ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ပါတီဗဟိုက သတိပေး
ကိုဗစ်-၁၉ ကူးစက်မှုကာလ အတွင်း ဗိုလ်တထောင်ဆိပ်ကမ်းမှာ လူစုလူဝေး လုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတိပေးလိုက်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို ပြောပါတယ်။
မေ ၃၁ ရက်နေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို ဗီဒီယို ကွန်ဖရန့်ကတစ်ဆင့် ပြောခဲ့တာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ရေး ထိန်းချုပ်ရေးနဲ့ တားဆီးရေး ဗဟိုအဖွဲ့က ထုတ်ပြန်တဲ့ အမိန့်ကြေညာချက်၊ စည်းကမ်းချက်၊ ထုတ်ပြန်ချက်တွေကို လေးစား လိုက်နာကြဖို့နဲ့ အဲဒီအတိုင်း ဆောင်ရွက်ကြဖို့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချူပ်တွေကို ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့က သတိပေးခဲ့တယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောကြောင်း နေပြည်တော်က ဘီဘီစီသတင်းထောက်က ပြောပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တိုင်းအစိုးရဟာ မေလ၂၄ ရက်က ဗိုလ်တထောင် ဆိပ်ကမ်းမှာ ရှင်ဥပဂုတ္တ ဖောင်တော် ရေချ မင်္ဂလာနဲ့ ဗိုလ်တထောင်ဘုရား ဘက်စုံ ပြုပြင်မွမ်းမံမှု၊ အစ်မတော် မြနန်းနွယ် ကျောင်းဆောင် ပြုပြင်မွမ်းမံမှုတွေ လုပ်ရာမှာ လူစုလူဝေး ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေး ထိန်းချုပ်ရေး စည်းကမ်းချက်တွေကို မလိုက်နာဖူးဆိုပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ကိုဗစ်-၁၉ ကူးစက်မှု ကာလအတွင်း ဗိုလ်တထောင်ဆိပ်ကမ်းမှာ လူစုလူဝေး လုပ်ခဲ့သလားဆိုတာ ဖြေရှင်းချက်ပေးဖို့ တောင်းထားတဲ့အကြောင်း သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက သမ္မတရုံးရဲ့ မေလ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် လူ ၅ ဦးထက် မစုဖို့ ကျန်းမာရေးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားချိန်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဇနီးအပါအဝင် အစိုးရအဖွဲ့ဝင် တချို့ဟာ ဗိုလ်တထောင် ဆိပ်ကမ်းမှာ ရှင်ဥပဂုတ္တ ရေမျှောပွဲ လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဆောလျင်စွာ ဖြေရှင်းဖို့ တောင်းခံထားတယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဦးဖြိုးမင်းသိန်းကို CECက နူတ်နဲ့ သတိပေးတာပါ၊ နောင်ဆိုရင် ဗဟိုက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်းကို လိုက်နာဖို့ ဆိုတာပါ လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောခဲ့ပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ်တွေအားလုံး ကိုဗစ်-၁၉ ကာလမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြဖို့ကိုလည်း သတိပေးခဲ့တယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ဝင်တွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ဖောက်ဖျက် ကျူးလွန်တယ်ဆိုပြီး အရေးယူပေးဖို့ တောင်ဒဂုံမြို့နယ်နေ ဦးစည်သူမြင့် ဆိုသူက ဗိုလ်တထောင်မြို့မ ရဲစခန်းမှာ မေ ၂၉ ရက်က လာရောက် အမှုဖွင့် ခဲ့ပါတယ်။
ရန်ကုန်က ဗိုလ်တထောင်ဘုရားမှာ မေလ ၂၄ ရက်က ရှင်ဥပဂုတ္တ မထေရ်မြတ် ရေချပူဇော်ပွဲ အခမ်းအနားကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဥပဒေချုပ်၊ ရန်ကုန်မြို့တော်ဝန် အပါအဝင် အစိုးရအဖွဲ့ဝင်တချို့ တက်ရောက်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ ကိုဗစ်ကြောင့် ချမှတ်ထားတဲ့ ညွှန်ကြားချက်နဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ရာရောက်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီး ဝန်ကြီးချုပ်ကတော့ ဥပဒေမဲ့ စွပ်စွဲမှုတွေသာ ဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ထားပါတယ်။
မေလ ၂၉ ရက်မနက် အမှုဖွင့်တဲ့ ဖြစ်စဉ်မှာတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့် မရခဲ့ဘူးလို့ ဦးစည်သူမြင့်က ပြောခဲ့ပါတယ်။
ဧပြီလ ၁၉ ရက်နောက်ပိုင်း အစိုးရက ညွှန်ကြားထားချက်အရ ကိုဗစ်ကာလ ညွှန်ကြားချက်တွေကို ဖောက်ဖျက်မှုတွေနဲ့ ပတ်သက်လို့ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့သာ အရေးယူရမယ် ဆိုတာ ရှိနေတယ်လို့ ရဲစခန်းကပြောကြောင်း ကာယကံရှင် ဦးစည်သူမြင့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။