မောင်တောတောင်ပိုင်းတိုက်ပွဲ နယ်ခြားစောင့်ရဲ ၃ ဦးနဲ့ ကားသမားတစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မောင်တော-အငူမော်ကားလမ်း ကိုးတန်ကောက် ကျေးရွာအနီးမှာ ဇွန်လ၂၂ ရက်နေ့ညနေပိုင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို အေအေအဖွဲ့ကနေ ချောင်းမြောင်းပစ်ခတ်တဲ့အတွက် နှစ်ဘက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြတယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီပစ်ခတ်မှုဟာ ဇွန်လ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်လောက်မှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာခဲ့ကြတဲ့ ကားသုံးစီးကို အေအေဘက်ကနေ သဝင်ချောင်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်တာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုမတိုင်မီမှာလည်း တပ်မတော်စစ်ကြောင်းတစ်ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နေရာဟာ မောင်တောမြို့နယ်အဆုံး ရသေ့တောင်မြို့နယ်နဲ့အစပ်နေရာမှာရှိတဲ့ သဝင်ချောင်ကျေးရွာနေရာမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃ ဦးနဲ့အရပ်သားတစ်ဦးသေဆုံးကာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးနဲ့ အရပ်သား တစ်ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint lwin
ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ အရပ်သားတွေကတော့ ကားသမားတွေဖြစ်ကြပြီး သေဆုံးသူမှာ စစ်တွေမြို့နယ် ပျားလည်ချောင်းကျေးရွာက ကားဒရိုင်ဘာ ဦးစောမျိုးအောင်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ယာဉ်နောက်လိုက်ဖြစ်ကြောင်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကပြောပါတယ်။
အင်းဒင်နယ်ခြားစောင့်စခန်းကနေ ရဲတပ်ဖွဲ့ဝင်တွေဟာ အဲ့ဒီလမ်းမှာသွားလာနေတဲ့ အရပ်ဖက်ကားတွေကိုအသုံးပြု သွားလာခဲ့တာ ဖြစ်တဲ့အတွက် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရပ်သားတွေထိခိုက်သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မနေ့ကညနေပိုင်း ၅ နာရီခွဲလောက်မှာ ကိုးတန်ကောက်နဲ့ သဝင်ချောင်းအကြားမှာဖြစ်တယ်လို့ကြားပါတယ်။ သူတို့က ခရီးသည်ကားတွေနဲ့သွားတယ်။ အဲ့ဒီမှာမိုင်းကွဲတယ်လို့ကြားတယ်။ နယ်ခြားစောင့်က သုံးယောက်ထိတယ်။ ပြီးလို့ရှိရင် ဒရိုင်ဘာတစ်ယောက်ထိတယ်လို့ကြားတယ်ဗျ။"လို့ ဦးမောင်အုန်းက ပြောပါတယ်။
မောင်တော-အငူမော်လမ်းမတစ်လျှောက်မှာ ရှိနေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်းမှာ အရပ်သားကားတွေ၊ ခရီးသည်ကားတွေကို အသုံးပြုသွားလာနေတာကိုတွေ့နေရတယ်လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပြီး နောက်ပိုင်းမှာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာ လက်နက်ကြီး ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။
အဲ့ဒီတိုက်ခိုက်မှုဟာ မောင်တော-အငူမော်ကားလမ်းမပေါ်မှာဖြစ်ပွားခဲ့ကြတာဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းမှာတော့ သွားလာနေတဲ့ကားတွေလည်း ရပ်နေခဲ့ကြရပြီး ဇွန်လ ၂၃ ရက်မနက်ပိုင်းမှ ပြန်လည်သွားလာခွင့်ရရှိခဲ့ကြတယ်လို့ ချိန်ခါလီ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
တိုက်ခိုက်ခံလိုက်ရတဲ့အတွက် တပ်မတော်ဘက်က အရာရှိတချို့လည်း ကျဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး တပ်မတော်ဘက်က ထိခိုက်ကျဆုံးတာရှိမရှိ အတည်ပြုချက်ရရှိနိုင်ဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။
ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းမှာ အင်းဒင်နယ်ခြားစောင့်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ အရပ်ဖက်ကားသုံးစီးကို အသုံးပြုစီးလာခဲ့ကြရာ သဝင်ချောင်းကျေးရွာဟောင်းနေရာကိုအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့်ကားနှစ်စီးထိခိုက်ပျက်စီးခဲ့ပြီး တစ်စီးကတော့ လမ်းဘေးချောက်ထဲကို ထိုးဆင်းနေတာကိုတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ကားဒရိုင်ဘာ ဦးစောမျိုးအောင်ဟာ မောင်တော-အငူမော်လမ်းမှာ ကုန်စည်သယ်ယူပို့ ဆောင်ရေးလုပ်ငန်းတွေမှာ ကုန်ပို့တဲ့ကားကို မောင်းနေသူဖြစ်ကာ မနေ့က သူ့ကား မောင်တောကနေ အပြန်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အဲ့ဒီကားတွေနဲ့ လိုက်လာခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။
သေဆုံးသူ ကားဒရိုင်ဘာရဲ့အလောင်းကိုတော့ ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ကရုဏာကွန်ရက်နာရေးကူညီမှုအဖွဲ့မှ သွားရောက်ယူဆောင်ခဲ့ပြီး မောင်တောဆေးရုံကို ၁၂ နာရီကျော်မှာရောက်ရှိလာခဲ့ပြီဖြစ်ပြီး နေ့လည်ပိုင်းမှာတော့ မောင်တောသုဿန်မှာ မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ပါတယ်။
တပ်မတော်နဲ့ အေအတို့အကြား တစ်နှစ်ခွဲအကြာ ရခိုင်တိုက်ပွဲအတွင်းမှာ အေအေဘက်ကနေပြီးရဲတပ်ဖွဲ့စခန်း တွေကို မကြာခဏတိုက်ခိုက်တာတွေရှိနေပြီး ဇွန်လ ၁၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ဒုံးပိုက်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခဲ့သလို မေလ ၂၉ ရက်နေ့မှာလည်း သဇင်မြိုင်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာဘူးသီးတောင်မြို့နယ်အတွင်းက ကထီးလှစခန်း၊ ငမြင်းဘော်စခန်း၊ ဂုပ္ပီစခန်း၊နဲ့ ကျောင်းတောင်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မတ်လ ၉ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲကင်းစခန်း၊ ဧပြီ ၁၀ ရက်နေ့မှာ မြောက်ဦးက ရဲတပ်ရင်းတို့တိုက်ခိုက်ခံလိုက်ရပြီး ဇူလိုင် ၁၆ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်အတွင်းက ညောင်ချောင်းရဲကင်းစခန်းတို့ တိုက်ခိုက်ခံခဲ့ရဖူးပါတယ်။








