သမ္မတဦးဝင်းမြင့် ရွေးကောက်ပွဲဝင်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဟာ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတုန်းက ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ရှိတယ်လို့ သက်ဆိုင်ရာ မြို့နယ်တွေကနေ ရွေးကောက်ပွဲဝင်ကြမယ့် အမည်မဖော်လိုသူ မြို့နယ်အလုပ်အမှုဆောင်တွေထံက သိရပါတယ်။
ဦးဝင်းမြင့် ဝင်ပြိုင်တဲ့နေရာတွေမှာဆိုရင် သူတို့နဲ့ ယှဉ်ပြိုင်ရွေးချယ်ဖို့ တင်ကြတဲ့ လျှောက်လွှာတင်သူ တစ်ဦးတစ်ယောက်မှ မရှိဘူးလို့လည်း သူတို့ဆီကသတင်းတွေအရ သိရပါတယ်။
ဦးဝင်းမြင့်ရဲ့ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အတွက် ကိုယ်စားလှယ်လောင်း လျှောက်လွှာကို ဇွန်လ ၁၅ ရက်နေ့က လက်ခံရခဲ့ပြီး ပြည်သူ့လွှတ်တော်အတွက် ဒီမြို့နယ် မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွင်းက ယှဉ်ပြိုင်ရွေးချယ်ဖို့ လျှောက်ထားသူ မရှိဘူးလို့ တိုင်းလွှတ်တော်အတွက် တာမွေမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေသူ တစ်ဦးက ပြောပါတယ်။
အလားတူ ကော့မှူး မြို့နယ် ကိုယ်စားလှယ်လောင်း လျာထားချက် အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က မြို့နယ် ကိုယ်စားပြုပြီး ဝင်ပြိုင်ဖို့ ရှိတယ်လို့ ကော့မှူးမြို့နယ် အလုပ်အမှုဆောင် တစ်ဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။
ညနေပိုင်းမှာ ဘီဘီစီက တွေ့ရှိခဲ့ရတဲ့ စာရင်းမှာ ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော် နေရာ အတွက် ဒေါ်အောင်ဆန်းစုကြည် အမည် မပါဝင် ဘဲ အခြား အမျိုးသမီး တစ်ဦး ရဲ့ အမည်ကို အဆိုပြုထားတာ တွေ့ရပါတယ်။
ဇွန်လ ၁၅ ရက်နေ့ ဟာ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြို့နယ်အဆင့် အမတ်လောင်းတွေကို ရွေးချယ်တဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။
အဲဒီကနေမှတစ်ဆင့် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေကို ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့ အရောက် ပေးပို့ကြရတာလည်း ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေကတော့ ဒီလကုန်မှာ ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ပေးပို့ကြရမှာပါ။
နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ ဗဟို အလုပ်အမှုဆာင်အဖွဲ့က ဇူလိုင်လကုန်မှာ နောက်ဆုံးထား ဆုံးဖြတ်မယ်လို့လည်း ရွေးချယ်ခံရသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအမတ်လောင်းတချို့ထံက သိရပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ၂၀၁၉ ဇွန်လက ပြောခဲ့ ပါတယ်။
"ပါတီကိစ္စ လုပ်ငန်းတွေကတော့ သူတို့ ဘယ်လို ပါလာမလဲ ဆိုတော့ သူတို့ ဆုံးဖြတ်ရမှာပါ၊ တပြည်လုံးမှာ မဲဆွယ်ဖို့ ဆိုရင်တော့ အုပ်ချုပ်ရေးရဲ့ ထိပ်ပိုင်းတာဝန်တွေကို သူတို့စွန့်မှ ရမှာပါ " လို့လည်း ဒေါက်တာမျိုးညွှန့်က ပြောခဲ့ပါတယ် ။
ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် မဲဆန္ဒနယ်က ဝင်ပြိုင်ခဲ့သလို ဦးဝင်းမြင့်ကလည်း တာမွေ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ဝင်ပြိုင်ခဲ့ပါတယ်။








