ရဲထိပ်ပိုင်းအရာရှိကြီးတစ်ဦး လိင်အမြတ်ထုတ်မှုသတင်း နောက်ဆက်တွဲရိုက်ခတ်မှုတွေရှိနေ

အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရဲမှူးချုပ်တစ်ဦးကို စစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးတို့က ပြီးခဲ့တဲ့ရက်ပိုင်းက ပြောကြားခဲ့ပါတယ်။

အခုတိုင်ကြားခံထားရတဲ့ရဲမှူးချုပ်ကို စစ်ဆေးနေပြီး အမှန်တကယ်ပေါ်ပေါက်လာလို့ရှိရင် ရဲတရားရုံးမှာ အမှုဖွင့် အရေးယူမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ၊ ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ဇွန် ၂၂ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်

အငြိမ်းစားရဲမှူးချုပ် ဦးဝင်းခေါင်ကတော့ ဒီလိုလိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ကိစ္စမျိုး အဖြစ်အပျက်မျိုး အရင်က ရဲတပ်ဖွဲ့လောကမှာ မရှိခဲ့ကြောင်းလည်း ဘီဘီစီကို ပြောပါတယ်။

တိုင်ကြားစာကို စစ်ဆေးဆဲ

စစ်ဆေးခံနေရတဲ့ရဲမှူးချုပ်ဟာ ရာထူးခန့်ထားရေးစီမံခန့်ခွဲရတဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တယ်လိုလည်း သတင်းတွေထွက်ပေါ်ခဲ့သလို လိင်အမြတ်ထုတ်ခံရသူဟာ တစ်ဦးမက ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာခဲ့ပါတယ်။

"တိုင်ကြားစာကို စစ်ဆေးဆဲ ဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေကို ပြန်ပြောပေးပါ့မယ် " လို့ ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အဲဒီသတင်းတွေ ထွက်ပေါ်လာတဲ့နောက် အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေကို ဝေဖန်မှုတွေနဲ့ လှောင်ပြောင်ပြောဆိုမှုတချို့ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ပေမယ့် ရဲတပ်ဖွဲ့တွင်း တာဝန်ထမ်း ဆောင်နေတဲ့အမျိုးသမီး ရဲတပ်ဖွဲ့ဝင်တွေ ကို အဲဒီဖြစ်စဉ်နဲ့ယှဉ်တွဲပြီး ပြစ်တင်ပြောဆိုတာတွေလည်း ရှိလာနေတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်သာ မှန်ကန်ခဲ့မယ်ဆိုရင် စတင်တိုင်တန်းတဲ့အမျိုးသမီးတွေအပေါ် ခုလို လှောင်ပြောင်ပြောဆိုတာတွေ မပြုလုပ်သင့်ဘူးလို့ အခရာအမျိုးသမီးအဖွဲ့ တည်ထောင်သူ ဒေါ်ထားထားက ဘီဘီစီကို ပြောပါတယ်။

အဖွဲ့အစည်းရဲ့ ပုံရိပ်ကို ထိခိုက်စေသလား

အငြိမ်းစားရဲမှူးချုပ် ဦးဝင်းခေါင်ကတော့ ဒီလိုတိုင်တာ တောတာမျိုးတွေလည်း အရင်က ရဲလောကမှာ မရှိခဲ့ဘူးလို့လည်း သူရဲ့ အတွေ့အကြုံကို ပြောပါတယ်။

ဒီကိစ္စကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုလည်း တိုင်ကြားထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် ကော်မရှင်ပြောခွင့်ရသူ ဦးကျော်စိုးကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ ကော်မရှင်ဥပဒေအရ တိုင်ကြားမှုတစ်ခုနဲ့ပတ်သက်လို့ ကာယကံရှင်ကလွဲလို့ ပြင်ပကို ပြောကြားခွင့်မရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းကာကွယ်ရတဲ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်စဉ်မှားတာမှန်တာထက် ခုလိုသတင်းထွက်ပေါ်လာတာကိုက အဖွဲ့အစည်းရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့အငြိမ်းစားရဲမှူးချုပ် ဦးဝင်းခေါင်က ပြောပါတယ်။

ရဲမှူးချုပ်ကိုစုံစမ်းစစ်ဆေးမှုနဲ့ သတင်းတွေ ဆက်ထုတ်ပြန်ပေးမယ်

ယခင်က ရဲတပ်ဖွဲ့ဝင်တွေဟာ ဥပဒေချိုးဖောက်မယ်ဆိုရင် အရေးယူဖို့ ဥပဒေမရှိတဲ့အတွက် ၁၉၉၅ ခုနှစ်မှာ အခုလို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေတွေ ပေါ်ပေါက်လာတာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေ ချိုးဖောက်ချက်ကြောင့် ပြည်သူတွေက တိုင်ကြားမယ်ဆိုရင် ဒီဥပဒေနဲ့ အရေးယူနိုင်မှာဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိအစိုးရသက်တမ်း လေးနှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်း အရာရှိအဆင့်နဲ့ အခြားအဆင့်အပါအဝင် ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ကိုးထောင်ကျော်ကို ပြစ်မှုအသီးသီးနဲ့အရေးယူထားတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။