ဥရောပ ထိပ်တန်းဘောလုံးပွဲတွေ ပြန်စလာတော့ မမြင်ရဖူးသေးတဲ့ အသွင်သစ်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဥရောပ ထိပ်တန်းဘောလုံးကလပ်အသင်း ဘောပွဲတွေ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့တဲ့အရေးကြောင့် ရပ်ထားရတာ ၂ လ ကျော်နေလာခဲ့တဲ့နောက် မေလ ၁၆ ရက်နေ့ (စနေနေ့) မှာတော့ ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ်သင်းတွေ ပြန်ကန်ပါပြီ။
ဒါဥရောပမှာ ထိပ်တန်းကလပ်ပွဲတွေထဲ ပထမဆုံးပြန်ကန်တဲ့ပွဲတွေပါ။
ပြီးခဲ့တဲ့သီတင်းပတ် အကုန် မှာ တောင်ကိုရီးယားက K League ကလပ်အသင်းတွေ ပြန်စပြီးကန်ခဲ့ကြတယ်၊ ဘေလာရုစ်နဲ့ နီဂါရာဂွာမှာလည်း ကလပ်အသင်းပွဲတွေ အစကတည်းက မရပ်ပဲ ကန်နေခဲ့တာပါ။
ဂျာမနီကလပ်သင်းကွင်းတွေပြန်ဖွင့်တဲ့ စနေနေ့မှာ ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲ ၆ ပွဲကန် ခဲ့ပါတယ်။
မေ ၂၀၂၀ ဘောလုံးပွဲတွေမှာ ဘောပွဲကြည့်ပရိတ်သတ်တွေကိုတော့ ကွင်းထဲလာကြည့်ဖို့ ခွင့်မပြုသေးပါဘူး၊ ဒါပေမဲ့ ဘောပွဲကို တိုက်ရိုက်တီဗွီထုတ်လွှင့်ပြသတာကြောင့် ကမ္ဘာတဝန်းက လူသန်းပေါင်းများစွာကြည့်ရှုနိုင်ခဲ့ကြပါတယ်။
လူတွေခပ်ခွာခွာနေရမယ့် စည်းမျဉ်းတွေလိုက်နာရမှာ ဆိုတော့ ကွင်းထဲမှာကော ဘယ်လိုတွေတွေ့ရမှာပါလဲ။
အပူချိန်တိုင်းတယ်၊ ကားတွေအများကြီးခွဲလာရ၊ ဘောလုံးကို ပိုးသတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘောပွဲဆီကို ကန်ဖို့လာကြတဲ့ အားကစားသမားတွေ ကားပေါ်မှာ ခပ်ခွာခွာထိုင်ရတာမို့ သူတို့ကို သယ်လာတဲ့ ဘတ်စ်ကားတွေက အရင်ကထက် ပိုများပါတယ်။
အသင်းပိုင် ဟိုတယ်တွေမှာ ကစားသမားတွေ၊ ဝန်ထမ်းတွေ သီတင်းတပတ်လုံး ကွာရန်တင်း ဝင်ခဲ့ရသလို၊ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ မရှိလည်း အမြဲစစ်ဆေးပါတယ်။
ဘတ်စ်ကားကနေ ကွင်းထဲကိုဝင်ရင် သူတို့ နှာခေါင်းစည်းတွေ တပ်ထားကြပါတယ်။
အားကစားကွင်းကြီးထဲ လာကြမယ့် ဝန်ထမ်းတွေကော၊ မီဒီယာသမားတွေကော ကိုယ်အပူချိန် မြင့်တာရှိမရှိ စစ်ဆေးခံရပါတယ်။
ပရိသတ်တွေကိုလာခွင့် ပိတ်ထားသလို၊ ရဲတွေကလည်း ကွင်းအပြင်ကပတ်ပြီး စည်းကမ်းထိန်းပါတယ်၊ အားကစားရုံကြီးထဲကို စုစုပေါင်း လူ ၂၁၃ ယောက်ပဲ ဝင်ခွင့်ပေးတဲ့အထဲမှာ ဘောကွင်းထဲကို ဝင်လို့ရတာက ၉၈ ယောက်၊ ခုံတန်းတွေမှာပဲနေရတာက ၁၁၅ ယောက်ပါ။
တခါ အားကစားရုံကြီး ပြင်ပမှာ လုံခြုံရေးလုပ်ဖို့၊ VAR တာဝန်ယူဖို့ လူက နောက်ထပ် ၁၀၉ ယောက်ရှိပါတယ်။
ပွဲတပွဲမှာ သုံးမယ့် ဘောလုံး အလုံး ၃၀ ကို ဘောကောက်လေးတွေက ပိုးသတ်ဆေးနဲ့ ပွဲမစခင် ပိုးသတ်တယ်၊ ပွဲလယ်အနားပေးချိန်မှာလည်း တခါ ထပ်ပိုးသတ်ပါတယ်၊ နောက်ပြီး သူတို့ကနေတိုက်ရိုက် ဘောလုံးကို ဘောသမားတွေဆီ ပြန်ပစ်မပေးပါဘူး၊ သတ်မှတ်တဲ့နေရာမှာပဲ ဘောလုံးကို ထားထားပေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အရန်ဘောသမားတွေ ခပ်ခွာခွာထိုင်ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အရန် ဘောလုံးသမားတွေ လူချဲပြီးထိုင်ရသလို၊ နှာခေါင်းစည်း လည်းတပ်ထားရ
ခုံတန်းတွေမှာ နည်းပြတွေနဲ့ အရန် ဘောလုံးသမားတွေ ခုံတွေအတော်များများ ကြားမှာလွှတ်ထားပြီး ခပ်ခွာခွာထိုင်ကြသလို၊ နှာခေါင်းစည်းတွေလည်း တပ်ထားကြပါတယ်။
နည်းပြမှူးချုပ်တွေကတော့ နှာခေါင်းစည်းတပ်တာ ကင်းလွတ်ခွင့်ပေးထားပါတယ်၊ ဒါမှ သူတို့ ဘောသမားတွေကို ဘယ်လိုလုပ်၊ ဘာလုပ်ဆိုတာကို အော်ပြီး ညွှန်ကြားနိုင်မှာပါ။
အရန်ဘောသမားတွေ သွေးပူလေ့ကျင့်ခန်း လုပ်ပြီဆိုရင်တော့ နှာခေါင်းစည်းကို ချွတ်ပြီး လုပ်ရပါတယ်၊ နေရာကို ပြန်ထိုင်ခါနီး နှာခေါင်းစည်း အသစ်တခုကိုတပ်ပြီးမှ ပြန်ထိုင်ရပါတယ်။
ပွေ့ဖက်ကြမယ့်အစား တံတောင်ချင်းတိုက် ဂုဏ်ပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images
တကယ်ကစားတဲ့အခါမှာတော့ အရင်တုန်းကလိုပါပဲ၊ တယောက်နဲ့တယောက် တွန်းတိုက်တာ၊ ဘောလုံးလုတာတွေလုပ်ရတော့ လူချင်းထိကြပါတယ်။
ဒါပေမယ့်ဂိုးသွင်းပြီးချိန် အောင်ပွဲခံကြရာမှာတော့ အရင်ကလို ဘောလုံးသမားချင်း ဖက်ကြ၊ ရမ်းကြမဟုတ်တော့ဘဲ တံတောင်ချင်းတိုက်လို့သာ ဂုဏ်ပြုအောင်ပွဲဆင်ကြပါတယ်။
ဒါပေမယ့်Hoffenheim အသင်းက Hertha Berlin အသင်းကို သုံးဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ပွဲမှာ Hoffenheimဘောသမားတွေ အရင်လိုပဲ ပွေ့ဖက်ဂုဏ်ပြုကြပါတယ်။
သူ့အသင်းက သူတို့ကို အရေးမယူပါဘူး၊ အောင်ပွဲခံရင် တယောက်နဲ့တယောက် မဖက်ဖို့ဆိုတာ ဂျာမန် လိခ်က ပေးထားတဲ့ လမ်းညွှန်ချက်ပါ၊ စည်းမျဉ်းချထားတာ မဟုတ်ပါဘူးတဲ့။
ပရိသတ်မရှိတော့ ကွင်းထဲမှာ အသံက မရှိသလောက်ပါ၊ ဘောသမားနဲ့ မန်နေဂျာ စကားပြောတာတောင် တီဗွီကြည့်တဲ့သူက ကြားလောက်နိုင်ပါတယ်။
အရံလူ ၅ ယောက်ထိ လဲနိုင်တဲ့ စည်းမျဉ်းလည်း စပါပြီ။
ခုံတန်းလွတ်တွေဆီကို လက်ခုပ်တီးအောင်ပွဲခံရင်း အပြေးသွားကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပွဲပြီးလို့ ဖိုင်နယ်ခရာ မှုတ်ပြီးတဲ့အချိန်မှာတော့ Borussia Dortmund ဘောလုံးသမားတွေ သူတို့ အမာခံ ပရိသတ်တွေ ထိုင်တတ်တဲ့ Yellow Wall (ခေါ်) တောင်ဘက်တန်း ပွဲကြည့်စင်ကို ထုံးစံအတိုင်းအပြေးသွားကြပါတယ်၊ လက်ခုပ်လည်း တီးရင်းပေါ့၊ အရင်ကတော့ အဲဒီမှာ ပရိသတ် ၂သောင်းခွဲလောက် ရှိတတ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘောသမားတွေနဲ့ ဒိုင်လူကြီးတွေ အရင်က လက်ဆွဲနှုတ်ဆက်ကြပေမယ့် အခုတော့ ဘောကန်ဖိနပ်အချင်းချင်းပဲ ထိတွေ့ကြပြီး နှုတ်ဆက်ပါတယ်။
ဘောသမားတွေ၊ မန်နေဂျာတွေ မီဒီယာနဲ့ အင်တာဗျူးတဲ့အခါမှာလည်း ခပ်ခွာခွာ နေတဲ့ စည်းမျဉ်းအတိုင်းပဲ သတင်းထောက်ရဲ့ မိုက်ကရိုဖုန်းကလည်း အတံရှည်နဲ့၊ လူကိုလည်း ကင်မရာက ခပ်ခွာခွာနေစေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘောလုံးပရိတ်သတ်တွေက ကွင်းကိုမလာကြဘူးလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပရီးမီးယားလိခ်ပြန်ကန်ရင် ကိုယ့်အိမ်ကွင်း၊ သူ့အိမ်ကွင်းမဟုတ်ပဲ ကြားကွင်းမှာ ကန်ရမှာပါ၊ ပရိတ်သတ်တွေ အားကစားကွင်းအပြင်မှာလာစုမှာကို ရှောင်ရှားနိုင်အောင် အဲဒီလို ပြင်ဆင်စီစဉ် နေတာပါ။
ဂျာမန် ကလပ်အသင်းတွေကန်တော့ ဒီပြဿနာမရှိဘူးလို့ဆိုပါတယ်၊ ကွင်းပြင်မှာ လူတွေလာမစုပါဘူး။
ရဲတွေက လူတွေလာစုမယ်ထင်ပြီး ဖြစ်လာနိုင်ခြေတွေကို ကြိုပြင်ထားပါတယ်၊ ဒါပေမယ့် အံ့ဩစရာပါပဲ၊ လူတွေ လာမစုခဲ့ပါဘူး၊ ရောဂါကူးမှာကို ရှောင်ရှားပြီး အဲဒီလို လူလာမစုခဲ့တာကို ဂျာမနီ ရဲတပ်ဖွဲ့ က ကြည့်ပြီး စိတ်ချမ်းသာရာရခဲ့တယ်လို့ ဆိုပါတယ်။
ပရိသတ်မဲ့၊ ပရိသတ်အသံမဲ့တဲ့ကွင်းမှာ ကစားသမားတွေက ဘောပွဲနွှဲရ၊ ပရိတ်သတ်ကဘောပွဲကို တီဗွီကပဲကြည့်ရ၊ ဒါတွေကို ကျင့်သားရဖို့တော့ လွယ်ကူဦးမှာ မဟုတ်ပါဘူး၊ အဆန်းကြီးပါ၊ ဒါကို ဖြည်းဖြည်းချင်းအကျင့်ရအောင် လုပ်သွားကြဖို့ တချို့က အတော်အချိန်ယူကြရဦးမှာလို့ သုံးသပ်တာတွေလည်း ရှိပါတယ်။








