မုဒိတာအိမ်ရာက အထောက်အထားမဲ့ နိုင်ငံခြားသား တိမ်းရှောင်သူတွေ ကျန်နေဆဲလို့ဆို

ဓာတ်ပုံ ရင်းမြစ်, MOE KYAW
ရန်ကုန်မြို့ သမိုင်း မုဒိတာအိမ်ရာအတွင်း ဇွန်လ ၂၄ရက်၊ နေ့လယ်ပိုင်းလောက်မှာ ရဲ၊ လဝက၊ ထွေအုပ်အစရှိတဲ့ စုပေါင်းအဖွဲ့နဲ့ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ အထောက်အထားမဲ့ နေထိုင်နေသူ နိုင်ငံခြားသား ၂၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ အိမ်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီလိုဝင်ရောက်စစ်ဆေးတဲ့အခါမှာလည်း အိမ်တံခါးတွေကို သော့ခတ်ပိတ်ဆိုထားမှုကြောင့် ဖျက်ဆီးဝင်ရောက်ကာ ဖမ်းဆီးခဲ့ရတယ်လို့ အိမ်ရာကြီးကြပ်ရေးအဖွဲ့တွေထံကသိရပါတယ်။
ဒါပေမယ့် ဝင်ရောက်စစ်ဆေးချိန်မှာ အမြဲနေထိုင်ရာအခန်းတွေကနေ တိမ်းရှောင်နေသူတွေကိုတော့ စစ်ဆေးနိုင်ခဲ့ခြင်းမရှိဘူးလို့ မုဒိတာအိမ်ရာ အပိုင်း၁ ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဒေါ်ဥမ္မာကြည်က ဘီဘီစီကိုပြောပါတယ်။
ဇွန်လ ၂၅ ရက် မနက်ပိုင်းကပဲ အပိုင်း ၂ အတွင်း၊ တိုက်တစ်ခုရဲ့ ဒုတိယထပ်ကနေ အလားတူ နိုင်ငံခြားသားတစ်ဦးက ခုန်ဆင်းပြီး ထွက်ပြေးခဲ့တယ်လို့ သူကပြောပါတယ်။
ဒါကြောင့် ဖမ်းဆီးပြီးနောက်ပိုင်း ပြန်လာသူတွေလည်းရှိတယ်လို့သူက ဆိုပါတယ်။ အိမ်ရာကြီးကြပ်ရေးအဖွဲ့ရဲ့ စာရင်းအရဆိုရင် အဆိုပါ နိုင်ငံခြားသားတွေ နေထိုင်ကြတဲ့အခန်းတွေက အပိုင်း ၁ မှာ ၈ ခန်း၊ အပိုင်း ၂ မှာ ၁၉ ခန်းနဲ့ အပိုင်း ၃ မှာ ၃၃ ခန်းအထိရှိတယ်လို့သိရပါတယ်။
အဲဒီထဲကမှ အပိုင်း ၁ မှာဆိုရင်လည်း ၅ ခန်းကိုသာစစ်ဆေးနိုင်ပြီး ကျန်တဲ့ ၂ နဲ့ ၃မှာလည်း စစ်ဆေးနိုင်မှု မရှိတဲ့အခန်းတွေ ကျန်နေခဲ့တယ်လို့ အပိုင်း ၁ ကြီးကြပ်ရေးကော်မတီထံကသိရပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေဖြစ်တဲ့၊ နိုင်ဂျီးရီးယား၊ ကင်မရွန်း၊ အိုင်ဗရီကို့စ် နိုင်ငံသားတွေမှာ မြန်မာနိုင်ငံအတွင်းနေထိုင်နိုင်မယ့် အထောက်အထား တစ်စုံတစ်ရာမတွေရှိတာ၊ နိုင်ငံကူးလက်မှတ်မရှိတာ၊ ဖောင်စီလို့ခေါ်တဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေမှာ ရေးသွင်းရတဲ့ အချက်အလက်ဖောင်တွေကို မဖြည့်သွင်းသလို၊ အသိပေးမှုမရှိနေထိုင်တာ အစရှိတာတွေကို သိရှိရတယ်လို့ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ရဲစခန်းက တာဝန်ကျရဲအရာရှိက ဘီဘီစီကို ဇွန်လ ၂၅ရက် မနက်ပိုင်းက ပြောပါတယ်။
လက်ရှိမှာတော့ လဝက ဆိုင်ရာစစ်ဆေးမှုတွေကို ဆက်လုပ်နေပြီး လဝကအက်ဥပဒေနဲ့ အရေးယူဖို့အတွက်လည်းပြင်ဆင်နေတယ်လို့ မရမ်းကုန်း ဘုရင့်နောင်ရဲစခန်းကသိရပါတယ်။
အခုလိုဖမ်းဆီးမှု မတိုင်ခင် တစ်လလောက်ကလည်း လဝကနဲ့ ရဲတို့ဝင်ရောက်စစ်ဆေးခဲ့ပေမယ့် နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးနဲ့ မြန်မာအမျိုးသမီးတစ်ဦးတို့ကိုသာ မူးယစ်ဆေးဝါးတွေနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။
အခုလိုအထောက်အထားမဲ့ နိုင်ငံခြားသားတွေနေထိုင်နေတာကို အိမ်ရာကြီးကြပ်ရေးအဖွဲ့တွေက လွန်ခဲ့တဲ့ လပိုင်းတွေကပင် ရန်ကုန်တိုင်း လဝကနဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဝန်ကြီးနဲ့တွေ့ဆုံခွင့်ရတဲ့ လူထုတွေ့ဆုံပွဲမှာ တိုက်ရိုက်တင်ပြခဲ့ဖူးပေမယ့် ဖမ်းဆီးမှုတွေကိုတော့ အခုမှ လုပ်ဆောင်တာဖြစ်တယ်လို့လည်း အပိုင်း ၂ အိမ်ရာကြီးကြပ်ရေးကော်မတီထံကသိရပါတယ်။











