ဘိုင်ဒန် အမေရိကန်ရွေးကောက်ပွဲ အနိုင်ရ

ဘိုင်ဒန်အနိုင်ရ

အမေရိကန် ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်က ဒေါ်နယ်ထရမ့်ကို အနိုင်ရသွားလို့ အမေရိကန် သမ္မတသစ် ဖြစ်လာတော့မှာပါ။

ဂျိုးဘိုင်ဒန်က အဓိက အကြိတ်အနယ်ပြိုင်ရတဲ့ ပြည်နယ်တွေဖြစ်တဲ့ ပင်ဆယ်ဗေးနီးယားမှာ အနိုင်ရခဲ့တယ်လို့ ဘီဘီစီက ခန့်မှန်းပါတယ်။ အဲဒီမှာ အနိုင်ရခဲ့လို့ သမ္မတဖြစ်ဖို့ လိုအပ်တဲ့ သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်မဲ ၂၇၀ ကျော် ရသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ထရမ့် မဲဆွယ်ရေး အဖွဲ့ကတော့ ထရမ့်ဘက်က အရှုံးကိုလက်ခံမယ့်ပုံ မရှိတဲ့ အရိပ်လက္ခဏာပြနေပါတယ်။

အဲဒီရလဒ်ကြောင့် မစ္စတာ ထရမ့်ဟာ ၁၉၉၀ နောက်ပိုင်း သမ္မတ သက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်ရတဲ့ ပထမဆုံးသူ ဖြစ်လာပါတယ်။

ဘီဘီစီက အခုခန့်မှန်းဖော်ပြမှုဟာ တရားဝင်မကြေညာသေးပေမဲ့ ပြည်နယ်တွေက မဲရေတွက်ပြီးသလောက် ရလဒ်တွေကို အခြေခံ ဖော်ပြတာ ဖြစ်ပါတယ်။ မဲတွေ ဆက်ရေတွက်နေဆဲ ဖြစ်တဲ့ ဝစ္စကွန်ဆင် ပြည်နယ်က ရလဒ်တွေလည်း ထွက်လာဖို့ရှိပါတယ်။

သမ္မတထရမ့်ဟာ မဲတွေရေတွက်လို့ မပြီးခင်မှာကတည်းက သူ နိုင်ပြီလို့ မမှန်ဘဲ ကြေညာခဲ့ပါသေးတယ်။ အဲဒီအချိန်ကစပြီးတော့လည်း မဲပေးရာမှာ မမှန်ကန်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲမှုတွေ လုပ်ခဲ့ပေမယ့် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အထောက်အထားတော့ မပြနိုင်ခဲ့ပါဘူး။

သူ့ရဲ့ အောင်နိုင်ရေးအဖွဲ့က ပြည်နယ်အတော်များများမှာ တရားရုံးကို တင်ပြတိုင်ကြားတာတွေလုပ်ထားပါတယ်။ သောကြာနေ့မနက်ပိုင်းမှ မစ္စတာဘိုင်ဒန် အနိုင်ရဖို့ အတော်ကြီးနီးကပ်လာနေပြီလို့ဆိုတဲ့အချိန် ထရမ့်တို့ဘက်က "ဒီရွေးကောက်ပွဲ မပြီးသေးပါဘူး" လို့ ပြောခဲ့ပါတယ်။

ဘိုင်ဒန်အနိုင်ရ

အခုရွေးကောက်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ အရှိန်မြင့်တက်နေပြီး အမေရိကန်နိုင်ငံ တလွှား လူအသေအပျောက်တွေလည်း တိုးလာနေချိန်မှာ လုပ်ခဲ့တာပါ။

သမ္မတထရမ့်က ဂျိုးဘိုင်ဒန် သမ္မတဖြစ်လာရင် နိုင်ငံတဝန်းပိတ်ဆို့မှုတွေ လုပ်လာပြီး စီးပွားရေးကျဆင်းတာတွေ ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ ဂျိုးဘိုင်ဒန်ကတော့ ထရမ့်ဟာ ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်နိုင်အောင် လုံလောက်တဲ့ လိုအပ်တဲ့ လုပ်ဆောင်မှုတွေ မလုပ်ခဲ့ဘူးလို့ ပြန်လှန် စွပ်စွဲထားပါတယ်။

အခုတော့ ဂျိုးဘိုင်ဒန်ဟာ သမ္မတအိုဘားမားလက်ထက် ဒုတိယသမ္မတအဖြစ် ရှစ်နှစ်ကြာ သူအမှုထမ်းခဲ့တဲ့ အိမ်ဖြူတော်ကို ပြန်ရောက်လာတော့မှာပါ။

ဘိုင်ဒန် နိုင်ရင် ဘာတွေ ဆက်ဖြစ်နိုင်သလဲ

မစ္စတာ ဘိုင်ဒန်ဟာ အမေရိကန်အထွေထွေရွေးကောက်ပွဲ နှစ်ခုဖြစ်တဲ့ ၁၉၈၈ နဲ့ ၂၀ဝ၈ ခုနှစ်တို့မှာ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖူးခဲ့ပြီး အခု ရွေးကောက်ပွဲမှာ အနိုင်ရလို့ အသက် ၇၈ နှစ်နဲ့ အမေရိကန် သမိုင်းတလျှောက်အသက်အကြီးဆုံး သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသူ ဖြစ်လာမှာပါ။ သူ့အရင်က အသက်အကြီးဆုံး သမ္မတစံချိန်တင်ထားသူကတော့ သူ အခု ရွေးကောက်ပွဲမှာ အနိုင်ယူလိုက်တဲ့ အသက် ၇၄ နှစ်ရှိတဲ့ မစ္စတာထရမ့်ပဲ ဖြစ်ပါတော့တယ်။

မစ္စတာ ဘိုင်ဒန် အနိုင်ရတာ သေချာသွားခဲ့ရင် လုံခြုံရေး တင်းကြပ်ဖို့အတွက် အမေရိကန်ထောက်လှမ်းရေးဌာနတွေက မစ္စတာ ဘိုင်ဒန်ရဲ့ နေရပ် ဒဲလဝဲပြည်နယ် လုံခြုံရေးကို ထပ်မံ အားဖြည့်ထားပြီး ဘိုင်ဒန်ရဲ့ မွေးရပ်မြေ ဝီလ်မင်တန်မြို့ပေါ်က လေကြောင်းသွားလာမှုတွေကိုလည်း အမေရိကန် နိုင်ငံတော် လေကြောင်းသွားလာရေး ကြီးကြပ်ဌာနက ကန့်သတ်ထားတယ်လို့ဆိုပါတယ်။

မဲရရှိမှု

လက်ရှိ ရရှိတဲ့ အမေရိကန် တနိုင်ငံလုံးက မဲ စုစုပေါင်း ၁၄၅ သန်း ရှိပြီး အဲဒီ စုစုပေါင်းမှာ လက်ရှိ ရေတွက်မှုအရ ဘိုင်ဒန်က ထရမ့်ထက် မဲ လေးသန်း သာနေ ပါတယ်။

ဒါပေမယ့် အမေရိကန်ရဲ့ အထွေထွေရွေးကောက်ပွဲ စနစ် အရ ပြည်နယ်တခုချင်းအလိုက် ပြည်နယ်များများ အနိုင်ရသူကိုပဲ ရွေးချယ်တဲ့ သမ္မတ ရွေးချယ်ရေး အဖွဲ့ဝင်မဲနဲ့ပဲ ရွေးချယ်တာကြောင့် စုစုပေါင်း မဲပိုရရုံပဲ ရသူက သမ္မတ ဖြစ်လာမှာ မဟုတ်ပါဘူး။

အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံ ဥပဒေ အရကတော့ သမ္မတ အဖြစ် ရွေးကောက်ပွဲမှာ အနိုင်ရသွားသူဟာ နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး နောက် ၂ လ လောက်အကြာ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတ အဖြစ် စတင် တရားဝင် ထမ်းဆောင်ခွင့်ရှိမှာ ဖြစ်ပါတယ်။