၂၀၂၁ မြန်မာစစ်အာဏာသိမ်း - တန့်ဆည်မှာ ဧပြီ ၇ ရက် ပစ်ခတ်မှု အနည်းဆုံး ၁၁ယောက် သေဆုံးခဲ့တယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Social Media
တန့်ဆည်မှာ ဧပြီ ၇ ရက်နေ့က ပစ်ခတ်မှုတွေကြောင့် အနည်းဆုံးလူ ၁၁ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံ တစ်ယောက် က ဘီဘီစီကို ပြောပါတယ်။
နောက်ထပ် သေနတ်ဒဏ်ရာရခဲ့တဲ့ လူပေါင်းကလည်း အယောက် ၃၀ ကျော် ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
နေ့စဉ်ဆိုသလို ဆန္ဒပြပွဲတွေနဲ့ မြို့လမ်းတွေအပေါ်မှာ လူမြောက်မြားစွာနဲ့စည်ကားခဲ့တဲ့ တန့်ဆည်ဟာ ဒီ ဧပြီလ ၈ ရက်နေ့မှာတော့ လမ်းတွေအပေါ် လူအသွားအလာမရှိသလောက် နည်းပါးသွားခဲ့ပါတယ်။
မနေ့က စစ်ကား ၇ စီး နဲ့ အတူ စစ်ကောင်စီ စစ်တပ်က အင်အား အနည်းဆုံး ၇၀ လောက်ဟာ မြို့ထဲကိုဝင်ဖို့ ရေဦးဘက်ကလာတဲ့ ကားလမ်းကနေ ကြိုးစားခဲ့ကြတဲ့နောက် ညနေ ၃ နာရီခွဲလောက်မှာ လူထုထဲက တစ်ချို့က ရရာလက်နက်တွေနဲ့ တားဆီးခုခံခဲ့ကြပါတယ်။
တန့်ဆည်လူထုကိုင်စွဲတဲ့ လက်နက်တွေက တူမီးသေနတ်လို အိမ်လုပ် သေနတ်မျိုးတွေသာဖြစ်ပြီး၊ စစ်ပွဲကို ဘယ်လို တိုက်ရတယ်ဆိုတာကို လေ့ကျင့်ထားကာ ချေမှုန်းရေး စက်သေနတ်တွေ ကိုင်ဆောင်ထားတဲ့ စစ်သားတွေရဲ့ ပစ်ခတ် တိုက်ခိုက်မှုကို အချိန်ကြာကြာ သူတို့ မခုခံနိုင်ခဲ့ပါဘူး။
မြို့ကလူတွေလည်းပါ၊ ရွာဘက်ကလူတွေလည်းပါဝင်တဲ့ လူထုဘက်က ခုခံ ပစ်ခတ်နေတဲ့အဖွဲ့ကို စစ်တပ်က လက်ဖြောင့်တပ်သားတွေက စနိုက်ပါ သေနတ်နဲ့ပစ်တာအပြင် သူတို့အနားက ရပ်ကွက်က အိမ်တွေထဲပါ ပစ်ထည့်နေတယ်လို့ အဲဒီ ပစ်ခတ်မှုတွေနားမှာ ရှိနေတဲ့ မြို့ခံနောက်ထပ် တစ်ယောက်က ဘီဘီစီကို ပြောပြပါတယ်။
ဘီဘီစီက သူ့ကိုဖုန်းနဲ့ လှမ်းမေးနေတဲ့အချိန်မှာ စစ်တပ်က "သေနတ်တွေနဲ့ အခုကို ပစ်နေတာဗျ" လို့ သူက ပြောပြသလို၊ သေနတ်သံတွေကိုလည်း ကြားနေခဲ့ရပါတယ်။
အိမ်လုပ်သေနတ်တွေနဲ့ ပစ်ခတ်နေကြသူတွေဟာ တဖြည်းဖြည်း နောက်ကိုဆုတ်လာရတာတွေ့ ရတယ်လို့လည်း သူက ပြောပြပါတယ်။
သေဆုံး ထိခိုက်ရတဲ့ အရေအတွက်ကို ပြောပြခဲ့တဲ့ မြို့ခံက ပရဟိတလုပ်တဲ့သူတွေက သူ့ကို ပြောပြတဲ့ အရေအတွက်ကို ပြန်ပြောပြတာဖြစ်ပြီး "လူတွေ စတင်ခုခံခဲ့တဲ့ နေရာကနေ ၂ ဖာလုံလောက် ခရီးအကွာအဝေး အတွင်းမှာ အလောင်းတွေကို ပြန်ရခဲ့ကြတာ" လို့ ဆိုပါတယ်။ မြို့လည်က ပြန်/ဆက်ရုံးရှေ့နားမှာ တစ်ယောက် ဆုံးပါးခဲ့ရတယ်လို့ လည်း သူက ပြောပါတယ်။
သေဆုံးသွားကြသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေဟာ လူငယ်၊ လူလတ်ပိုင်းတွေက အများစုလို့လည်း သိရပါတယ်။
တန့်ဆည်မြို့ပေါ်က ဆုံးပါးသူတွေလည်း ပါသလို၊ အနီးအနားရွာတွေက ဆုံးပါးကြသူတွေလည်း ပါဝင်ပါတယ်။
သေဆုံးခဲ့ရတဲ့သူတွေရဲ့ အလောင်းတွေကို ကာယကံရှင်အိမ်တွေကို ပရဟိတအဖွဲ့တွေနဲ့ ဆန္ဒပြပြည်သူတွေက ပြန်ပို့နိုင်ခဲ့ကြတယ်လို့လည်း မြို့ခံက ပြောပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့နေ့ နောက်ပိုင်း မကြာတဲ့ရက်ပိုင်းတွေအတွင်းမှာပဲ တန့်ဆည်ဟာ သောင်းကြီးချီတဲ့ လူအရေ အတွက်နဲ့ လမ်းတွေပေါ်ထွက်ကာ ဆန့်ကျင်ခဲ့ကြတာပါ။
နှစ်ငါးလုံးနေ့လို၊ မတ်လ ၂၇ ရက်နေ့လိုနေ့တွေ အပါအဝင် တစ်ချို့နေ့တွေမှာ ဆန္ဒပြသူအရေအတွက်က တန့်ဆည်လို မြို့ငယ်လေးမှာ သိန်းချီရှိခဲ့တာပါ။
ဂုဏ်ယူနေတဲ့ တန့်ဆည်သူ တန့်ဆည်သားတွေ
ဒီနေ့ ဧပြီလ ၈ ရက်နေ့ မှာ စစ်ကား အနည်းဆုံး ၆ စီးနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မြို့မှာ လှည့်လည်နေသလို၊ မြို့ဟာ ခြောက်သွေ့သွားပါတယ်။
ထို့အတူ ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေထဲက တစ်ချို့ကိုလည်း လျှို့ဝှက်နေရာတွေမှာ ထားပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးနေကြရတယ်လို့ မြို့ခံတစ်ယောက်က ပြောပြပါတယ်။
သူတို့ ချစ်ခင်သူတွေရဲ့ အလောင်းတွေကို သူတို့ရွာတွေကို ပြန်သယ်လာရပြီး ဒီနေ့မှာပဲ တိတ်တိတ်ဆိတ်ဆိတ် သင်္ဂြိုဟ်ခဲ့ရတာတွေ ရှိပါတယ်။
"စျာပနလုပ်မှာ စစ်တပ်က သိသွားရင်၊ လူတွေစုပြီး စျာပနလုပ်ရင် လာနှောင့်ယှက်မှာ၊ အလောင်းပြန်လာလုမှာကို စိုးရိမ်ခဲ့ရတယ်" လို့ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားသူတစ်ယောက်ရဲ့ ဇနီးဖြစ်သူက ဘီဘီစီကို ပြောပါတယ်။
"သူ့ယောက်ျားက နေ့တိုင်း ဆန္ဒပြပွဲမှာပါတယ်၊ ကျွန်မကတော့ တောင်သူအလုပ် နည်းနည်းပါးတဲ့အခါ လိုက်ဖြစ်တယ်"လို့ ပြောပြပါတယ်။
တန့်ဆည်ဟာ ပထမဆုံး ပစ်ခတ်မှုတွေကို ကြုံလိုက်ရတယ်၊ ဒါပေမဲ့ တန့်ဆည်လူထုက ဒီအဖြစ်ကို မေ့မှာမဟုတ်သလို၊ စစ်အာဏာရှင်ရဲ့ လက်အောက်မှာ နေရမယ့်ဘဝကို လက်ခံသွားမှာ မဟုတ်ဘူးလို့ လည်း မြို့ခံ တစ်ယောက်က ဘီဘီစီ ကို ပြောပါတယ်။
ကလေးတွေက ငယ်ငယ်လေးတွေနဲ့ ကျန်ခဲ့တာ၊ အကြီးမလေးက အခုမှ ၃ တန်းတက်မှာ၊ အငယ်လေးက အခုမှ ကျောင်းလိုက်ရမှာ၊ အငယ်ဆုံးက တစ်နှစ်သမီးလို့ ပြောပြနေတဲ့ တောင်သူ မိန်းမရွယ်က "သူတို့ရှေ့က ရပ်ပေးနေတဲ့သူ မရှိတော့ဘူးလေ၊ ခံစားရတာပေါ့။ ဒါပေမဲ့ တိုင်းပြည်အတွက် သူအခုလို အသက်ပေးသွားတာကို ဂုဏ်ယူတယ်"၊ "'ဒီတိုက်ပွဲကို ဆက်တိုက်ပေးကြပါ"လို့ ပြောပါတယ်။








