာမှာ ပဲခူးဆေးရုံရင်ခွဲရုံကို ရောက်ရှိလာတဲ့ အရေအတွက်ကတော့ အမျိုးသားအလောင်း ၄ လောင်း ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီ ၄ လောင်းမှာ တစ်ဦးသာ မိသားစုနဲ့ ဆက်သွယ်လို့ရပြီး ကျန် ၃ လောင်းကတော့ ပိုင်ရှင်မဲ့ ဖြစ်နေဆဲပါ။
ပဲခူမြို့တွင်း အခြေအနေကတော့ ဧပြီ ၁၀ ရက် မှာ ပဲခူးမြို့၊ ပုဏ္ဏစုဘက်က နေအိမ်တွေထဲ စစ်ကောင်စီတပ်တွေဘက်ကနေ ဝင်ရောက်ရှာဖွေတာ တွေလုပ်သလို ဖမ်းဆီးသွားတာတွေလည်းရှိနေပြီး PSIစလောင်းတွေ ဖြုတ်သိမ်းဖို့နဲ့ အိမ်တွေမှာ လူစိမ်းကို လက်ခံမထားဖို့ သတိပေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။
ပဲခူးပစ်ခတ်မှုနဲ့ ပတ်သက်လို့ ပစ်ခတ်ခံရတဲ့ ခံတပ်ရှိတဲ့ အပိုင်းက မြို့ခံတွေဟာ စိုးရိမ်ကြောက်လန့်နေပြီး လူထုတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ အတည်ပြုစာရင်းတွေအရ ၁၅ ဦးထက် မနည်းရှိခဲ့ပြီး ပဲခူးမှာ အာဏာသိမ်းပီးချိန်က စပြီး ဖမ်းဆီးခံရသူ ၈၀ ကျော် ရှိနေပြီလို့ နယ်ခံတွေရဲ့ စာရင်းတွေအရ သိရပါတယ်။
ပဲခူးမှာ ဧပြီ ၉ ရက် ပစ်ခတ်မှု ဖြစ်ခဲ့သလို ဖေဖော်ဝါရီ ၇ ရက်နေ့က ဖြစ်ခဲ့တဲ့ တန့်ဆည် တိုက်ပွဲကနေလည်း သေဆုံးသူ ဟာ ၁၂ ယောက်ရှိသွားပြီလို့ ဒေသခံတွေက ပြောထားပါတယ်။